Pages

Thursday, January 30, 2014

မြန်မာ - တရုတ် နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဂိတ်ကို နိုင်ငံတကာ အဆင့်တိုးမြှင့်မည်



ရန်ကုန် ၊ ၃၀-၁-၂၀၁၄

မြန်မာ - တရုတ် နယ်စပ် ဝင်-ထွက်ပေါက် ဂိတ်များကို နိုင်ငံတကာ အဆင့် သွားလာနိုင်သော ဝင်-ထွက်ပေါက်ဂိတ် အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လုပ်ဆောင်မှုသည် နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှု တိုးတက် လာစေရေး အတွက် နယ်စပ်ဂိတ် များကို နိုင်ငံတကာ အဆင့်၌ တိုးမြှင့်ရခြင်း ဖြစ်သည်။ လက်ရှိတွင်လည်း ဝင်ထွက် သွားလာမှု များသော ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်ရှိ နယ်စပ်ဂိတ်များ ကို နိုင်ငံတကာ အဆင့်မြှင့်တင် လုပ်ဆောင် ခြင်းကြောင့် နိုင်ငံခြားသား ခရီးသွားများ နေ့စဉ် ဝင်ထွက်မှု များလာ နေကြောင်း သိရသည်။ ယင်းအတွက် တရုတ်နိုင်ငံ နယ်စပ် ဂိတ်များကို တိုးမြှင့်ရန် စီစဉ်လာခြင်း ဖြစ်ကြောင်း သိရသည်။

'' နယ်စပ်ဂိတ်တွေ တိုးမြှင့် လာပြီဆိုရင် လုံခြုံရေး စနစ်တွေပါ ကောင်းမှ ရမှာပါ။ ဒီအတွက်လဲ ပြင်ဆင် လုပ်ဆောင်လျက် ရှိနေပါတယ်။ ဒါကိုလဲ အချိန်နဲ့ တစ်ပြေးညီ သတင်း ပေးပို့တဲ့ စနစ်တွေ ကောင်းဖို့လဲ လုပ်မယ်။ ပြီးရင် နိုင်ငံတကာ ဝင်-ထွက် ပေါက်ဂိတ် အဖြစ် ဖွင့်လှစ် နိုင်အောင်လဲ စီစဉ်မယ် ... '' ဟု၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

လာမည့် ဘဏ္ဍာရေးနှစ် အတွင်း GMS, ASEAN, BIMSTEC, CAMES အစရှိသည့် အဖွဲ့အစည်းများ နှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း ၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ် ဝင်-ထွက် ပေါက်ဂိတ်များကို တိုင်းဒေသကြီး ၊ ပြည်နယ် ဦးစီးဌာနမှူးရုံး ၊ ရုံးချုပ် တို့နှင့် ဆက်သွယ် နိုင်သည့် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ပြီး အချိန်နှင့် တစ်ပြေးညီ သတင်းပို့စနစ် တည်ဆောက်မည် ဖြစ်ကြောင်း ၊ နယ်စပ်ဒေသ ဝင်-ထွက် သွားလာမှုတွင် ထိန်းချုပ်ရေး ကွန်ရက်စနစ် ပါဝင်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်း နယ်စပ် ဝင်ပေါက် တချို့ကို နိုင်ငံတကာ ဝင်-ထွက်ပေါက် အဖြစ် တိုးမြှင့်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံခြား ခရီးသွား ဦးရေ တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာ အဆင့် ဖြစ်လာပါက မြန်မာနိုင်ငံ အတွင်း တရားဝင် ခွင့်ပြုထားသည့် နေရာ ဒေသတိုင်းကို ဝင်ထွက် သွားလာ နိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံ နှင့် ချုပ်ဆို ထားသည့် ဝင်-ထွက်ပေါက် စာချုပ်ကိုလည်း ပြင်ဆင် ချုပ်ဆို သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment