Pages

Tuesday, December 10, 2013

မှန်ကန်သော အသိအမြင်


မှန်ကန်သော အသိအမြင်

အတုမြင် အတတ်သင် မှုကို အရွယ် ရောက်ပြီးသူ ၊ ရင့်ကျက်သူ အရွယ်များထက် အရွယ် မရောက် သေးသူများ ၊ လူငယ် လူရွယ် များက ပို၍ စိတ်ဝင်တစား သင်ယူ ကြပေသည်။ ငယ်ရွယ်သူ များမှာ ပတ်ဝန်းကျင် ရှိ အကောင်း အဆိုး အကြောင်း အကျိုး များကို မြင်ရုံ ၊ ကြားရုံ ၊ သိရုံ မျှဖြင့် တတ်လွယ် ၊ သိလွယ် ၊ နားလည်လွယ် ကြပေသည်။

ထို့ကြောင့် လူငယ် လူရွယ်များ အကျိုးအတွက် ကောင်းမွန် မှန်ကန်သော အသိပညာ ၊ အတတ် ပညာများ ကိုသာ အသိပညာပေး လမ်းပြ သင့်ပေသည်။ အသိပညာ ပေးခြင်း ဟူသည် ကောင်းသော အသိ ၊ မှန်သော အသိ တို့ကို ညွှန်ပြ ပေးခြင်း ဖြစ်သည်။ မှန်ကန်သော စေတနာ ဖြင့် အသိ ပညာပေး ကြရာဝယ် ပေးလိုက်သော အသိသည် နမူနာ အသိသာ ဖြစ်ပြီး ထိုအသိကို အခြေခံ၍ အတတ် သင်နိုင်ခြင်း ဖြစ်သည်။

အတုမြင် အတတ်သင် ဟု ဆိုရာ၌ ကိုယ်ဖြင့် ဖြစ်စေ ၊ နှုတ်ဖြင့် ဖြစ်စေ ၊ စာဖြင့် ဖြစ်စေ ၊ ၀တ္ထုပစ္စည်း ဖြင့် ဖြစ်စေ မြင်သမျှ တုပ၍ သင်ယူ ကြခြင်း ဖြစ်သည်။ ထိုသို့ မြင်၍ အတုယူ ကြရာတွင် လူမှု ၀န်းကျင် လောက၌ စာပေ နှင့် အနုပညာ တို့မှ ထိရောက်သော လက်နက်များ သဖွယ် ဖြစ်သည်။

ထို့ကြောင့် စာပေ နှင့် အနုပညာ လောကမှ စွဲငြိ စေလောက်သော တင်ဆက်မှု တို့ကို ပြည်သူ လူထုတို့၏ နှလုံးသား နှင့် အတွေး ပုံရိပ်များ၌ မြန်မြန် ဆန်ဆန် ထင်ဟပ် ပေါ်လွင် လာတတ် ပေသည်။ ထို့ကြောင့် စာပေ နှင့် အနုပညာ တင်ဆက်မှု တို့ကို စေတနာ ကောင်းဖြင့်သာ တင်ဆက် ကြရမည် ဖြစ်သည်။ မိမိတို့၏ အသိပေး တင်ဆက်မှု တို့သည် ဆန့်ကျင်ဘက် သဘောထား သို့ မရောက်မိ စေရန် အထူး သတိချပ် သင့်ပေသည်။

သို့မဟုတ်ဘဲ တမင် သိသိဖြင့် မိမိ အကျိုးစီးပွား တစ်ခုတည်း ကိုသာ ကြည့်ပြီး လူငယ် လူရွယ်တို့၏ အနာဂတ် နှင့် ဘ၀ကို မငဲ့ကွက်ဘဲ လုပ်ဆောင် မိလျှင် လူငယ် လူရွယ်တို့၏ အကျင့် စာရိတ္တ ပျက်ပြား စေနိုင်သည့် အပြုအမူမျိုး ကို လုပ်ဆောင် မိပါက ကောင်းမွန်စွာ နေထိုင် ကြသော သားကောင်း ၊ သမီးပျို များအတွက် ရင်လေးဖွယ်ရာ ဖြစ်ပေမည်။

သို့ဖြစ်ရာ မျက်မှောက် ကာလတွင် ခေတ်စနစ် အခြေအနေ အရ လွတ်လပ်စွာ ပွင့်လင်းသော အခါ သမယတွင် စာပေ အနုပညာ တို့ကို ပြည်သူတို့အား အသိ အမြင် ပေးဆောင် ရာတွင် စေတနာ ကောင်းဖြင့် မှန်ကန်သော အသိအမြင် များကို လွတ်လပ်စွာ ပေးသင့် ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( ၁၀-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment