Pages

Wednesday, February 19, 2014

ရေသုံးစွဲမှု နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးကို ပြည်သူများ အမျိုးသားရေး အသိဖြင့် ၀ိုင်းဝန်းကူညီ


ရေသုံးစွဲမှု နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးကို ပြည်သူများ အမျိုးသားရေး အသိဖြင့် ၀ိုင်းဝန်းကူညီ

လူတို့ နေထိုင်ရာ ကမ္ဘာကြီးတွင် ရေထုသည် ကုန်းမြေထက် များပြား သော်လည်း ထိုရေထုတွင် လူတို့ အသုံးပြု နိုင်သည်မှာ တစ်ရာခိုင်နှုန်း သာရှိသည် ဟု သိရသည်။ ယနေ့ ကာလတွင် ကမ္ဘာ့ လူဦးရေ သည် သန်းပေါင်း ခုနှစ်ထောင်ကျော် ရှိနေပြီး နေ့စဉ်နှင့် အမျှ တိုးပွား နေသည့် လူဦးရေ အတွက် စားနပ် ရိက္ခာ စိုက်ပျိုးရန် လိုအပ် သကဲ့သို့ စိုက်ပျိုးရာတွင် အသုံးပြုသည့် ရေလုံလောက် စွာ ရရှိရန်လည်း လိုအပ် ပေသည်။

လူတို့ အသုံးပြု နိုင်သည့် ရေအရင်းအမြစ် များမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ် လာသည့် ရာသီဥတု ဖောက်ပြန်မှု နှင့် ရေကို မဆင်မခြင် သုံးစွဲ ဖြုန်းတီမှု များကြောင့် ရှားပါးလာပြီး ယခုအခါ ကမ္ဘာ့ လူဦးရေ ၏ ၄၀ ရာခိုင်နှုန်း သည် ရေရှားပါးမှု နှင့် ရင်ဆိုင် နေကြရသည်။

ခရစ် သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ လူဦးရေ ၏ သုံးပုံ နှစ်ပုံ သည် သောက်သုံးရေ ရှားပါးမှု နှင့် ကြုံတွေ့ နိုင်ကြောင်း ရေအရင်းအမြစ် ပညာရှင် များက ခန့်မှန်း ထားကြသည်။ ရေရှားပါးခြင်း ကြောင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက် နိုင်မှု မရှိခြင်း ၊ စားနပ် ရိက္ခာ ထုတ်လုပ်မှု လျော့ကျခြင်း ၊ ရေရှား၍ လူတို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက် နိုင်မှု နည်းပါးခြင်း တို့ကြောင့် ကျန်းမာရေး ချို့တဲ့ခြင်း စသည့် လူမှု စီးပွား ဘ၀ နောက်ကျမှု တို့ကို ဖြစ်ပေါ် စေသည်။

နိုင်ငံတော် အနေဖြင့် လူဦးရေ တိုးတက် လာမှုနှင့် အတူ လူနေအိမ်ခြေ တိုးတက်လာမှု ၊ စိုက်ပျိုးမြေ တိုးတက်လာမှု နှင့် ရေအသုံးချမှု မြင့်တက် လာခြင်းတို့ အတွက် တစ်အုပ် တစ်မ သစ်ပင် စိုက်ပျိုးရေး စီမံချက်များ ၊ ဆည်မြောင်း တာတမံ စီမံကိန်းများ ၊ မြစ်ရေတင် စီမံကိန်းများ ချမှတ် ဖော်ဆောင်ခြင်း ၊ တိုးပွား လာသည့် လူဦးရေ အတွက် ကျေးရွာ စီမံချက်များ ရေးဆွဲပြီး စနစ်တကျ နေရာ ချထားခြင်း ၊ ရေရှားပါး သည့် ဒေသများသို့ ရေဖြန့်ဝေ ပေးခြင်း ၊ သောက်သုံး ရေကန် ၊ ရေတွင်းများ တူးဖော်ခြင်း စသည်တို့ကို ပြည်သူတို့ အကျိုးအတွက် ဆောင်ရွက် ပေးလျက် ရှိသည်။

သို့ရာတွင် ကမ္ဘာနှင့် အ၀န်း ကြုံတွေ့ နေရသည့် သဘာဝ ရာသီဥတု ဖောက်ပြန်မှု နှင့် ရေရှားပါးမှု ကို မြန်မာနိုင်ငံ ၌ နိုင်ငံတော် မှ ဦးဆောင် ဖြေရှင်း ဆောင်ရွက် ပေးလျက် ရှိသကဲ့သို့ ရေသုံးစွဲမှု နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး ကို ပြည်သူများ ကလည်း အမျိုးသားရေး အသိဖြင့် ၀ိုင်းဝန်း ကူညီ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

No comments:

Post a Comment