Pages

Monday, December 16, 2013

စာအုပ်ထဲက ဒီမိုကရေစီ နှင့် ဘ၀ထဲက ဒီမိုကရေစီ ပေါင်းစပ်


စာအုပ်ထဲက ဒီမိုကရေစီ နှင့် ဘ၀ထဲက ဒီမိုကရေစီ ပေါင်းစပ်

အယ်ဒီတာ့အာဘော်
( ၁၆-၁၂-၂၀၁၃ )

လောကကြီး၌ ကံအကြောင်း  ပေါင်းဆုံ စုဝေးမိ သဖြင့် လူ့ဘဝတွင် လူဟူ၍ ဖြစ်လာကြပြီး လူမှုကိစ္စ အဝဝ တို့ဖြင့် ရှုပ်ထွေး နေကြရ သောကြောင့် မိမိတို့ဘဝ မိမိတို့ အဖြစ်ကို စစ်ဆေး ကြည့်ရှု ရှေ့နောက် ချင့်ချိန်ခွင့် ရရှိသူ နည်းပါး ကြသည်။ မိမိတို့ နေ့စဉ် ရုန်းကန် လှုပ်ရှား နေကြခြင်း သည် ဘဝအတွက် မည်သို့ ကောင်းကျိုး ပြုသည်။ မည်သို့သော မကောင်းကျိုး တွေ့ရသည် တို့ကို ဝေခွဲ မသိနိုင် ဖြစ်ကြ ရသည်။

ဘဝ ရပ်တည်ရေး အတွက် ရှာဖွေခြင်း နှင့် စပ်လျဉ်း၍ ဂေါတမ မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ် ဥရု ဝေလတော ၌ ဘဒ္ဒဝဂ္ဂိယ ညီနောင် ၃ဝ တို့အား အနမတဂ္ဂသုတ် ကို မဟောမီ မိမိကိုယ် မိမိ ရှာဖွေရေး အတွက် မေးခွန်း မေးမြန်း ခဲ့သည်။ မဟာကောသလ မင်းကြီး သည် မိဖုရား ခေါင်ကြီးက မွေးဖွားသော ပသေနဒီ သားတော် ကို မင်းမြှောက်၍ ကျန်သားတော် များမှာ လွတ်လပ်စွာ စီးပွားရှာ ၊ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့် ပေးထား သည်။ မင်းကြီး၏ သားတော် ဘဒ္ဒဝဂ္ဂိယ ညီနောင် ၃ဝ အနက် ၂၉ ယောက်မှာ အိမ်ထောင်ရှိပြီး တစ်ဦးမှာ အိမ်ထောင် မရှိသူ ဖြစ်နေသည်။ ညီနောင် ၃ဝ တို့ လှည့်လည် သွားလာရင်း အိမ်ထောင် မရှိသူ မင်းသားသည်  ခရီးလမ်း၌ တွေ့သော အမျိုးသမီး တစ်ဦးနှင့် ရည်ငံ သွားကြသည်။ ရက် အတန်ကြာသော် ထိုအမျိုးသမီး သည် လက်ဝတ် ရတနာများကို ယူကာ တိတ်တဆိတ် ထွက်သွားသည့် အတွက် ညီနောင်များက လိုက်ရှာ ကြစဉ် ဥရုဝေလတော အတွင်း၌ ဂေါတမ မြတ်စွာဘုရား နှင့် တွေ့ကြခြင်း ဖြစ်သည်။

ဂေါတမ မြတ်စွာဘုရား အား ညီနောင် ၃ဝ တို့က အကြောင်းစုံ လျှောက်ထားပြီး ထိုအမျိုးသမီး ကို တွေ့ ၊ မတွေ့ မေးမြန်း လျှောက်ထား ကြသည်။ မြတ်ဘုရားက မင်းသားတို့အား ပျောက်သွား သူကို ရှာဖွေခြင်း နှင့် မိမိ ကိုယ်မိမိ ရှာဖွေခြင်း တို့တွင် မည်သည့် ရှာဖွေခြင်း က အကောင်းဆုံး ဖြစ်မည်နည်း ဟု ပြန်လည် မေးမြန်းသည်။ ထိုအခါ မင်းသား တို့က '' အရှင်ဘုရား သူများကို လိုက်ရှာ နေခြင်းထက် မိမိကိုယ် မိမိ ရှာဖွေခြင်း ကပို၍ ကောင်းပါသည်။ ပို၍ မြတ်ပါသည်ဘုရား ''ဟု လျှောက်ထား ကြသည်။ ဂေါတမ မြတ်စွာဘုရား က အနမတဂ္ဂ ဒေသနာတော် ကို ဟောကြား အပြီးတွင် ညီနောင် ၃ဝ တို့သည်လည်း မိမိကိုယ်ကို မိမိ ရှာဖွေခြင်းဖြင့် မြင့်မြတ်သော ရဟန္တာ ဖြစ်သွား ကြပြီး စောစောက ပစ္စည်းယူ တိမ်းရှောင် သွားသော အမျိုးသမီးကို အပြစ်တင် ရှာဖွေခြင်းဖြင့် အချိန်မဖြုန်း ကြတော့ပေ။ 

ယနေ့ မြန်မာပြည်သူ အပေါင်း လောကီ ချမ်းသာ ညီတူညီမျှ ရကြစေ ခြင်းငှာ စစ်မှန်သော ဒီမိုကရေစီ ကို ရှာဖွေ နေကြရာဝယ် အနမတဂ္ဂ ဒေသနာတော် ကို နမူနာ ယူသင့်သည်။ လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ပါလီမန် ဒီမိုကရေစီ ၊ ဆိုရှယ်လစ် ဒီမိုကရေစီ ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလ တို့ကို ဖြတ်ကျော်ကာ အားလုံး ပါဝင်နိုင်သော ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် နိုင်ငံတော်သစ် တည်ဆောက် နေပြီ ဖြစ်သည်။ ခေတ်စနစ် အလိုက် ပါဝင်ခဲ့ကြ သူများအား ဝေဖန် ထောက်ပြကြ ရာ၌ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရေးသား ခဲ့သော '' တောင်ကျရေ နွားနှစ်ကောင် မဝသလို ၊ မောင်ဘဘေ ငါးထောင်မရ သော်ကြောင့် ''မှစ၍ လွတ်လပ်ရေး ရပြီး နောက်ပိုင်း တွင်လည်း '' ရွှေအကြောင်း ဖယောင်း သက်သေ ၊ လူအကြောင်း မင်းသမီး သက်သေ ''ဟူ၍ လည်းကောင်း ၊ မီးခွက်မှုတ်သည့် သတင်းနှင့် သုံးလောင်းပြိုင် လူသတ်မှု ၊ ငါးလောင်းပြိုင် လူသတ်မှု တို့ကို လည်းကောင်း ၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင် ပုဂ္ဂိုလ်များ က နိုင်ငံတော် အပေါ် သစ္စာ ဖောက်ဖျက် ပေးပို့သော စာရွက် စာတမ်း များအား သောင်းကျန်းသူ စခန်းများမှ သိမ်းဆည်း ရမိခဲ့သည့် သတင်း စသည်ဖြင့် အမျိုးမျိုး တွေ့ခဲ့ ရသည်။

ခေတ်စနစ် အလိုက် ကောင်းကျိုး ဆိုးပြစ်တို့ ရှိခဲ့ကြသည်။ ကုန်လွန် ခဲ့သော အချိန်နှင့် ဆုံးရှုံးမှု တို့ကို ပြန်လည် အစားမရနိုင် တော့သလို ခေတ်ဟောင်းက ပုဂ္ဂိုလ်ကြီးများ သည်လည်း မရှိကြတော့ ခြင်းကြောင့် သင်ခန်းစာ ယူကြရန် မှတစ်ပါး အခြား မရှိတော့ပါ။

သို့ဖြစ်၍ ခေတ်သစ် စနစ်သစ် ဖြင့် နိုင်ငံတော်ကြီး တွင် ပြည်သူ တို့၏ ဘဝသစ် တည်ဆောက်ရေး အတွက် စာအုပ်ထဲက ဒီမိုကရေစီ နှင့် ဘဝထဲက ဒီမိုကရေစီ ပေါင်းစပ် နိုင်ရန်မှာ မိမိကိုယ် မိမိ ဦးစွာ ဆန်းစစ် ရှာဖွေကြ ရမည် ဖြစ်ပေသည်။   ။


No comments:

Post a Comment