Pages

Wednesday, January 8, 2014

စိတ်ကောင်း စိတ်မြတ်ထား အကောင်းမြင်ဝါဒဖြင့် စီးပွားရှာ


စိတ်ကောင်း စိတ်မြတ်ထား အကောင်းမြင်ဝါဒဖြင့် စီးပွားရှာ

စေတနာ ဟူသည် စိတ်ကို ခြယ်လှယ်သော သဘောတစ်ခု ဖြစ်သည်။ စေတနာဟု ဆိုသည်နှင့် သာမန်အားဖြင့် ကောင်းသည့် သဘောအဖြစ် မှတ်ယူ ထားကြ သော်လည်း စင်စစ်အားဖြင့် စေတနာ ကောင်း နှင့် စေတနာဆိုး ဟူ၍ ကောင်းဆိုး နှစ်တန် ရှိသည်။ ကောင်းသော စေတနာ ကြောင့် စိတ်ကောင်း ၊ စိတ်မြတ်ကို ဖြစ်စေကာ ဆိုးသော စေတနာ ကြောင့် စိတ်ညံ့ စိတ်ဆိုးကို ဖြစ်စေသည်။

လူ့လောက ကြီးပွား တိုးတက်ရေး တွင် စိတ်ကောင်း စေတနာကောင်း ရှိရန်လိုပေသည်။ စိတ်ကောင်းသည် ကိုယ်ချင်းစာ စိတ်ကို အခြေခံ သောကြောင့် စေတနာ ကောင်းသည် စိတ်ကောင်းကို ဖြစ်စေသည်။

တစ်ဖန် မိမိက သူတစ်ပါး အပေါ် ထားရှိသော စေတနာသည် တူသော အကျိုးကို ပေး၍ စေတနာ ကောင်းလျှင် ကံကောင်းမည် ဖြစ်သည်။ ထို့ကြောင့် စေတနာ ကောင်းကောင်း ထားပါက ထားရှိသော စေတနာနှင့် တူသောအကျိုးကို ရရှိနိုင်မည် ဖြစ်သည်။ စေတနာ သည်သာ ပဓာန အကျဆုံး ဖြစ်သည်။

ယနေ့ မျက်မှောက်ခေတ် သည် အပြိုင်အဆိုင် ခေတ်ကြီး ဖြစ်လာသည်။ ပါရမီ ဓာတ်ခံ မရင့်သန် သေးသည့် ပုထုဇဉ် တို့၏ သဘာဝအရ စိတ်ကောင်း စိတ်မြတ် တို့ကို အချိန်နှင့် အမျှ မမွေးမြူ ၊ မသိမ်းပိုက် နိုင်ကြသည်မှာ လူတို့တွင် ဒေါသစိတ် ၊ မောဟစိတ် ၊ မာန်မာနစိတ် များ ဖုံးလွှမ်းနေ သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လူအချင်းချင်း လှည့်ပတ်ခြင်း ၊ လိမ်လည် လှည့်ဖြားခြင်း ၊ လျှို့ဝှက်ခြင်း ၊ မနာလို ဝန်တိုခြင်း ၊ သိမ်ဖျင်းသော စကားများ ပြောဆိုခြင်း ၊ ချောက်တွန်းခြင်း စသော မကောင်းသော စိတ်များကို ဖြစ်ပေါ် စေတတ် ကြသည်။ ထို မကောင်းသော စိတ်များကို မွေးမြူမှုမှ ရှောင်ရှား နိုင်လျှင် ကောင်းသော စိတ်များ ကိန်းအောင်း လာမည် ဖြစ်ပေသည်။

လူ့ဘောင် လောကတွင် မကောင်းစိတ် များ တိုးလာ ခြင်းသည် ကောင်းမွန်ရေး အတွက် ကြိုးပမ်း ကြရာတွင် များစွာ အနှောင့်အယှက် ဖြစ်စေသည်။ ဤ စိတ်ညစ် စိတ်ဆိုးသည် အမြဲတစေ အဆိုး မြင်ဝါဒ ဖြင့်သာ ကြည့်တတ်သော ကြောင့် အဖျက် သဘောသာ ဖြစ်မည်။

ထိုသို့ မကောင်းမြင် အဆိုးမြင် ဝါဒများ တိုးပွား လာမည် ဆိုပါက ကောင်းရာ ကောင်းကြောင်း ၊ တိုးပွား စည်ပင်ရာ စည်ပင်ကြောင်း ကြိုးစား အားထုတ်မှုကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းသည် စိတ်ကောင်း စိတ်မြတ်များ ထားပြီး အရာရာတွင် အပြု သဘောဆောင် အကောင်းမြင် ဝါဒဖြင့် လုပ်ကိုင် နိုင်ကြလျှင် ကြီးပွား တိုးတက်မှုကို ရရှိကြမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( ၈-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment