Pages

Monday, December 30, 2013

အမှန်တရား နှင့် သတ္တိ


အမှန်တရား နှင့် သတ္တိ

လောကတွင် မည်သူ တစ်ဦး တစ်ယောက် ကမျှ ရေးဆွဲ ပြဋ္ဌာန်း ထားခြင်း မဟုတ်သော သဘာဝ အမှန်တရား နှင့် လူတို့က သတ်မှတ် ပြဋ္ဌာန်း ထားသော စည်းမျဉ်း စည်းကမ်း အတိုင်း လိုက်နာ ဆောင်ရွက် ရမည့် အမှန်တရား ဟူ၍ နှစ်မျိုး ရှိသည်။

သတ္တိ ဆိုသည်မှာ မိုက်ကန်းမှု ၊ ရမ်းကားမှု ၊ မတရား ပြုမှုမျိုးကို ခေါ်ဆိုခြင်း မဟုတ် ၊ အန္တရာယ် ကို မကြောက်မရွံ့ ၊ နောက်မတွန့် သော ၊ ရင်ဆိုင် တတ်သော စိတ်ဓာတ်ကို သတ္တိဟု ခေါ်ဆိုခြင်း ဖြစ်သည်။

သဘာဝ တရားကြီးတွင် အမှန်တရား ရှိသည်။ သဘာဝ၏ အမှန်တရား သည် မည်သူ တစ်ဦး တစ်ယောက် ကိုမျှ မျက်နှာသာ ပေးမည် မဟုတ်ပေ။ မည်သည့် နေရာတွင် ငလျင်လှုပ် သည်ဖြစ်စေ ၊ မုန်တိုင်း တိုက်ခတ် သွားသည် ဖြစ်စေ ၄င်းတို့ ဖြတ်သွားရာ လမ်းကြောင်း တစ်လျှောက်ရှိ လူ ၊ တိုက်တာ ၊ အဆောက်အအုံ များကို ကွင်းကွက်၍ မနေဘဲ ဖျက်ဆီး သွားမည်သာ ဖြစ်ပေသည်။

လူသည် တစ်ဦး တစ်ယောက်တည်း နေ၍မရ။ လူ့ အဖွဲ့အစည်း အတွင်း ပါဝင်လှုပ်ရှား ဆက်ဆံ နေကြရ၏။ ထိုအခါ လူ့ကျင့်ဝတ် ကို လိုက်နာရုံ သာမက မိမိနှင့် စပ်ဆိုင်သည့် ရပ်ရွာ စည်းကမ်း ၊ အလုပ် စည်းကမ်း စသည်ဖြင့် လူတို့ သတ်မှတ် ပြဋ္ဌာန်း ထားသည့် စည်းကမ်း နည်းလမ်း အတိုင်း နေထိုင် ကြရသည်။ လူတစ်ဦး ချင်းစီက မိမိတို့ လိုက်နာ ရမည့် စည်းကမ်း ၊ ဥပဒေများကို တိတိကျကျ လိုက်နာ နိုင်ပါက အလုပ် တွင်ကျယ်၍ တိုးတက်မှု အဆင့် မြင့်မား လာမည် ဖြစ်ပေသည်။

စည်းကမ်းရှိရှိ ကျင့်ကြံ နေထိုင်နိုင်ခြင်း သည် မှန်ကန်သော လမ်းပေါ်သို့ လျှောက်လှမ်းခြင်း မည်၏။ အမှန်တရား နှင့် သွေဖည်ခြင်း မရှိ၍ မိမိ၏ စိတ်ကို လုံခြုံမှု ပေး၏။ ထို့ကြောင့် စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာမှု ကိုရစေ၏။ တစ်ပြိုင်နက်တည်း စိတ်သတ္တိ ကို မြင့်မား စေသည်။

ထို့ကြောင့် စည်းကမ်းရှိသူ ၊ ကိုယ်ကျင့်တရား နှင့် ပြည့်စုံသူ တို့သည် သတ္တိရှိသူများ ဖြစ်ကြသည်။ ထိုသူတို့၏ ဥပဓိရုပ်သည် တည်ကြည် ခံ့ညားသည်။ အကြောက်တရား ကင်း၍ ဝံ့ဝံ့စားစား ရှိသည်။ တရားမျှတမှု ကို မြတ်နိုးသူများ ဖြစ်၍ အမှန်တရား၏ ဘက်တော်သား များ ဖြစ်ကြသည်။ အမှန်တရား အတွက် ထိပ်တိုက် ရင်ဆိုင် နိုင်သူများ ဖြစ်ကြသည်။ ထို့ပြင် အမှန်တရား အတွက်ဆိုလျှင် သတ္တိနှင့် ပြည့်စုံကာ စွန့်လွှတ် စွန့်စားဝံ့သူများ ဟုလည်း ဆိုနိုင်သည်။

သို့ဖြစ်ရာ  စင်စစ် အမှန်တရားကို မြတ်နိုး၍ အမှန်တရား အတွက် သတ္တိရှိရှိ ရင်ဆိုင် ဖြေရှင်း တတ်သူများ သည်သာ လောက ကောင်းကျိုး အတွက် သယ်ပိုး ဆောင်ရွက် နိုင်သူများ ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

( ၃၀-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment