Pages

Sunday, February 16, 2014

လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့


လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့

ယနေ့ကာလတွင် နိုင်ငံတော် သည် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် များကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း သော ကျေးလက်နေ ပြည်သူ လူထုမှာ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်လျက် ရှိသည်။ ထို့ကြောင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ပြီး ဝင်ငွေ တိုးတက် ရရှိမှသာ ဆင်းရဲမှုကို သိသာစွာ လျှော့ချ နိုင်မည် ဖြစ်သည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အတွက် နိုင်ငံတော် သည် ပြုပြင် ပြောင်းလဲရေး (၅)ရပ် ဖြစ်သည့် တောင်သူ လယ်သမားများ ကိုယ်တိုင် တိုးတက် ကြီးပွား လိုသော စိတ်ဆန္ဒ ပြင်းပြပြီး ကိုယ်တိုင် ပါဝင် လုပ်ဆောင်ရေး၊ ဝင်ငွေ တွက်ခြေ ကိုက်မည့် သီးနှံအလိုက် အထွက်ကောင်း၊ မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရေး၊ ခေတ်မီ သိပ္ပံနည်းကျ စနစ်များ ပြောင်းလဲ ကျင့်သုံးရေး၊ မိုးရေ သောက်မှ ဆည်ရေသောက် လယ်ယာ စနစ်သို့ ပြောင်းလဲရေး၊ သမားရိုးကျ လယ်ကွက် ငယ်များ လက်မှု လယ်ယာမ စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲရေး တို့ကို စနစ်တကျ ဖော်ဆောင်လျက် ရှိသည်။

သီးနှံမျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးရန် အတွက် စပါး၊ နေကြာ၊ အစေ့ ထုတ်ပြောင်း၊ မြေပဲ၊ ကြံ နှင့် ဝါသီးနှံများ အတွက် အရည်အသွေး ကောင်း၊ အထွက်ကောင်း မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူး ပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးရေး သွင်းအားစု များဖြစ်သည့် ဓာတ်မြေသြဇာ များကို စွမ်းအင်ဝန်ကြီး ဌာနမှ ရောင်းချ ပေးလျက် ရှိသည်။

ယခင် လယ်ယာမြေ ဥပဒေအရ တောင်သူများ လယ်ယာမြေ လုပ်ပိုင်ခွင့် သာရှိခဲ့ပြီး ယခုအခါ လယ်ယာမြေ ဥပဒေသစ် အရ လယ်ယာမြေ ကို ပိုင်ဆိုင်ခွင့်ပါ ရရှိလာပြီ ဖြစ်သည်။ စိုက်ပျိုးရေ ရရှိရန် ဆည်မြောင်း၊ တာတမံများ၊ ရေပေးမြောင်း များကို တည်ဆောက် ပေးလျက် ရှိသည်။

လယ်ယာမြေ များမှ ထွက်ရှိသော သီးနှံများ လွယ်ကူစွာ သိမ်းဆည်း နိုင်ရန် အတွက်လည်း လက်တွန်း ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက် များ စသည့် လယ်ယာသုံး စက်ကိရိယာ များကို တောင်သူများ သုံးစွဲနိုင်ရန် အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးခြင်း၊ အသုံးပြု မောင်းနှင် နိုင်ရန် အခမဲ့ သင်တန်း ပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုကဲ့သို့ နိုင်ငံတော်မှ ဆင်းရဲမှု လျှော့ချရေး ကို စီမံ ဆောင်ရွက်လျက် ရှိသောကြောင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်၍ ဆင်းရဲမှု လျော့ကျ စေခဲ့သည်။ သို့သော် နိုင်ငံတကာ နှင့် ရင်ပေါင်တန်း အမီ လိုက်နိုင်ရန် ကြိုးစား ကြရဦးမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံတော်မှ ဆင်းရဲမှု လျှော့ချရေး ကို စီမံ ဆောင်ရွက်ရာတွင် တောင်သူ လယ်သမား များကလည်း တိုးတက် ကြီးပွား လိုသော စိတ်ဆန္ဒ ပြင်းပြပြီး ကိုယ်တိုင် အားကြိုး မာန်တက် ပါဝင် ဆောင်ရွက် ကြခြင်းဖြင့် အချိန်တို အတွင်း ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

(၁၆-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment