Pages

Monday, December 2, 2013

အင်းအလှ " တောင်တမန် "



အင်းအလှ " တောင်တမန် "

သရက်တန်း စိုးရွှေ

ဆောင်းရာသီ မြောက်လေညင်း ကလေး ဝှေ့ခနဲ ဖြတ်အတိုက်မှာ စိတ်တို့ အေးချမ်းသွားသည်။ တောင်သမန်အင်း တောင်ဘက်ဘေး ရွာစပ်မှ အင်းအလှ တောင်သမန် ၏ အလှပန်းချီ သဘာဝပန်းချီ တစ်ချပ်ကို ကြည့်ရှုမိ လိုက်သည်။ အင်းစပ် ရေနည်းသွား၍ ပေါ်လာသော လယ်မြေများကို လယ်စိုက်ပျိုးရန် ထယ်ရေးပြင် နေကြသည်။ ထယ်ရေးပြင်ရာ ဘေးတစ်ဝိုက် မှာတော့ စိမ်းမြမြ ပျိုးခင်းတို့က လှပစွာ တည်ရှိကြသည်။

ကောင်းကင်ပြင် တွင် စွန်ငှက်တို့က ဝေ့ဝဲကာ အစာရှာ နေကြသည်။ ဝေ့ကာ ၊ ဝိုက်ကာ ၊ ဝဲကာ ၊ နိမ့်လိုက် ၊ မြင့်လိုက် ပျံသန်းနေသော စွန်ငှက်တို့သည် အပြာရောင် နောက်ခံ ကောင်းကင်ပြာ ဖြင့် လှပနေသည်။ တောင်သမန်အင်း အတွင်းမှာတော့ လှေငယ် ကလေးများ အစီအရီ ငါးဖမ်း နေကြသည်။ '' တောင်သမန်အင်း ရေကြည်ကြည် ၊ ရေဖွေးဖွေးမို့ လှေကလေး ကိုလှော်လို့ ငါးတွေ ဖမ်းကြသည် . . . . '' ဆိုတဲ့ သီချင်းစာသား အတိုင်း လှပစွာ တည်ရှိ နေသည်။

လှေတစ်စီးလျှင် လူနှစ်ယောက် နှုန်းဖြင့် တောင်သမန်အင်း ပြင်ကျယ်တွင် ဟိုတစ်စု ၊ သည်တစ်စုဖြင့် ငါးဖမ်း နေကြသည်။ ငါးဖမ်းလှေ တို့၏ နောက်ကွယ်တွင် လှပသော ဦးပိန် တံတားကြီး မြင်တွေ့ ကြရသည်။ အရှည်ဆုံး သစ်သား တံတားကြီးမှာ အဝေးမြင် အရ အနက်ကြား တွင် အဖြူနှစ်ကွက် တွေ့ရသည်။ သစ်သား တံတားတွင် အုတ်ဖြင့် ပြုလုပ် ထားသော နေရာ နှစ်ခုကြောင့် အနက်များ အကြား အဖြူရောင် ကလေး ကွက်သွား ခဲ့ပေသည်။ အပြာရောင် ကောင်းကင် ၊ ရှည်လျားသော ဦးပိန်တံတား ၊ ငါးဖမ်းလှေငယ် များနှင့် ဝဲပျံနေသော စွန်ငှက်တို့ လှပစွာ တည်ရှိ နေသည့် မြင်ကွင်းကို ရင်ထဲစွဲလို့ နေမိသည်။

လောဘကို ခဏမေ့ထား ၊ ဒေါသကိုခဏ မေ့ထား ၊ လောကီ လူမှုကိစ္စ အဝဝကို ခေတ္တ မေ့ထားပြီး သဘာဝ အလှတရားကို ဖြူသော စိတ်ထားဖြင့် ခံစားမိသမျှ ငြိမ်းချမ်းသော ရသတို့ ရရှိမြဲပင် ဖြစ်သည်။ ကာဗွန်တွေ ကင်းလွတ် နေသော တောင်သမန်အင်း ရဲ့ လေနုအေး ကလေးကို တစ်ဝကြီး ရှူရှိုက် လိုက်မိသည်။ အဝေးမြင် ပန်းချီကား အရ တောင်သမန်ရွာ နှင့် မည်စည်တန်း တို့၏ ကွယ်ကာမှု ကြောင့် ခြောက်ခု မျှသော ဇရပ်တို့သာ မြင်နေ ရသည်။

တောင်သမန်၏ မြောက်ဘက်တွင် ဉာဏ်တော် မြင့်မားလှသော ပုထိုးတော်ကြီး ဘုရားကို ဖူးမြင် နေရသည်။ ပုထိုးတော်ကြီး ဘုရား၏ အရှေ့ဘက်သို့ မျက်စိ အနည်းငယ် အဝေ့မှာ ဘူးဘုရား ကို ဖူးမြင် နေရပေသည် အနောက်ကမ်း တွင် သစ်ပင်တို့ ကွယ်ကာမှု ကြားမှ တောင်မင်းကြီး ဘုရားကို ဖူးတွေ့နိုင်သည်။ သန့်ရှင်းသော စိတ် ၊ လွတ်လပ်သော ခံစားမှုအရ အင်းအလှ တောင်သမန် ဟာ လှပနေ တော့သည်။ '' လူသား ခံစားမှု များစွာနှင့် '' ဟု အဓိပ္ပာယ် ပြုထားသလို မြန်မာပြည် အရပ်ရပ်မှ လူများ သာမက ကမ္ဘာ့နိုင်ငံ အသီးသီးက အလည်လာသူ မှန်သမျှကို အင်းအလှ တောင်သမန် က လှပစွာ ဆီးကြို နေမည်ပင် ဖြစ်သည်။ 


No comments:

Post a Comment