Pages

Thursday, December 19, 2013

သံတမန်အရာရှိ အမျိုးသမီးကို အရှက်ရစေမည့် ရှာဖွေမှုမျိုး ပြုလုပ်ခဲ့သည့်အတွက် အမေရိကန် နှင့် အိန္ဒိယနိုင်ငံအကြား ဆက်ဆံရေးတင်းမာ


Indian Diplomat Devyani Khobragade

နယူးဒေလီ ၊ ၁၉-၁၂-၂၀၁၃

အိန္ဒိယ သံအရာရှိ အမျိုးသမီး တစ်ဦးကို ဗီဇာအတု ပြုလုပ် နေထိုင်မှုဖြင့် နယူးယောက်မြို့ တွင် ဖမ်းဆီး ထိန်းသိမ်းကာ အချုပ်ခန်း ၌ အမျိုးသမီး တို့၏ အရှက်ကို ထိခိုက်စေသော ရှာဖွေမှုမျိုး ပြုလုပ် ခဲ့သဖြင့် အိန္ဒိယ အစိုးရ အဖွဲ့မှ ရိုင်းစိုင်းသော လုပ်ရပ်ဟု ရှုတ်ချလိုက်ပြီး အိန္ဒိယ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အား ဆင့်ခေါ် ခဲ့ကြောင်း နှင့် နယူးဒေလီ ၌ ဆန္ဒပြ ကန့်ကွက်မှုများ ယမန်နေ့ တွင် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အမေရိကန် အစိုးရအပေါ် နယူးဒေလီ ၌ ဆန္ဒပြ ကန့်ကွက်မှုများ

အမေရိကန် သံအမတ် Nancy Powell ကို ပေးအပ် ထားသော သံတမန် အခွင့်ထူး ရရှိနိုင်သည့် စိစစ်ရေး ကတ်ပြားများကို ပြန်လည် သိမ်းယူလိုက်ပြီး နယူးဒေလီမြို့ ရှိ အမေရိကန် သံရုံးကို လုံခြုံရေး ပေးထားမှု ကိုလည်း ရုပ်သိမ်း လိုက်ကာ အကာအကွယ်များ ကိုပါ ဖယ်ရှား လိုက်ကြောင်း သိရသည်။

'' အိန္ဒိယ သံတမန် တစ်ယောက်ကို အမေရိကန် အာဏာပိုင် တွေက အခုလို အရှက်တကွဲ အကျိုးနည်း အောင် လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် ကျွန်တော်တို့ အထိတ်တလန့် ဖြစ်ပြီး ခါးသီးစွာ ခံစား ရပါတယ်။ ဒီလို ဆက်ဆံတာမျိုး ကျွန်တော်တို့ လုံးဝ လက်မခံနိုင် ပါဘူး .. .. '' ဟု ပြည်ပရေးရာ ပြောရေး ဆိုခွင့်ရှိသူ  Syed က ပြောကြားသည်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် တစ်ဦးကိုလည်း ထိပ်တန်း အိန္ဒိယ နိုင်ငံရေး သမားများက အတွေ့မခံ ခဲ့ကြောင်း သိရသည်။ အမေရိကန် အစိုးရ လုပ်ငန်းဌာန က အခြေအနေ ပို၍ဆိုးရွား မလာအောင် ထိန်းသိမ်း နေသော်လည်း အမေရိကန် သံအမတ်ကြီး ကိစ္စကိုမူ ပြစ်တင် ဝေဖန် လိုက်သည်။

Devyani Khohragade ကို ဖမ်းဆီး ထိန်းသိမ်း ခြင်းသည် ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဖမ်းဆီးခဲ့မှု အဆင့်ဆင့်တွင် မှားယွင်းစွာ ဆောင်ရွက်မှုများ ရှိ ၊ မရှိ စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း အစိုးရ လုပ်ငန်းဌာနမှ ပြော ရေးဆိုခွင့် ရှိသူ Marie Harf က ဆိုသည်။ Devyani Khobragade သည် အမေရိကန်တွင် တာဝန် ထမ်းဆောင် နေသော အိန္ဒိယနိုင်ငံ ဆိုင်ရာ ဒုတိယ ကောင်စစ်ဝန် ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် သမီးဖြစ်သူကို ကျောင်းသို့ ပို့ဆောင်အပြီး ထိန်းသိမ်း ခံရခြင်း ဖြစ်ကြောင်း သိရသည်။

တရားရုံးသို့ ခေါ်ဆောင် လာချိန်တွင် သူမကို လက်ထိပ်ခတ် မထားဘဲ သာမန်လူများ မရရှိနိုင်သည့် အခွင့်အရေး မျိုးကို ပေးထားခြင်း ဖြစ်သည်ဟု ဥပဒေ အသိုင်းအဝိုင်း က ဆိုသည်။ Devyani Khobragade သည် သူမ၏ အိမ်အကူ အမျိုးသမီး အတွက် အမေရိကန် ဗီဇာကို စာရွက်စာတမ်း အတုများဖြင့် ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖမ်းဆီး တရားစွဲဆို ရခြင်း ဖြစ်ကြောင်း သိရသည်။

သူမကို အချုပ်ခန်း အတွင်းထဲ၌ အခြား အမျိုးသမီး အချုပ်သားများ နှင့်အတူ ထားရှိခဲ့ပြီး ရှာဖွေရာတွင် လည်း အဝတ်အစားများ ချွတ်ခိုင်း ခဲ့ကြောင်း သိရပြီး ယခုအခါ ခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့ကာ လတ်တလော အချိန်တွင် သူမကို အိန္ဒိယနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရုံး တွင် ပြောင်းရွှေ့ တာဝန်ချ ထားကြောင်း သိရသည်။

ယခု အဖြစ်အပျက် ကြောင့် နယူးဒေလီမြို့တွင် ယမန်နေ့ လူထုက ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အသင်းကလည်း အာဏာပိုင် များ၏ အမျိုးသမီး များကို အဝတ်အစားများ ချွတ်ခိုင်းပြီး ရှာဖွေခဲ့မှု အပေါ် စိုးရိမ်မကင်း ဖြစ်ခဲ့ကြပြီး အခြေခံ အလုပ်သမား များ၏ လစာကိစ္စ မှာလည်း ပြဿနာတစ်ခု သဖွယ်အုံကြွ လာနေပြီ ဖြစ်သဖြင့် အမေရိကန် နှင့် အိန္ဒိယနိုင်ငံ တို့၏ ဆက်ဆံရေးကို ထိခိုက်စေ နိုင်သည့် Devyani Khobragade ကိစ္စကို အမေရိကန် အစိုးရက မည်သို့ ဆက်လက် ကိုင်တွယ် သွားမည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment