Pages

Sunday, December 15, 2013

စာပေထက်မြက်နိုင်ငံအတွက်


စာပေထက်မြက်နိုင်ငံအတွက်

အယ်ဒီတာ့အာဘော်
( ၁၅-၁၂-၂၀၁၃ )

၂၁ ရာစု နှစ်သစ်တွင် ပညာခေတ်၏ စိန်ခေါ်မှု များကို ကျော်လွှား နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးပမ်းနေကြသည်မှာ ဉာဏကို အခြေခံသော လူမှု အဖွဲ့အစည်းများ အားကောင်း မောင်းသန် ဖြစ်အောင် ကြိုးပမ်း ပုံဖော် နေကြခြင်း ဖြစ်သည်။ ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး ကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ကြိုးပမ်း တည်ဆောက် နေချိန်တွင် စာပေ ပညာရှင် များ၏ အသိပညာ ပေးဝေမှု အခန်းကဏ္ဍ လွန်စွာ အရေးပါလျက ရှိသည်။

၂ဝ၁၂ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု ၊ အမျိုးသား စာပေဆု နှင့် စာပေဗိမန် စာမူဆု ပေးအပ် ချီးမြှင့်ပွဲကို ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားပြီး အမျိုးသား စာပေ တစ်သက်တာဆု ရရှိကြသည့် စာပေ ပညာရှင်ကြီး များအား ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ဒုတိယ သမ္မတက ယနေ့ခေတ် ပညာ၏ အရေးပါမှုကို ပြောကြားစဉ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ၌ ဖော်ပြခဲ့သော '' ပညာ၏သရုပ် '' အဓိပ္ပာယ် ဖွင့်ဆိုချက် ကို ကိုးကား တင်ပြရာ၌ " ဗိုလ်ချုပ် အောင်ဆန်း က ပညာသည် လူ၏ဉာဏ် ကိုသာ ပြုပြင် တိုးချဲ့ရုံ သာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူအဆများ ကိုလည်း တိုးတက် စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို ညွတ်နူး စေရမည် ရာဇ၀င်ကို သိရုံ သာမဟုတ်၊ ရာဇ၀င် ကို ဖန်တီး နိုင်ရမည်။ လောကဓာတ် ပညာကို သိရုံသာ မဟုတ် ၊ လောကဓာတ် ပညာကို တိုးချဲ့ နိုင်ရမည်။ ပထဝီပညာကို သိရုံသာ မဟုတ် ၊ မြေသစ် ရေသစ် တောတောင်ကို ရှာဖွေ စုံစမ်းနိုင်စွမ်း ရှိရမည်။ လောက အကြောင်း နားလည် စေရုံသာ မဟုတ် ၊ ဒီထက် ကောင်းသော လောက ဖန်ဆင်း နိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းတည်း ဟု ဖွင့်ဆို ခဲ့ပါကြောင်း " ဖြင့် ပြောကြားပြီး စဉ်ဆက် မပြတ် အသိပညာ မျှဝေရန် နှင့် အတတ်ပညာ ဖန်တီးနိုင်မှု များကို ဆန်းစစ်ကြရန် တိုက်တွန်း ခဲ့သည်။

စာပေနှင့် လူမျိုးသည် ရေကန် နှင့် ကြာပန်း ကဲ့သို့ တူညီသည် ဟု ရှေးပညာရှိ များ နှိုင်းယှဉ် သွန်သင်ခဲ့ ကြသည်။ ရေကန်ထဲမှ ရေများ မြင့်တက် လာလျှင် ကြာပန်းတို့ ငွားငွားစွင့်စွင့် တင့်တယ် လှပစွာ ပွင့်လန်း လာသကဲ့သို့ စာပေ အဆင့်အတန်း မြင့်မား ပါလျှင် လူမျိုး၏ ဂုဏ်သိက္ခာ တင့်တယ် ထည်ဝါမည် ဖြစ်သည်။ ဘာသာစကား နှင့် ဘာသာစာပေ သည် လူမျိုး တစ်မျိုး၏ အသက် ဝိညာဉ် တန်ဆောင် ဆီမီးသဖွယ် ဖြစ်သဖြင့် စာပေ ပညာတည်း ဟူသော မီးရှူး တန်ဆောင်ဖြင့် နိုင်ငံနှင့် လူမျိုး တို့ကို ဖွံ့ဖြိုး တိုးတက် စေနိုင်သည်။ မြန်မာ့ သမိုင်းတွင် စာပေ ပညာရှင်များ အပါအ၀င် နိုင်ငံတော် အကျိုး သယ်ပိုး ဆောင်ရွက် ခဲ့ကြ သူများ၏ ကြိုးပမ်း အားထုတ်မှု များကြောင့် အမျိုး ၊ ဘာသာ ၊ သာသနာ နှင့်အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များ ယနေ့အထိ ခိုင်ခိုင် မာမာ ရပ်တည် နိုင်ခဲ့ခြင်း ဖြစ်သည်။

စာပေအမွေ ဆက်ခံသူ တို့က မြန်မာစာပေ ရေးသား ကြရာတွင် ဝါကျဒေါသ (၉)ပါးမှ သဗန္ဓာဖရုသ ဒေါသ သင့်သည့် ကြမ်းတမ်းသော အက္ခရာ အများအပြား နှင့် ရေးသားခြင်း နှင့် ၀ါကျ ဒေါသ ပရိဟာရ် (၉)ပါး မှ ဂါမ္မပရိဟာရ် ဟုဆိုသော ရပ်ရွာအကျိုး ဆုတ်ယုတ် စေသော အရေးအသား မျိုးကို ရှောင်ကြဉ် ကြရမည် ဖြစ်သည်။

သို့ဖြစ်၍ စာပေ ထက်မြက် နိုင်ငံအတွက် ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ အမျိုးသား ယဉ်ကျေးမှု အနုသုခုမ ပညာ အရပ်ရပ်ကို ရှင်သန် ဖွံ့ဖြိုး စေသော စာပေ ရေသောက်မြစ် တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်း ကာကွယ် ကြရမည် ဖြစ်ပေသည်။ ။

No comments:

Post a Comment