Pages

Tuesday, December 24, 2013

လွတ်လပ်ရေး ၊ စည်းကမ်း နှင့် ဒီမိုကရေစီ


လွတ်လပ်ရေး ၊ စည်းကမ်း နှင့် ဒီမိုကရေစီ

ခြံဟူသမျှ စည်းရိုး ရှိရသည်။ မြစ်ဟူသမျှ ကမ်းရှိရသည်။ စည်းရိုးသည်ပထဝီ မြေအနေအထား ၏ နယ်နိမိတ် အကျယ်အဝန်း ကို ကန့်သတ် သတ်မှတ် ထားခြင်းပင် ဖြစ်သည်။ ကမ်းသည် ရေပြင် အကျယ်အဝန်း အတိုင်းအတာ ကို ကန့်သတ် ထားခြင်းပင် ဖြစ်သည်။ ထိုသို့ စည်းနှင့် ကမ်းနှင့် သတ်မှတ် ပိုင်းခြား သကဲ့သို့ လူမှုလောက နယ်ပယ်၌ လည်း ဓလေ့ ဘာသာ နေထိုင်ပြုမူပုံ အဆင့်အတန်း ကို သတ်မှတ် ထားသည့် စည်းကမ်းများ ၊ ဥပဒေ ပြဋ္ဌာန်းချက် များကို ထားရှိ ရသည်။

လူမှုရေး နယ်ပယ်၌ ဥပဒေ ၊ စည်းမျဉ်း ၊ စည်းကမ်း သတ်မှတ်ချက်များ ကန့်သတ် ထားရှိခြင်း နှင့်ထို သတ်မှတ်ချက် များကို လေးစား လိုက်နာ ကျင့်သုံးမှသာ တင့်တယ် တိုးတက်ပုံကို '' ရဟန်းမှာ ဝိနည်း ၊ ရွာမှာစည်းရိုး ၊ လူမျိုးမှာ စည်းကမ်း ''ဟူ၍ လည်းကောင်း၊ '' လယ်မှာ ကန်သင်း ၊ ယာမှာ စည်းတွင်း ''ဟူ၍ လည်းကောင်း ဆိုရိုး စကားများဖြင့် ဘိုးဘွားတို့က ဆုံးမခဲ့ ကြသည်။

သူ့စည်း ၊ ကိုယ့်စည်း ၊ သူ့တာ ၊ ကိုယ့်တာ ၊ သူ့နယ်ပယ် ၊ ကိုယ့်နယ်ပယ် အလိုက် လိုက်နာ ကျင့်သုံးရမည့် လူမှုရေး ဆိုင်ရာ ကန့်သတ် ပြဋ္ဌာန်းချက် များသည် စည်းကမ်း ဥပဒေ ဟူသော ဝေါဟာရ၏ အနှစ်သာရ ဖြစ်သည်။ ရပ်ရွာ အေးချမ်း သာယာရေး နှင့် တရားဥပဒေ စိုးမိုးရေး အခြေခံ ခိုင်မာ တည်တံ့မှု သည် လူတိုင်း ဥပဒေ လေးစား လိုက်နာမှု ၊ စည်းကမ်း လိုက်နာမှု နှင့် သက်ဆိုင်သည်။

လူမှု အဖွဲ့အစည်း တိုင်းတွင် သတ်မှတ် ပြဋ္ဌာန်း ထားရှိသော စည်းကမ်း ၊ စည်းမျဉ်း ဥပဒေများကို အသိတရားနှင့် ယှဉ်၍ လိုက်နာ ကျင့်သုံးကြရန် အစဉ်အမြဲ လိုအပ်သည်။ ဒီမိုကရေစီ လူ့အဖွဲ့ အစည်း တွင် အသိတရား နှင့်ယှဉ်၍ စည်းကမ်းရှိရန် လိုသည်။ အချို့နေရာ များ၌ မိမိ အကျိုးအတွက် မထိခိုက် စေကာမူ သူတစ်ပါး အကျိုး ထိခိုက်နစ်နာ စေသည့် စည်းကမ်းမဲ့စွာ ပြုမူ ဆောင်ရွက်ခြင်း မျိုးကို တွေ့နေ ရသည်။ ဥပမာ အားဖြင့် အမှိုက်မပစ်ရ ဟူသော နေရာမျိုး၌ အမှိုက်ပစ် ခြင်းမျိုးကို ဆိုလိုပါသည်။

ဒီမိုကရေစီ လူ့ အဖွဲ့အစည်း တွင် စည်းကမ်းသည် လူ့တန်ဖိုး ဟူ၍ ခံယူ လိုက်နာ ကျင့်သုံး ကြရသည်။ အာဇာနည် ခေါင်းဆောင်ကြီး ၊ လွတ်လပ်ရေး ၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ရက်က ရန်ကုန် မြို့တော်ခန်းမ ၌ မိန့်ခွန်း ပြောကြားခဲ့ ရာတွင် စည်းကမ်းနှင့် လွတ်လပ်ရေး ယှဉ်တွဲ ဖြစ်ပေါ်မှုကို '' လွတ်လပ်ရေး ဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ ရှိနိုင်တယ်။ စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေး ဆိုတာ ရှိနိုင်တယ်။ အဲဒီတော့ လွတ်လပ်ရေး ဆိုတာကို ကျွန်တော်တို့ ရတဲ့အခါမှာလဲ နားလည် ရမှာက ငါတို့ တိုင်းပြည်က စည်းကမ်းရှိဖို့ လိုတယ် '' ဟု ပြောကြား ခဲ့သည့် သြဝါဒစကား နှင့်ယှဉ်တွဲ၍ သိရှိ လိုက်နာ သင့်သည်။

ဒီမိုကရေစီ လူ့ အဖွဲ့အစည်းတွင် နိုင်ငံသူ ၊ နိုင်ငံသား တိုင်းသည် အသိ ဉာဏ်ပညာ မြင့်မားရသည်။ နယ်မြေ အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး အတွက် ဥပဒေ ၊ နည်းဥပဒေ ၊ စည်းမျဉ်း ၊ စည်းကမ်း များကို အသိတရားဖြင့် လိုက်နာတတ် ရပါသည်။ ဒီမိုကရေစီ ကျင့်သုံးသည့် နိုင်ငံ့ သားကောင်း တို့သည် ဆင်းရဲဒုက္ခ နှင့် မိမိကြုံတွေ့ နေရသော်လည်း မိမိတို့၏ ကိုယ်ကျင့်တရား နှင့် စည်းကမ်းကို လုံးဝ ပစ်ပယ်ခြင်း မရှိပေ။ ကေသရာဇာ ခြင်္သေ့မင်းတို့ မည်သည် အစာရေစာ ပြတ်လပ်၍ ငတ်မွတ် သော်လည်း မြက်ကို မစားသည့်ပမာ အလားတူသည်။

သို့ဖြစ်ရာ လွတ်လပ်ရေး ၊ စည်းမျဉ်း ၊ စည်းကမ်း ဥပဒေနှင့် ဒီမိုကရေစီ ကျင့်စဉ်တို့သည် အေးချမ်း တည်ငြိမ်သည့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် ဖော်ဆောင်ရေး တွင် အရေးကြီး သကဲ့သို့ မြန်မာ ပြည်သူ ပြည်သား အားလုံးတို့ သည်လည်း လွတ်လပ်ရေး ၊ စည်းမျဉ်း ၊ စည်းကမ်းဥပဒေ နှင့် ဒီမိုကရေစီ ကျင့်စဉ်ကို တန်ဖိုးထား လိုက်နာ ကျင့်ကြံရမည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပေသည်။ 

( ၂၄-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment