Pages

Wednesday, January 15, 2014

အသိတရား နှင့်ယှဉ် သတိတရား ဖြင့်ဆင်ခြင်


အသိတရား နှင့်ယှဉ် သတိတရား ဖြင့်ဆင်ခြင်

အယ်ဒီတာ့အာဘော်
( ၁၅-၁-၂၀၁၄ )

လောက လူသားတို့ သဘာဝ တစ်ဦးတည်း တစ်မိသားစုတည်း နေထိုင် ကြရသည် မဟုတ်ဘဲ အခြားသူများ နှင့် ပေါင်းသင်း ဆက်ဆံ၍ ဘဝ ရှင်သန် ကြရသည်။ 

လူအမျိုးမျိုးနှင့် နေ့စဉ် ကြုံတွေ့ နေကြ ရသည်တွင် မိတ်ဆွေနှစ်မျိုး ကိုရှာ၍ ပေါင်းသင်း ကြရန် ပညာရှိများက ညွှန်ပြ ထားသည်။ ပထမ တစ်မျိုးမှာ လောက လူသားတို့ အကျိုးစီးပွား ဖြစ်စေ တတ်သော လောကီ ဗဟုသုတ အကြားအမြင် တို့ကို ပေးသော မိတ်ဆွေ ၊  ဒုတိယ တစ်မျိုးမှာ လောကုတ္တရာ ချမ်းသာရေး အတွက် အကြားအမြင် ပေးသော မိတ်ဆွေဟူ၍ ဖြစ်သည်။ 

လူတို့ သဘာဝ ပေါင်းသင်း ဆက်ဆံရေးမှာ မိမိအတွက် မိတ်ဆွေ များများ မရှိသော်လည်း ရှိပြီးသော မိတ်ဆွေတို့ လျော့နည်း မသွားစေရန် အားထုတ် ရမည် ဖြစ်သည်။ လူသည် မိတ်ဆွေကောင်း တို့နှင့် ပေါင်းသင်း ဆက်ဆံ လိုသော် မိမိကိုယ်တိုင် က ပေါင်းချင်အောင် ကောင်းရ ပေမည်။ အကြောင်း ကောင်းအောင် ပြုမူပြောဆို ဆက်ဆံမှသာ မိတ်ဆွေကောင်း ရနိုင်မည် ဖြစ်သည်။ ပေါင်းသင်း ဆက်ဆံရေးတွင် မှန်သော စကားကို လေးနက် တည်ကြည်စွာ ပြောဆိုခြင်းသည် လွန်စွာ အရေးပါသည် ကို သတိရှိ ကြရန် လိုအပ်သည်။ ဖြစ်ရပ်မှန် တစ်ခုကို ချဲ့ကား၍ အခြားသူများ ထင်ယောင် ထင်မှား ဖြစ်စေသော အပြောအဆို မျိုးကို ရှောင်ကြဉ် ကြရန်လည်း လိုအပ်သည်။ 

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မိသားစု အတွင်း ဖြစ်ပွားသည့် မှုခင်း ဖြစ်စဉ် တစ်ခုအား လူမျိုးရေး ၊ ဘာသာရေး ဗန်းပြကာ ဆူပူလိုသူ တချို့က ယင်းဖြစ်စဉ် အပေါ် ပုံကြီးချဲ့၍ ကောလာဟလ များ ထုတ်လွှင့်ခဲ့ ကြသည်။ ယခင်က ဖြစ်ခဲ့ဖူးသော ဖြစ်စဉ်ကို ယခု လတ်တလော ဖြစ်နေ သယောင် ထင်ယောင်ထင်မှား ဖြစ်အောင် ရောထွေး ထုတ်လွှင့် ကြကြောင်း တွေ့ရသည်။ 

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တွင် လူတို့အတွက် စကားအရာ အင်္ဂါလေးတန် အဖြစ် ကောင်းစွာ ပြောဆိုခြင်း ၊ ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုခြင်း ၊ တရားနှင့်အညီ  ပြောဆိုခြင်း ၊ ဟုတ်တိုင်း မှန်ရာကိုသာ ပြောဆိုခြင်း ဟူ၍ စကားအရာ အင်္ဂါလေးပါး နှင့်အညီ ပြောဆိုကြရန် ဆုံးမ သွန်သင် ထားသည်။ 

ယနေ့ ၂၁ ရာစုခေတ်သည် ပညာခေတ် ဖြစ်သည့် အားလျော်စွာ ကမ္ဘာတစ်ဝန်း တွင် အရာရာကို ပညာဖြင့် စေစား၍ ဖွံ့ဖြိုး တိုးတက်မှု များကို ဖော်ဆောင်လျက် ရှိသည်။ နိုင်ငံ တစ်နိုင်ငံ လူမျိုး တစ်မျိုး၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသိပညာ နှင့် အတတ်ပညာ ကြွယ်ဝသော လူ့စွမ်းအား အရင်းအမြစ် တို့မှာ အဓိက အခန်းကဏ္ဍ မှ ပါဝင် နေကြသည်။ အသိပညာ ဟူသည် လောက သဘာဝ၏ အကြောင်း နှင့် အကျိုး ၊ အကောင်း နှင့် အဆိုး ၊ အမှား နှင့် အမှန် တို့ကို ခွဲခြား သိမြင်တတ်ခြင်း ပင် ဖြစ်သည်။ 

သို့ဖြစ်၍ ယဉ်ကျေးသော လူ့အဖွဲ့အစည်း အတွင်း လူအချင်းချင်း ပေါင်းသင်း ဆက်ဆံ ကြရာ၌ အခြားသူ တစ်ဦးက  ပြုမိသော အမှား တစ်ခုကို မိမိက လက်စားချေ တုံ့ပြန်ခြင်းမှာ မှန်ကန်သော ပြဿနာ ဖြေရှင်းနည်း မဟုတ်သည့် အပြင် မိမိကပို၍ မှားတတ်ပြီး ပို၍ အပြစ်ကြီး စေနိုင်ကြောင်း အသိတရား နှင့်ယှဉ်၍ သတိတရား ဖြင့် ဆင်ခြင် ကြရမည် ဖြစ်ပေသည်။    ။

No comments:

Post a Comment