Pages

Sunday, January 12, 2014

မှန်စက်ရုံ (ကျောက်ဆည်) က လေကာမှန် ၊ အဆောက်အအုံမှန် ၊ လုံခြုံရေးမှန် နှင့် ကျည်ကာမှန်များ တန်ဖိုးမြှင့် ထုတ်လုပ်သွားမည်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် 
အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးစဉ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် 
အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် 
မှတ်တမ်းတင် ဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၁၂-၁-၂၀၁၄

စက်မှုဝန်ကြီး ဌာန ၊ အမှတ်(၃) အကြီးစား စက်မှု လုပ်ငန်းအောက်ရှိ အမှတ်(၃၆) အကြီးစား စက်ရုံ (ကျောက်ဆည်) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည် စက်မှု နယ်မြေရှိ အဆိုပါ စက်ရုံ အ၀င်မုခ်ဦး ၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အားပေးသည်။

ဖွင့်ပွဲ အခမ်းအနား သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ၊ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း ၊ ဦးမြင့်လှိုင် ၊ ဦးဝင်းထွန်း ၊ ဦးခင်မောင်စိုး ၊ ဦးမောင်မြင့် နှင့် ဦးကျော်လွင် ၊ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၊ တိုင်းမှူး ၊ ဒုတိယ ၀န်ကြီးများ ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဖိတ်ကြား ထားသူများ ၊ စက်ရုံဝန်ထမ်း များနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း နှင့် ဦးမောင်မြင့် ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် တရုတ်နိုင်ငံ CAMCE ကုမ္ပဏီ မှ Assistant President တို့က အမှတ်(၃၆) အကြီးစား စက်ရုံ (ကျောက်ဆည်) ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင် များသည် ဖွင့်ပွဲ အထိမ်းအမှတ် မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ က စက်ရုံကမ္ပည်း ကျောက်စာကို ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင် များနှင့်အတူ အမွှေး နံ့သာရည်များ ပက်ဖျန်း ပေးသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတ နှင့် အဖွဲ့ဝင် များသည် စက်ရုံအတွင်း ခေတ်မီမှန် အမျိုးမျိုး ထုတ်လုပ်နေ မှုကို လှည့်လည် ကြည့်ရှုပြီး ရှုရပ်မှနေ၍ စက်ရုံ ဝန်းကျင်ရှိ ကုန်ကြမ်း ထုတ်လုပ် ရရှိသည့် နေရာများကို ကြည့်ရှု စစ်ဆေးသည်။

အမှတ်(၃၆) အကြီးစား စက်ရုံ (ကျောက်ဆည်) သည် ကျောက်ဆည်မြို့ အရှေ့ဘက် (၅)မိုင် ခန့်အကွာ စက်မှုနယ်မြေ ရှိ ယင်းစွဲတောင် အနီးတွင် တည်ရှိပြီး နိုင်ငံတကာ အဆင့်မီ မှန်အမျိုးမျိုး ကို ထုတ်လုပ် ပေးသည့် စက်ရုံကြီး ဖြစ်သည်။

စက်ရုံအနေဖြင့် မှန်ထုတ်လုပ် ရာတွင် နောက်ဆုံးပေါ် နည်းစနစ် ဖြစ်သည့် Float Glass Process ဖြင့် ထုတ်လုပ်လျက် ရှိပြီး ယင်း ထုတ်လုပ်နည်း သည် သံဖြူရည်ပေါ် တွင် မှန်ရည်များကို ဖြတ်သန်း စီးဆင်းစေပြီး ထုတ်လုပ်ခြင်း ဖြစ်သဖြင့် မှန်မျက်နှာပြင် တွင် လှိုင်းတွန့်များ မဖြစ်ပေါ်ဘဲ ညီညာ ပြန့်ပြူးခြင်း ၊ အထူအပါး တိကျခြင်း ၊ လေခိုပေါက် လုံးဝမရှိခြင်း စသည့် အရည်အသွေး ကောင်းမှန်များ ကို ထုတ်လုပ် နိုင်သည်။ စက်ရုံမှ ကားလေကာမှန် ၊ အဆောက်အအုံမှန် ၊ လုံခြုံရေးမှန် ၊ ကျည်ကာမှန်များ အဖြစ် အသုံးပြုနိုင်သည့် လွှာထပ်မှန် ( Laminated Glass ) ၊ အားဖြည့်မှန် ( Tempered Glass ) ၊ ကြည့်မှန် ( Mirror Glass ) များကို တန်ဖိုးမြှင့် ဆက်လက် ထုတ် လုပ်မည် ဖြစ်သည်။

တစ်နေ့ တန်(၁၅ဝ)ကျ အဆိုပါ မှန်စက်ရုံကို တရုတ်နိုင်ငံ CAMCE ကုမ္ပဏီ လီမိတက်က ၂ဝဝ၉ ခုနှစ် က စတင် တည်ဆောက် ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အဆင့်မြင့် ကုန်ချောမှန်များ စတင် ထုတ်လုပ် နိုင်ခဲ့သည်။ စက်ရုံမှ တစ်နှစ်လျှင် အရောင်မှန် ( Color Glass ) တန် (၁၇၇ဝဝ)နှင့် မှန်အကြည် ( Clear Glass ) တန် (၂၅ဝဝဝ) တန် စုစုပေါင်း တန်ချိန် (၄၂၇ဝဝ) ထုတ်လုပ်ရန် ရည်မှန်း ထားသည်။ စက်ရုံအတွက် အဓိက လိုအပ်သည့် သဲကုန်ကြမ်းကို စက်ရုံအနီးရှိ ယင်းစွဲတောင် မှ ထုတ်ယူ ရရှိသည်။

စက်မှုဝန်ကြီး ဌာန အနေဖြင့် ၁၉၇၇ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့၌ တစ်ရက် တန်(၃ဝ)ကျ မှန်စက်ရုံကို တည်ဆောက် ခဲ့ပြီး မှန်များ ထုတ်လုပ်ခဲ့သည်။ ယင်းစက်ရုံမှ ထုတ်လုပ်သော မှန်များ၏ အရည်အသွေး မှာ ယင်း ခေတ်ကာလ အချိန်က ကောင်းမွန် သော်လည်း ယခုအချိန် တွင် ပြောင်းလဲ လာသော နည်းစနစ် နှင့် တိုးတက် လာသော ခေတ်မီ စက်ကိရိယာ များဖြင့် ထုတ်လုပ်သည့် မှန်များ၏ အရည်အသွေးကို မယှဉ်ပြိုင် နိုင်တော့ သဖြင့် နောက်ဆုံးပေါ် နည်းစနစ် ဖြစ်သည့် Float Glass Process ဖြင့် ထုတ်လုပ်သည့် ဤ မှန်စက်ရုံ စီမံကိန်းကို အကောင် အထည်ဖော် ခဲ့ခြင်းဖြစ်သည်။ စက်ရုံမှ ထုတ်လုပ်သည့် မှန်အရည်အသွေး မှာ အဆင့်မီ ကောင်းမွန်ပြီး ပြည်ပမှ တင်သွင်း လာသည့် မှန်များနှင့် ကောင်းစွာ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် အတွက် နိုင်ငံတစ်ဝန်း ရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သော မှန်များကို ဤစက်ရုံကြီးမှ ထုတ်လုပ် ဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment