Pages

Tuesday, February 18, 2014

ဒီမိုကရေစီ ကျင့်စဉ်များကို ပွင့်လင်းရိုးသားမှုဖြင့် စောင့်ထိန်း


ဒီမိုကရေစီ ကျင့်စဉ်များကို ပွင့်လင်းရိုးသားမှုဖြင့် စောင့်ထိန်း

ဒီမိုကရေစီ စနစ်ကို နိုင်ငံရေးနှင့် စီးပွားရေး ပညာရှင် များက လေ့လာ ကြရာ၌ ဒီမိုကရေစီ စနစ်က စီးပွားရေး တိုးတက်မှုကို ဦးဆောင် သည်လော သို့မဟုတ် စီးပွားရေး တိုးတက်မှုက ဒီမိုကရေစီ စနစ်ကို ဦးဆောင် သည်လော ဆန်းစစ်ခဲ့ ကြသည်။ ဒီမိုကရေစီ သည် အကြောင်း တရားလော သို့မဟုတ် စီးပွားရေး တိုးတက်မှု သည် အကြောင်း တရားလော ဆိုသည်ကို လေ့လာရင်း ဤနှစ်ခု၏ ဆက်သွယ်မှု ကိုလည်း လေ့လာ ခဲ့သည်။

ဒီမိုကရေစီ သည် အကောင်းဆုံး စံနှုန်းမဟုတ်သည့် တိုင်အောင် အခြား စနစ်များထက် သာလွန်သော အချက်များ ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်နှင့် ရေးသားခွင့် စသည်များနှင့် လူတစ်ဦးချင်း စီ၏ တန်ဖိုး ကို အခြေခံ ထားသည်။ ဒီမိုကရေစီ သည် အစိုးရ တစ်ရပ်အတွက် အင်အား ဖြစ်စေပြီး ထိုအား ကပင် မျှတ၍ လွတ်လပ်စွာ ယှဉ်ပြိုင်မှု ကို ဖြစ်ပေါ် စေသည့်အကျိုးဆက် ကြောင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိ စေခဲ့ကြောင်း တွေ့ရသည်။

ဒီမိုကရေစီ စနစ်သည် မိမိ၏ ယုံကြည်ချက် နှင့် ထင်မြင် ယူဆချက် များကို လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ အသင်းအဖွဲ့ နှင့် အစည်းအရုံး များ ဖွဲ့စည်း ဆောင်ရွက်ခွင့်၊ မဲပေးပိုင်ခွင့်၊ ရွေးချယ်ခံ ပိုင်ခွင့်၊ နိုင်ငံရေး ပါတီ ထူထောင်ခွင့်၊ အစိုးရ သတင်းဌာန မှအပ ဖြစ်သည့် အခြား သတင်းဌာန များမှ သတင်းများ လွတ်လပ်စွာ ရယူ ပိုင်ခွင့်များ ရှိရမည် ဖြစ်သကဲ့သို့ ရပိုင်ခွင့် နှင့် တာဝန်ကို သိရှိခံယူသည့် လူ့ အဖွဲ့အစည်း လည်း ရှိရမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသား များ၏ မူလ အခွင့်အရေး နှင့် တာဝန်များ ဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ဤအချက် များကို ပြည့်စုံစွာ ပြဋ္ဌာန်း ထားပြီး ဖြစ်သည်။ပုဒ်မ ၃၅၄ ၌ နိုင်ငံသား တိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့် တရား အကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများ နှင့် မဆန့်ကျင်လျှင် ပြည်သူတို့ အနေဖြင့် ဤ အခွင့်အရေး များကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိကြောင်း အပိုဒ်ခွဲ(က)မှ (ဃ)အထိ ဖော်ပြ ထားသည်။

ဒီမိုကရေစီ ကျင့်စဉ်ကို နိုင်ငံရေး ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူ့ အာဏာကို ရယူ အသုံးပြုသော အဖွဲ့အစည်းများ၊ အခြား အဖွဲ့အစည်း များအတွင်း စနစ်တကျ မှန်မှန် ကန်ကန် စည်းကမ်းရှိရှိ ကျင့်သုံး ကြလျှင် ထို အဖွဲ့အစည်း များသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး များ ရရှိကြပြီး ဖြစ်သည်။

ဒီမိုကရေစီ စနစ် ဖြစ်ထွန်း ရှင်သန်ရေး အတွက် စတုတ္ထမဏ္ဍိုင် သတင်း မီဒီယာ သမားများသည် မီဒီယာ အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ကြရာ၌ ပွင့်လင်း ရိုးသားမှုကို အခြေခံ၍ အပြန်အလှန် လေးစားမှု ရှိကြရမည် ဖြစ်သည်။ အမိ နိုင်ငံတော်နှင့် နိုင်ငံသားများ တိုးတက် အောင်မြင်မှုကို ရှေးရှု၍ စိတ်ကောင်း စေတနာရှိမှု၊ ဥပဒေ စည်းမျဉ်း စည်းကမ်း နှင့် ကျင့်ဝတ်များကို စောင့်ထိန်းမှု တို့ ရှိကြရမည် ဖြစ်သည်။ စတုတ္ထမဏ္ဍိုင် တာဝန် ကျေပွန်မှု၊ အချင်းချင်း ညှိနှိုင်း ပေါင်းစပ်ခြင်း နှင့် ပူးပေါင်း ဆောင်ရွက်မှု တို့ကိုလည်း စနစ်တကျ ဆောင်ရွက် နေကြရမည် ဖြစ်သည်။

သို့ဖြစ်၍ မြတ်နိုးဖွယ် ကောင်းသော ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်း တည်ဆောက် နေသော ကာလဖြစ်သည့် အားလျော်စွာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသား အားလုံး တို့သည် ဒီမိုကရေစီ ကျင့်စဉ်များကို ပွင့်လင်း ရိုးသားမှု အခြေခံဖြင့် လိုက်နာ စောင့်ထိန်း ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( ၁၈-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment