Pages

Saturday, December 21, 2013

ရွှေ့ပြောင်းအလုပ်သမား များနှင့် ဆင်းရဲမှုလျော့နည်း ပပျောက်ရေး


ရွှေ့ပြောင်းအလုပ်သမား များနှင့် ဆင်းရဲမှုလျော့နည်း ပပျောက်ရေး

အယ်ဒီတာ့အာဘော်

လူတို့၏ သဘာဝ အများအားဖြင့် ထင်ရှား လိုစိတ်နှင့် ကျော်စော လိုစိတ် ရှိကြသည်။ စိတ်ပညာရှင် များ၏ အဆိုအရ လူတို့သည် မိမိ၏ ကိုယ်စွမ်း ဉာဏ်စွမ်းကို ၅ဝ ရာခိုင်နှုန်း သာ ထုတ်သုံး တတ်ကြသဖြင့် ထို သူတို့သည် သာမန်အဆင့် မျှသာ ရှိကြသည်။ ကိုယ်စွမ်း ဉာဏ်စွမ်းကို ၇၅ ရာခိုင်နှုန်းခန့် အထိ အသုံးချခွင့် ရကြသူနှင့် အသုံးချ နိုင်သူများ သည် ဘဝအတွက် ဆောင်ရွက် မှုတိုင်း အောင်မြင်ပြီး ထင်ရှား ကျော်စော သူများ ဖြစ်လာ ကြကြောင်း လေ့လာ သိရှိရသည်။

လူတိုင်း လူတိုင်းသည် ပြီးပြည့်စုံ သော ဘဝမျိုးကို ပိုင်ဆိုင် လိုကြသည်။ ပုထုဇဉ် လူသားတိုင်း တစ်နည်းနည်း ဖြင့် ထင်ရှား ကျော်စောမှု ကို နှစ်သက် ကြသည်။ ယနေ့ နယ်ပယ် ကဏ္ဍစုံမှ အောင်မြင်သော ပုဂ္ဂိုလ် များကို ကြည့်ပါက အဓိက အရေးကြီးသော သော့ချက် တစ်ခုကို အရင်းပြု ဆောင်ရွက် ခဲ့ကြ သူများ၊ ဆောင်ရွက်ဆဲ များ ဖြစ်ကြောင်း တွေ့နိုင်သည်။ မိမိတွင် အသက်မွေး ၀မ်းကျောင်း ပြုနိုင်သည့် သိပညာ ၊ အတတ် ပညာ ၊ နည်းပညာ တတ်မြောက် ထားသော်လည်း လုံ့လ စိုက်ထုတ် ဆောင်ရွက်မှသာ အောင်မြင် နိုင်မည် ဖြစ်သည်။ မျက်မှောက် ကာလသည် အရည်အသွေး ကို စိန်ခေါ် နေသော အချိန် ဖြစ်သည်။ ကဏ္ဍစုံ၌ ယှဉ်ပြိုင်မှု များနှင့် ရင်ဆိုင် နေရပြီး မိမိတို့၌ ယှဉ်ပြိုင် နိုင်သော ခွန်အား မရှိပါက နောက်ကျ ကျန်ခဲ့မည့် အခြေအနေ ဖြစ်သည်ကို သတိပြု ကြရပေမည်။

ယနေ့ အချိန်တွင် ကမ္ဘာ့ နိုင်ငံများ၏ စီးပွားရေး အခြေအနေ ပြောင်းလဲ လာမှုနှင့် အတူ နိုင်ငံ တစ်နိုင်ငံ ချင်းစီ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု ၊ လူနေမှု အဆင့်အတန်း ကွာဟမှု စသည့် အမျိုးမျိုးသောအခြေအနေ များကြောင့် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ အလုပ်အကိုင် ရှာဖွေရန် သွားရောက် ကြသည့် ရွှေ့ပြောင်း အလုပ်သမား များ၏ အရေအတွက် တစ်နေ့ တခြား များပြားလျက် ရှိသည်။ ရွှေ့ပြောင်း အလုပ်သမား များ၏ လူနေမှု ပုံစံသစ် ကြီးထွား လာနေပြီး အလုပ်သမား စေလွှတ်သည့် နိုင်ငံနှင့် လက်ခံသည့် နိုင်ငံအတွက် ပါ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက် သော်လည်းကောင်း ၊ သွယ်ဝိုက်သော နည်းဖြင့် သော်လည်းကောင်း အကျိုး သက်ရောက်မှု ရှိသည်။

မြန်မာနိုင်ငံ သည် ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း ( IOM ) အဖွဲ့သို့ ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ တွင် အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန နှင့် အခြား ဆက်စပ် ဝန်ကြီး ဌာနများ ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း၍ ရွှေ့ပြောင်း အလုပ်သမားများ ဘေးအန္တရာယ် ကင်းပြီး ဥပဒေ နှင့်အညီ ရွှေ့ပြောင်း သွားလာ လုပ်ကိုင် နိုင်သည့် အခွင့်အလမ်း များရရှိရေး ၊ ခေါင်းပုံဖြတ် ခံရခြင်းမှ ကာကွယ် တားဆီးရေး ၊ ရသင့်ရထိုက် သည့် အခွင့်အရေး များ ရရှိစေရေး တို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။

ရွှေ့ပြောင်း အလုပ်သမား များသည် မိမိတို့ သွားရောက် အလုပ်လုပ် ကိုင်ကြသည့် နိုင်ငံတကာ လုပ်ငန်း အတွေ့အကြုံ များ ၊ အသိပညာ နှင့် အတတ်ပညာ များကို မိမိနိုင်ငံ၌ စနစ်တကျ ပြန်လည် အသုံးချခြင်း ၊ အခြား အလုပ်သမား များအား ဆင့်ပွား လေ့ကျင့် ပေးခြင်း တို့ဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင် ပေးကြရမည် ဖြစ်သည်။

သို့မှသာ ရွှေ့ပြောင်း အလုပ်သမားများ သည် နိုင်ငံတော်က ဆောင်ရွက် နေသော ဆင်းရဲမှု လျော့နည်း ပပျောက်ရေး တွင် အရေးပါသော အခန်းကဏ္ဍ ၌ တည်ရှိ နေမည် ဖြစ်ပေသည်။ ။

No comments:

Post a Comment