Pages

Tuesday, January 28, 2014

မြင့်တက်လာသည့် ပညာရေး ဆက်လက်ထိန်းသိမ်း ဖော်ဆောင်


မြင့်တက်လာသည့် ပညာရေး ဆက်လက်ထိန်းသိမ်း ဖော်ဆောင်

နိုင်ငံ တစ်နိုင်ငံ၏ ပညာရေး အခြေခံ ကောင်းမှ ခိုင်မာသည့် ဒီမိုကရေစီ စနစ် အကောင် အထည်ဖော် နိုင်မည် ဖြစ်သည့် အတွက် ပညာရေး ဖွံ့ဖြိုး တိုးတက်မှုသည် အဓိက အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်၍ နိုင်ငံတော်မှ ပညာရေး အခြေခံ ကောင်းများ ဖြစ်ပေါ်လာရေး စီစဉ် ဆောင်ရွက် ပေးလျက် ရှိသည်။

နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူ့ စွမ်းအားဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည်။ အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင် ကောင်းများ ဖြစ်ပေါ် လာရန်မှာ ပညာရေးသည် အရေးကြီးသည်။ ပညာကို လည်းကောင်း ၊ ဘဝကို လည်းကောင်း ထိန်းကျောင်း ပေးသည့် အတွက် စာသင်ကျောင်း ဟု ခေါ်ဆိုရာ ဆရာ ၊ ဆရာမ များသည် မိမိတို့၏ တပည့်များကို မိမိတို့၏ ရင်၌ဖြစ်သော သားကဲ့သို့ ဗလငါးတန် ပြည့်စုံ ဖွံ့ဖြိုးရန် သင်ကြား ပေးကြရမည် ဖြစ်သည်။

ပြည်သူတို့ ဗလငါးတန် ပြည့်စုံခြင်းသည် ဆင်းရဲခြင်းကို တိုက်ဖျက် နိုင်သည့် နိုင်ငံတော်သစ် တည်ဆောက် နိုင်သည့် ခွန်အား ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်မှ ပညာရေး ဘတ်ဂျက်များ တိုးမြှင့် ပေးလျက်ရှိပြီး ကျောင်းအဆင့် မြှင့်တင်ပေးခြင်း ၊ လိုအပ်သည့် ကျောင်းဆောင် ၊ လိုအပ်သည့် ဆရာ ၊ ဆရာမ အင်အားများ ဖြည့်ဆည်း ပေးလျက် ရှိသည်။

ဤသို့ ပညာရေး အခြေခံ ကောင်းများ ဖြစ်ထွန်း လာရေး ဆောင်ရွက် ပေးခြင်းဖြင့် မျိုးဆက်သစ်များ တစ်ဆင့်ပြီး တစ်ဆင့် စွမ်းရည် မြင့်တက်လာပြီး လူသားစွမ်းရည် မြင့်မားသည့် ဂုဏ်ယူဖွယ်ရာ မျိုးဆက်ကို ထူထောင် နိုင်မည် ဖြစ်သည်။

ကမ္ဘာ့ အလယ်တွင် မြန်မာနိုင်ငံ နှင့် နိုင်ငံသားတို့ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်ရန် ပညာရေး အခြေခံ ခိုင်မာရန် လိုသည်။ နိုင်ငံတော်က ပညာရေးကို အားပေး သကဲ့သို့ ပြည်သူများ ကလည်း တက်ကြွစွာ ပါဝင်အားဖြည့် ဆောင်ရွက်သည့် အတွက် ပညာရေး အသီးအပွင့်များ ပိုမို ဖြစ်ထွန်း လာသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ် ခိုင်မာစွာ ဖြစ်ပေါ် လာရေးအတွက် တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်လာသည့် ပညာရေး အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း၍ ပြည်သူအင်အား အပြည့် အဝဖြင့် တက်ကြွစွာ ဖော်ဆောင် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။ 

( ၂၈-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment