Pages

Tuesday, December 24, 2013

ရာဇ၀င်ထဲက မြစ်သား နှင့် သမိုင်းထဲက စောလူးမင်းကျောက်စာ



မြစ်သား ၊ ၂၄-၁၂-၂၀၁၃

မြစ်သားမြို့ သည် ပုဂံခေတ် အနော်ရထာ မင်းကြီး လက်ထက် ကတည်းက လယ်တွင်း ၁၁ ခရိုင်တွင် နိုင်ငံ ၏ စပါးကျီ အဖြစ် ရာဇ၀င် သမိုင်းတွင် ခဲ့သော မြို့လေး တစ်မြို့ ဖြစ်ခဲ့သည်။ ယခု တွေ့ရှိခဲ့သော ကျောက်စာမှာ လွန်ခဲ့သော နှစ်ပေါင်း ၉၃၅ နှစ်ကျော်က သမိုင်း တန်ဖိုး ကြီးမားလှသည့် စောလူးမင်း ၏ ကျောက်စာ တစ်ချပ် ဖြစ်ပြီး မြစ်သားကို သမိုင်းလှသည့် မြို့လေး တစ်မြို့အဖြစ် ထပ်မံ ဂုဏ်တင့် စေခဲ့ပြန်သည်။

စောလူမင်း ကျောက်စာသည် သမိုင်းဆရာ များကို အတွေးစများ ပေး၍ လွတ်လပ်စွာ ထင်မြင် ယူဆခွင့် ၊ ငြင်းခုံခွင့် ၊ အတည်ပြုခွင့် ပေးခဲ့သည်။။ မြန်မာ့သမိုင်း ကို ပို၍ လေးနက် စေခဲ့သည်။ မျိုးဆက်သစ် ပညာရှင် များကို အခွင့်အရေး များစွာ ပေးခဲ့သည်။

ဤကျောက်စာ သမိုင်းကို ဖော်ထုတ် ပေးခဲ့သည့် မန္တလေးမြို့မှ ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ၊ မွန်ကမ္ပည်း ကျောက်စာ ပညာရှင် နိုင်ဘရှင် ၊ ပျူစာပညာရှင် Mr. Mickey Heart ရှေးဟောင်း သုတေသနဌာန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှပညာရှင်များ ၊ ပေစာသုတေ သီဦးစိုးကျော်သူ ၊ ဦးမင်းဆွေ သမိုင်းသုတေသီ ပခုက္ကူ ၊ ဦးနန်းလှိုင် (ပုရိသစာပေ သမိုင်း သုတေသန ပညာရှင်) ၊ ဒေါက်တာ တိုးလှ ရှေးဟောင်း သုတေသနဌာန နှင့် သမိုင်း ပါမောက္ခ(ငြိမ်း) ၊ လန်ဒန် တက္ကသိုလ် ရှေးဟောင်း သုတေသန ဌာန ပါမောက္ခ Dr. E.H Moore တို့ လာရောက် လေ့လာ ဖတ်ရှုပြီး မှတ်ချက် အသီးသီး ပေးခဲ့ကြသည်။

တမ္ပဝတီ ဦးဝင်းမောင် မှ မြစ်သားမြို့ ပေတော ကျောင်းတိုက်ဝင်း တွင် ရှေးဟောင်း ကျောက်စာ (၃ချပ်) တွေ့ရှိ ဟူသည့် သတင်းကို (၅-၁၁-၂ဝ၁၃) ရက်ထုတ် ရတနာပုံ သတင်းစာ တွင် ဖတ်ရသဖြင့် (၁၇-၁၁-၂ဝ၁၃) ရက် တွင် လည်းကောင်း ၊ (၂၇-၁၁-၂ဝ၁၃) ရက်တွင် လည်းကောင်း Mr. Mickey Heart နှင့်အတူ လာရောက် ဖတ်ရှုခဲ့ရာ ဤကျောက်စာ သည် ပုဂံခေတ်ဦး ၁၁ ရာစု နှစ်ဖက် ရေးထိုး ထားသော စောလူးမင်းေ ကျာက်စာ 

ဖြစ်ကြောင်း ၊ ကျောက်စာကြီး ၏ အလျားမှာ ၅ ပေ ၉ လက်မ အနံ ၃ ပေ ၆ လက်မ ထုအရင်းပိုင်း တွင် ၇ လက်မ ၊ အဖျားပိုင်းတွင် ၅ လက်မထူ သော အမည်းရောင် ထုံးကျောက်ဖြင့် ထုလုပ်ထားခြင်း ဖြစ်ကြောင်း ၊ ပျူဖက်တွင် ရေးထိုးထားသော အက္ခရာများမှာ အလွန် ရှေးကျသော ပျူလူမျိုးများ ထံ ဗုဒ္ဓအက္ခရာ မရောက်မီ (ဘီစီ) ကာလကပင် စတင် သုံးစွဲသော ရှေးဟောင်း ဗြာဟ္မီအက္ခရာ ပွားတစ်မျိုး နှင့် ရေးထိုး ထားသော ပျူလက်ရာ နှင့် ပျူပါဠိ (ဂုတ္တခေတ်ဗုဒ္ဓ) အက္ခရာ တစ်မျိုး တွေ့ရှိကြောင်း ၊ ကျောက်စာ နှစ်ဖက်လုံး ကို သုံးသပ် ကြည့်ရာတွင် အမည်မဖော် နိုင်သေးသော ဘာသာတစ်ခု ၊ ပျူဘာသာ ၊ မွန်ဘာသာ ၊ ပါဠိဘာသာ (ပျူအက္ခရာရေး) ၊ ပါဠိဘာသာ (မွန်အက္ခရာရေး) ဟူ၍ အက္ခရာ လေးမျိုး ဘာသာ ငါးမျိုး ပါရှိသော ကျောက်စာ ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

(၁၄-၁၂-၂ဝ၁၃) ရက်တွင် ဆရာကြီး နိုင်ဘရှင် (မွန်ကမ္ပည်း ကျောက်စာ ပညာရှင်) မှ ဤ ကျောက်စာသည် စောလူးမင်းကြီး ၏ ကောင်းမှုတော် ကျောက်စာ ဖြစ်ကြောင်း ၊ မွန်ဘာသာဖြင့် ရေးထိုး ထားသည့်ဘက် မှ စာကြောင်းရေ (၁၈)တွင် ဂဏန်းသင်္ချာ မျှသာမ ဟုတ်ဘဲ အက္ခရာ စာလုံး စာတန်းဖြင့် သက္ကရာဇ် ခုနှစ်ကို '' လေးရာ လေးဆယ့် တစ်ခု'' ဟူ၍ ရေးထိုးထားပြီး စောလူမင်း နန်းတက်ပြီး ၂ နှစ်အကြာမှ ဤဒေသသို့ လာရောက်ပြီး ဘဝပန်းတိုင် အတွက် ဘုရားဆုပန် ကျောက်စာ အဖြစ် အခိုင်အမာ မှတ်တမ်း တင်ထားခြင်း ဖြစ်ကြောင်း ၊ ယင်း စာမျက်နှာဘက် တွင် စာကြောင်းရေ (၂၈) ကြောင်း ရေးထွင်း ထားပြီး စာတစ်ကြောင်း လျှင် အက္ခရာ စာလုံးရေ ၂၃ လုံးခန့် ပါဝင် နိုင်ကြောင်း ၊ ယခု တွေ့ရှိသော ကျောက်စာတွင် အက္ခရာ စာလုံးအချို့ ပျက်စီးသွား သဖြင့် ယခုကဲ့သို့ ရှားပါးလှသော '' ဗဇြာဘရဏ ဒေဝ '' မင်းကြီး၏ ကျောက်စာကို ပြည့်ပြည့်စုံစုံ မူလအတိုင်း ဖတ်ခွင့် မကြုံ ရတော့သဖြင့် အလွန် ဝမ်းနည်းမိ ပါကြောင်း ၊ စောလူးမင်းကြီး ၏ ဖခမည်းတော် အနော်ရထာ မင်းကြီး၏ ကျောက်စာ ဟူ၍ တစ်တိုင် တစ်ပိုင်မျှပင် ဖတ်ခွင့် မကြုံကြ ရသောအခါ ဤ မပြည့်စုံသော သားတော် စောလူးမင်း ၏ ကျောက်စာကို ဖတ်ခွင့် ကြုံရခြင်း သည်ပင် သမိုင်းတန်ဖိုး ကြီးမား လှပါကြောင်း ၊ အထူးသဖြင့် စာကြောင်းရေ အမှတ်စဉ် ၇ နှင့် အမှတ်စဉ် ၂၇ တို့တွင် စောလူးမင်းကြီး ၏ ဘွဲ့အမည် '' ဗဇြာဘရဏ ဒေဝ '' အက္ခရာ စာသား ပီပီသသ ကျန်ရှိ သေးခြင်းကြောင့် ရှားပါး လှသော စောလူးမင်း ကြီး၏ မူလ ကျောက်စာ ခေတ်ပြိုင် အက္ခရာဟု အခိုင်အမာ ယုံကြည်ကြောင်း ၊ မင်းကြီး ကောင်းမှုတော် အစီအမံကို မွန်အက္ခရာ ၊ ပျူအက္ခရာ ၊ နှစ်မျိုး နှင့် ပါဠိဘာသာ ၊ မွန်ဘာသာ ၊ ပျူဘာသာ ဘာသာသုံး မျိုးဖြင့် စာနှစ်မျက်နှာ မှတ်တမ်းတင် တန်ဖိုးကြီး ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း အခိုင်အမာ အတည်ပြု ပေးခဲ့ပြီး မြန်မာနိုင်ငံ အတွက် သမိုင်း တန်ဖိုးကြီးမား လှသည့် အထောက်အထား တစ်ခုကို မြတ်မြတ်နိုးနိုး ဝိုင်းဝန်း ထိန်းသိမ်း သင့်ကြောင်း ပြောကြား ခဲ့သည်။

(၁၅-၁၂-၂ဝ၁၃) ရက်တွင် ဆရာကြီး ဒေါက်တာ တိုးလှ ရှေးဟောင်း သုတေသနဌာန နှင့် သမိုင်း ပါမောက္ခ(ငြိမ်း) မှ နောင်လာ နောက်သားများ အတွက် အထောက်အထား ခိုင်မာသော အကျိုးပြု နိုင်သော တန်ဖိုးကြီး ရှားပါး ကျောက်စာ တစ်ချပ် ဖြစ်ကြောင်း စောလူးမင်း ကျောက်စာသစ် ဧည့်မှတ်တမ်းတွင် ရေးထိုးခဲ့သည်။

(၁၆-၁၂-၂ဝ၁၃) ရက်တွင် ဆရာကြီး ဦးမင်းဆွေ သမိုင်း သုတေသီမှ ဤ ကျောက်စာတွင် ပျူဘာသာ ၊ မွန်ဘာသာ ၊ ပါဠိသံဖြင့် ရေးသော ပျူစာ ၊ ပါဠိသံဖြင့် ရေးသော မွန်စာများ တွေ့ရှိကြောင်း ၊ ပါဠိအက္ခရာ ၊ ပါဠိစာဟု မရှိကြောင်း မာဂဓ စကား ပါဠိစကား ဖြစ်သော အသံသာ ရှိသည်ဟု လည်းကောင်း ၊ ဤ ကျောက်စာတွင် ဗုဒ္ဓဓမ္မသတ် ဟု အဓိပ္ပာယ် ရသော စာစုတွင် ''မ'' အက္ခရာ ရေးထုံး အသစ်ဖြင့် ရေးထားသည်ကို တွေ့ရကြောင်း ၊ ရွှေပေလွှာ အချပ် ၂ဝ စာနှင့် တူသော ပျူစာ အရေးသားကို တွေ့ရကြောင်း ၊ ရာဇကုမာရ ကျောက်စာတွင် ရေးထိုး ထားသော ပျူစာလက်ရာ နှင့် တူသော အရေးအသား မျိုးကို ပျူဘက် အောက်ဆုံး စာပိုဒ်တွင်ေ တွ့ရှိ ရကြောင်း ပြောကြား ခဲ့သည်။

(၁၆-၁၂-၂ဝ၁၃) ရက်တွင် ဆရာကြီး ဦးနန်းလှိုင် (ပုရိသစာပေ သမိုင်း သုတေသန ပညာရှင်) မှ ဤ ကျောက်စာ သည် ပျူဘာသာ စစ်စစ် ၊ ပါဠိသံ ပါသော ပျူဘာသာ ၊ မွန်ဘာသာ စစ်စစ် ၊ ပါဠိသံပါသော မွန်ဘာသာ ၊ ဒေဝနာဂရီ ခေါ် သက္ကတ ဘာသာနှင့် ရေးထိုး ထားသည်ကို တွေ့ရှိကြောင်း ပုဂံခေတ် စောလူးမင်း ၏ ကျောက်စာ ဖြစ်ပြီး သားတော် စောယွန်းမင်း ၏ သမိုင်းကို ပိုင်ပိုင်နိုင်နိုင် သိနိုင် တော့မည် ဖြစ်၍ ကျေးဇူး ကြီးမား လှပါသည် ဟု ပြောကြား ခဲ့သည်။

(၁၉-၁၂-၂ဝ၁၃) ရက်တွင် လန်ဒန် တက္ကသိုလ် ရှေးဟောင်း သုတေသန ဌာနမှ ပါမောက္ခ ဒေါက်တာ အဲလစ်ဇဘက်မိုး က '' သမိုင်း တန်ဖိုးကြီးမား လှပြီးရှားပါး လှတဲ့ ကျောက်စာ အသစ်ကို ဦးစွာ မြင်ခွင့် ဖတ်ခွင့်ကြုံလို့ ကျေးဇူး တင်ပါတယ် ၊ ဒီကျောက်စာဟာအရမ်း အရေးကြီး ပါတယ် ၊ ဒီဘုရားမှာ ထိန်းသိမ်း ထားတာ အရမ်း ကောင်းတယ် ''ဟု ပြောကြား ခဲ့သည်။

ဆရာကြီး နိုင်ဘရှင် နှင့် ဦးဝင်းမောင် တို့မှ ကျောက်စာ အကြောင်းအရာ နှင့် ပတ်သက်၍ စောလူးမင်းကြီး ၏ ကောင်းမှုတော် ကျောက်စာ ဖြစ်ကြောင်း ၊ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီး၏ သားတော် စောလူးမင်းကြီး သည် မြစ်သားအရပ် (ကျောက်စာပါ ကတဲမြို့) တွင် စေတီကြီး တစ်ဆူ တည်ထားပြီး ထို စေတီတော်ကြီး ၌ သူ၏ အရပ်တမျှ ရှိသော ဆင်းတုတော် ကြီး တစ်ဆူ ရွှေဆင်းတုတော် နှစ်ဆူ ၊ ငွေဆင်းတု တော်များ လယ်ပယ်တစ်ရာ ၊ ကျွန်တစ်ရာ ၊ စပါးတင်း တစ်ထောင် ၊ ကချေသည် ဆယ်ဦး တို့ကို လှူဒါန်း ပူဇော်ခဲ့ပြီး ဘုရားဆုပန် ခဲ့သည်ဟု အနက် အဓိပ္ပာယ် ဖော်ဆောင် ပေးခဲ့ သည်။

ရှေးဟောင်း သုတေသန ဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးညိုမြင့်ထွန်း ထံ ဆက်သွယ် မေးမြန်း ကြည့်ရာ '' ဒီကျောက်စာ နှင့် ပတ်သက်ပြီး နေပြည်တော် မှာ ရှေးဟောင်းမှ ပညာရှင်တွေ စုပေါင်း အဖြေရှာ နေကြပါတယ်။ အဖြေရရင် ကျွန်တော်တို့လဲ တရားဝင် ထုတ်ပြန် ပေးမှာပါ '' ဟု ပြောကြား ခဲ့သည်။ 

(၁၄-၁၂-၂ဝ၁၃) ရက်တွင် ဆရာကြီး ဦးမောင်မောင်တင် ၏ (၉၇) ကြိမ်မြောက် မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ တွင် ဆရာကြီး ဦးဝင်းမောင် မှ ယခု အသစ်တွေ့ ရှိသော စောလူးမင်း ကျောက်စာ နှင့် ပတ်သက်၍ ပဏာမ လေ့လာ တွေ့ရှိချက် အား တင်သွင်းခဲ့ပြီး ၄င်းက '' ဒီကျောက်စာ က တစ်ဦး တစ်ယောက် ၊ အဖွဲ့အစည်း တစ်ခုတည်း နဲ့ဖော်ထုတ်လို့ မရပါဘူး။ ဘာသာ အမျိုးမျိုးနဲ့ ရေးထိုး ထားတာကြောင့် သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ စုပေါင်းပြီး အဖြေရှာ ကြရမှာ ဖြစ်ပါတယ် '' ဟု ပြောကြား ခဲ့သည်။ 

ဤကျောက်စာ သည် အပိုင်း ၅ ပိုင်း ကွဲထွက် သွားတာ ဖြစ်နိုင်ပြီး ယခုတွေ့ရှိ ဆက်စပ်ပြီးသော အပိုင်းေ လးပိုင်းကို ပေတော ကျောင်းဆရာတော် ဦးဉာဏဓဇ မှ ကောင်းမွန်စွာ စောင့်ရှောက် ထားပြီး ကျန်တစ်ပိုင်း ကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

သက်ဆိုင်ရာက ဤကျောက်စာ နှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်မည့် သတင်းကို သမိုင်း လေ့လာနေသူ များနှင့် ဝါသနာရှင် ပြည်သူများက စိတ်ဝင်တစား မျှော်လင့် နေကြကြောင်း သိရှိရသည်။



ဆက်စပ်သတင်းများ

မြစ်သားမြို့ရှိ မွန်ကျောက်စာ သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က ရေးထိုးထားသော ဘုရားမြေလှူ မွန်ကျောက်စာ တစ်ချပ်ဖြစ်

မြစ်သားမြို့တွင် တွေ့ရသော ကျောက်စာချပ် မှာ နှစ်ပေါင်း ၈၀၀ ကျော်က မွန်ကျောက်စာဖြစ်

No comments:

Post a Comment