Pages

Friday, February 7, 2014

သံသယဖျောက်၍ အမှန်ဘ၀ ရောက်အောင် ကြိုးစား


သံသယဖျောက်၍ အမှန်ဘ၀ ရောက်အောင် ကြိုးစား

လူသားတို့ သဘာဝကို ဂေါတမ မြတ်စွာဘုရား က ရောဂသုတ် ၌ ဟောကြား တော်မူခဲ့သည် မှာ '' ရုပ်ရောဂါ၊ စိတ်ရောဂါ ဟူ၍ နှစ်မျိုး ရှိကြသည်။ သို့သော် ရဟန္တာ ပုဂ္ဂိုလ်များမှ လွဲ၍ တစ်အောင့် တစ်ခဏမျှ စိတ်ရောဂါမှ ကင်းလွတ်သူ ဟူ၍ မြင်တွေ့ ရခဲကြောင်း '' ဟောကြား တော်မူ ခဲ့သည်။ ပုထုဇဉ်တို့ သဘာဝ စိတ်ရောဂါ ကိန်းအောင်း နေသည့် အနက် သံသယစိတ် သည် လူ့အဖွဲ့အစည်း ငြိမ်းချမ်း သာယာရေး အတွက် ကြီးမားသော အနှောင့်အယှက် ဖြစ်ကြောင်း ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာစုဝင်နှင့် သမိုင်းစဉ် အဆက်ဆက် တို့တွင် တွေ့နိုင်သည်။

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များတွင် တိုင်းရင်းသား ပြည်သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု တို့ နှစ်ခုစလုံး လိုအပ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ သည် ဒီမိုကရေစီ စနစ် ရှင်သန် အမြစ်တွယ် ခိုင်မာရေး အတွက် အမျိုးသား စီးပွားရေး စနစ်တစ်ရပ် ထူထောင်လျက် ရှိရာ စီးပွားရေး ဆိုင်ရာ မူဝါဒများကို အထွေထွေ ဖြေလျှော့မှုများ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာ ချေးငွေများ ရရှိရေး ညှိနှိုင်းမှုများ ကိုလည်း အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက် နိုင်ရန် ဥပဒေသစ် နှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

အမျိုးသား စီးပွားရေး စနစ် ထူထောင် ရာတွင် အစိုးရနှင့် ပြည်သူအကြား လူမှု အဖွဲ့အစည်း များနှင့် ပြည်သူလူထု အကြား နိုင်ငံသား တစ်ဦးနှင့် တစ်ဦးအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက် ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအား အစိုးရနှင့် လူထု အခြေပြု အဖွဲ့အစည်း များက ထိရောက်စွာ ဆောင်ရွက် နိုင်ရေး ရည်ရွယ် ကျင်းပသော တည်ငြိမ် အေးချမ်းသည့် နိုင်ငံတော် တည်ဆောက် ရေးတွင် လူထု အခြေပြု အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမ၌ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ လူမှု အရင်းအမြစ် နှင့် ပတ်သက်သည့် အရေးကြီး အချက်များမှ အချင်းချင်း ယုံကြည်မှု နိမ့်ပါးသည့် လူ့ အဖွဲ့အစည်း များတွင် တွေ့မြင် ရလေ့ရှိသော အားနည်းချက် များ ပြောကြား ရာ၌ '' မှန်ကန်သည့် လုပ်ရပ်များဖြင့် ကြိုးပမ်းမှု များကိုပင် ကိုယ်ကျိုး စီးပွား ရှေ့တန်း တင်ပြီး လိုရာဆွဲ ပုံဖော်ခြင်း၊ အစဉ်အမြဲ ရှင်သန် နေရန် လိုအပ်သော အယူအဆ သစ်များ၊ အတွေးအခေါ် သစ်များကို လက်မခံဘဲ ရှေးရိုးကျပြီး အစွန်းမလွတ် သည့် အတွေး အခေါ်ဟောင်း များကို ကိုင်ဆွဲ ထားလေ့ ရှိခြင်း၊ အထွေထွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြိုးပမ်း အားထုတ်မှု များ၏ အားနည်းချက် များ၊ လိုအပ်ချက် များကို အဆိုးမြင် အပြစ်ပြောခြင်း ဆိုသည့် ရပ်တည်ချက် များရှိခြင်း၊ အချင်းချင်း သတင်း အချက်အလက် များ မျှဝေ ဖြန့်ချိလိုခြင်း မရှိဘဲ သတင်း ထိမ်ချန်ပြီး အသာစီး ရရှိရန် ကြိုးပမ်းသည့် အတွက် ပွင့်လင်း မျှတသော ဆွေးနွေး ညှိနှိုင်း အဖြေရှာမှု များကို အဟန့်အတား ဖြစ်စေခြင်း ဆိုသည့် အားနည်းချက် များပင် ဖြစ်ပါကြောင်း '' ရှင်းလင်း ပြောကြားပြီး '' အချင်းချင်း ယုံကြည်မှု နိမ့်ပါးသော လူ့ အဖွဲ့အစည်း တစ်ရပ် အနေဖြင့် ယင်း သံသယ အမှောင်ထဲ မှ ရုန်းထွက် နိုင်ရန်၊ အချင်းချင်း ယုံကြည်မှု မြင့်မား စေသည့် အင်္ဂါရပ် များကို ပိုင်ဆိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း'' ဖြင့် ပြောကြား ခဲ့သည်။

သို့ဖြစ်၍ အချင်းချင်း သံသယစိတ် များ ပယ်ဖျောက်ကာ အားနည်းချက် များ၊ လိုအပ်ချက် များအား ထောက်ပြ ဝေဖန်ကြရာ ၌ အပြုသဘော ဖြင့် ဝေဖန် အကြံပြု ကြရန်နှင့် အသာစီးရရန်၊ ကြိုးပမ်းမှုများ ရှောင်ကြဉ် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( ၇-၂-၂၀၁၄ မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment