Pages

Friday, December 27, 2013

မြန်မာမှုအနုပညာ ဗိသုကာလက်ရာစံပြု ရွှေကျောင်းတော်ကြီး



မန္တလေး ၊ ၂၇-၁၂-၂၀၁၃

မြန်မာနိုင်ငံ တွင် ခရီးသွား ဧည့်သည်များ အများဆုံး ဝင်ထွက် သည့်လ မှာ ဘာလေးဘာဟု ခေါ်သော စက်တင်ဘာ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ တို့ဖြစ်သည်။ ယခု ၂ဝ၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ဝင်ထွက်မှု စံချိန် အများဆုံး ဖြစ်သည်ဟု သိရသည်။

မန္တလေးမြို့ သို့ လာရောက် လည်ပတ် ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များမှာ မြန်မာမှု အနုပညာ ဗိသုကာလက်ရာ စံပြု ရွှေကျောင်းကြီး ရှိ အနုလက်ရာ များကို အထူးလေ့လာ မှတ်တမ်းတင် ကြသည်။  ရွှေကျောင်း ဟု လူသိများသော ရွှေနန်းတော် ကျောင်းသည် နှစ်ပေါင်း ၁၃ဝ ကျော် သက်တမ်း ရှိပြီး ကုန်းဘောင်ခေတ် ၁၉ ရာစု မြန်မာမှု အနုပညာ ဗိသုကာ လက်ရာ စံပြုကျောင်းကြီး ဖြစ်သည်။

ရွှေနန်းတော်ကျောင်း သည် မန္တလေး အောင်မြေသာစံ မြို့နယ် ဒေါနဘွား ရပ်ကွက်တွင် ရှိသည်။ နန်းတော် အဆောင်ကို ကျောင်းအဖြစ် ရွှေ့ပြောင်း ဆောက်လုပ် လှူဒါန်းခဲ့၍ ရွှေနန်းတော် ဟု ခေါ်ကြသည်။ မူလက ဘုရင်စံမြန်းရာ နန်းတော်ဆောင် ဖြစ်ပြီး ကျောင်းတော်ကြီး အတွင်းအပြင် တစ်ခုလုံးကို ရွှေပိန်းချ ရွှေရောင် တဝင်းဝင်း တောက်ပလျက် ရှိ၍ ရွှေကျောင်း ဟုခေါ်ကြ ကြောင်း သိရသည်။

သီပေါမင်း သည် မင်းတုန်းမင်း နတ်ရွာစံ ခဲ့သော နန်းဆောင်နှင့် စနုဆောင် ကို ၁၈၈၃ ခုနှစ် အောက်တိုဘာ ၃ဝရက်က ယခုနေရာ ၌ ဘုန်းကြီးကျောင်း အဖြစ် ပြောင်းရွှေ့ တည်ဆောက် ပြီးစီးခဲ့သည်။ ရွှေနန်းတော် ကျောင်းကြီးမှာ အမိုးသုံးဆင့် ၊ လယ်ပေါ် နှစ်ထပ် စမြင်ပါသော ဇေတဝန်ဆောင် ဖြစ်သည်။ ရှေးရိုး အစဉ်အလာ ဘုန်းကြီးကျောင်း နှင့် တည်ဆောက်ပုံ ကွဲပြားပြီး နေကျော် တည်ဆောက် ထားသည်။ ကျောင်းကြီးတွင် တိုင်ပေါင်း ၁၅ဝ ၊ နယားရုပ် ထောက်တိုင်ပေါင်း ၅၄ တိုင်နှင့် သရက်ကင်း အုတ်လှေကား ငါးစင်းဖြင့် တည်ဆောက် ထားသည်။

ရွှေကျောင်းတော် သည် ဒုတိယ ကမ္ဘာစစ် အတွင်းက စစ်ဘေး စစ်ရန် အပျက်အစီး ဒဏ်မှ ကင်းလွတ် ခဲ့သော တန်ဖိုး မဖြတ်နိုင်သည့် မူလလက်ရာ သမိုင်း အမွေအနှစ် နန်းတော်ဆောင် သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ သို့အတွက် မန္တလေးရောက် ခရီးသွားဧည့်သည် များ အထူး စိတ်ဝင်တစား လေ့လာ မှတ်တမ်းတင် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment