Pages

Friday, January 24, 2014

ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်


ပညာရေးမြှင့်တင်မှု လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်

ပညာရေး ကဏ္ဍ၌ ပညာရေး အဆင့် မြှင့်တင်ခြင်း သည် ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေး တွင် အရေး အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကို စာတတ်သူများ ၊ အသိပညာ အတတ်ပညာ ကြွယ်ဝသူများ နှင့်သာ အောင်မြင်စွာ တည်ဆောက် ရယူနိုင်သည်။

ပညာရေး မြှင့်တင်မှု လုပ်ငန်းစဉ်သည် အနာဂတ် အတွက် ရင်းနှီး မြှုပ်နှံခြင်း ပင်ဖြစ်သည်။ ပညာရေး မြှင့်တင်မှု လုပ်ငန်းစဉ် လိုအပ်ရခြင်းမှာ မျက်မှောက်ခေတ် အခြေအနေ နှင့် အနာဂတ် အလားအလာ များအပေါ် မူတည်၍ ပညာရည် မြှင့်တင် ပေးခြင်းဖြစ်ရာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ရာ၌ အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည်။ ထိုသို့ ထူထောင်ရာ၌ လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက် နေသည့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေ သစ်များနှင့် ကိုက်ညီမှု ရှိရမည် ဖြစ်သည်။ ပညာရေး နယ်ပယ်မှာ ကျယ်ဝန်း နက်ရှိုင်းလှ သဖြင့် အခြေခံမှ စ၍ ပျိုးထောင် နိုင်စေရန် အတွက် ကလေးငယ်များ အားလုံး အခြေခံ ပညာ သင်ကြား နိုင်အောင် ကျောင်းသား ဗဟိုပြု သင်ကြားမှု စနစ်ဖြစ်အောင် ၊ အခြေခံ ပညာရေး စနစ်ပြုပြင် ပြောင်းလဲအောင် ပညာရေး နယ်ပယ်တွင် ပါဝင် ပတ်သက်သူ အားလုံး ကြိုးပမ်း အားထုတ်လျက် ရှိသည်။

ထိုနည်းတူ ပညာရေး အဆင့် မြှင့်တင်မှုတွင် အရေးပါသည့် ပုဂ္ဂလိက စာသင်ကျောင်းများ အများအပြား ပေါ်ထွန်း လာအောင် အားပေး ကူညီလျက် ရှိပြီး လိုအပ်သည့် ပုဂ္ဂလိကကျောင်း ဥပဒေ ကိုလည်း ပြဋ္ဌာန်း ပေးခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်၏ ပညာရေး ရည်မှန်းချက် အောင်မြင် စေရန်အတွက် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ နှင့် အံဝင်ခွင်ကျ ဖြစ်ရန်လည်း လိုသည်။ မျိုးဆက်သစ် လူငယ်များသည် အနာဂတ် အတွက် မျှော်လင့်ချက် ဖြစ်သကဲ့သို့ အနာဂတ် သည်လည်း မျိုးဆက်သစ်များ အတွက် အားထားရာ နေရာတစ်ခု ဖြစ်ရမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးရေး ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ၊ အလုပ်အကိုင် အခွင့်အလမ်း များအတွက် အာမခံချက် ရရှိရေး တို့အတွက် ပညာရေး အဆင့်မြှင့်တင်မှု ကို ထည့်သွင်း မျှော်မှန်း ဆောင်ရွက်လျက် ရှိသည်။ လာမည့် ဘတ်ဂျက်တွင်လည်း ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေ ခွဲဝေမှုကို တိုးမြှင့် သတ်မှတ် လျာထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အတွင်းမှ တက္ကသိုလ်များ နှင့် အမေရိကန်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊ ကိုရီးယားနိုင်ငံ ၊ စင်ကာပူနိုင်ငံ တို့မှ တက္ကသိုလ်များ ပညာရေး ပူးပေါင်း ဆက်သွယ် ဆောင်ရွက် မှုအတွက် ညှိနှိုင်း အကောင် အထည်ဖော် လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ ပညာရေး နယ်ပယ်မှ ပါဝင် ပတ်သက်သူ များနှင့် ကျောင်းသား ၊ ကျောင်းသူများ အနေဖြင့် အနာဂတ် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်၏
ပညာရေး မြှင့်တင်မှု လုပ်ငန်းစဉ် များတွင် ပါဝင်ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၂၄-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment