Pages

Friday, January 31, 2014

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်


ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံအတွင်း ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စသည့် တိုင်းရင်းသား သွေးချင်း မျိုးနွယ်ပေါင်း တစ်ရာကျော် စုပေါင်း လက်တွဲ နေထိုင် လာခဲ့သည် မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံအတွင်း ရှိ တိုင်းရင်းသား သွေးချင်း တို့သည် ယဉ်ကျေးမှု ၊ ဘာသာစကား ၊ ဓလေ့ ထုံးတမ်းများ ကွဲပြား ခြားနားမှု ရှိသော်လည်း သနား ကြင်နာခြင်း ၊ ရိုးသား ဖြောင့်မတ်ခြင်း ၊ ကူညီ ရိုင်းပင်း လိုစိတ် ရှိခြင်းနှင့် ခွင့်လွှတ် သည်းခံစိတ် ရှိခြင်း စသည့် တူညီသော သဘော သဘာဝများ ရှိ၍ စိတ်တူ ကိုယ်တူ ကြည်ဖြူစွာ အတူတကွ နေထိုင် လာခဲ့ ကြသည်။

ပြည်ထောင်စုကြီး အတွင်း တိုင်းရင်းသား သွေးချင်း အပေါင်းသည် စုပေါင်း လက်တွဲ နေထိုင်ကာ သမိုင်းစဉ် တစ်လျှောက် ပြည်ထောင်စုကြီး တည်တံ့ရန် ၊ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ မဆုံးရှုံးရန် အတူ လက်တွဲ ဆောင်ရွက်ခဲ့ ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံသည် ရေမြေ တောတောင် စသည့် အဖိုး ထိုက်တန်သော သဘာဝ အရင်းအမြစ် သယံဇာတ များကို ပိုင်ဆိုင် ထားသည်မှာ ရှေး နှစ်ပေါင်း များစွာက ပင်ဖြစ်သည်။ တန်ဖိုးမဖြတ် နိုင်သည့် သဘာဝ အရင်းအမြစ် များကို အမှီပြုပြီး သမိုင်းစဉ် တစ်လျှောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အတူ လက်တွဲ၍ လူမှုစီးပွား ဘဝ တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ တိုင်းရင်းသား သွေးချင်းတို့ အနေဖြင့် မည်သည့် နေရာ ၊ မည်သည့် ဒေသတွင် နေထိုင်သည် ဟု မခွဲခြားဘဲ ခိုင်မြဲသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နေထိုင် လာခဲ့ ကြသည်မှာ ယနေ့ အချိန်အခါ ၌ လူမျိုး တစ်မျိုး နေရာ တစ်နေရာစီ ခွဲခြား ပြသ၍ မရတော့ဘဲ တစ်သားတည်း ဖြစ်တည်လျက် ရှိနေပြီ ဖြစ်သည်။

ယခုအခါ နိုင်ငံတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ နိုင်ငံတော် အတွင်း စည်းလုံး ညီညွတ်မှုကို အခြေခံ၍ တည်ငြိမ် အေးချမ်းမှုကို တည်ဆောက်လျက် ရှိသည်။ စည်းလုံး ညီညွတ်မှု နှင့် တည်ငြိမ် အေးချမ်းမှု မှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုများ သီးပွင့်လာပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်း လူမှုစီးပွားဘဝ တိုးတက် မြင့်မား လာစေရန် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုး တိုးတက် လာစေရန် ၊ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာ မဆုံးရှုံး စေရန် ၊ ပြည်ထောင်စုကြီး အရှည် တည်တံ့ စေရန် တိုင်းရင်းသား သွေးချင်း အပေါင်းက သမိုင်းစဉ်လာ ရှိသည်နှင့် အညီ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( ၃၁-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment