Pages

Sunday, December 29, 2013

လူဦးရေစာရင်းများ မှန်ကန်စွာ ရရှိရေး ၀ိုင်းဝန်းပံ့ပိုးပေး


လူဦးရေစာရင်းများ မှန်ကန်စွာ ရရှိရေး ၀ိုင်းဝန်းပံ့ပိုးပေး

အယ်ဒီတာ့အာဘော်
( ၂၉-၁၂-၂၀၁၃ ) 

နိုင်ငံ တစ်နိုင်ငံ အတွင်းရှိ စုစုပေါင်း လူဦးရေကို သိရှိနိုင်ရန် သန်းခေါင် စာရင်း ကောက်ယူ ရမည် ဖြစ်သည်။ သို့မှသာ နိုင်ငံ၏ စုစုပေါင်း လူဦးရေ ၊ လူဦးရေ သိပ်သည်းမှု ၊ လူဦးရေ ပျံ့နှံ့မှု ၊ ကျား - မ အချိုးအစား နှင့် အလုပ်လုပ် နိုင်သူဦးရေ အချိုးအစား နှင့် အခြား လူမှုရေး အခြေအနေ တို့ကို သိရှိ နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ တွင် ၁၇ ရာစုက သာလွန် မင်းတရားကြီး လက်ထက် နှင့် ၁၈ ရာစုနှစ် တွင် ဘိုးတော် မင်းတရား တို့ လက်ထက်များ ၌ လူဦးရေ စာရင်းများ ကောက်ယူ ခဲ့သည်။ ထိုကာလ နောက်ပိုင်း ကောက်ယူ ခဲ့သော သန်းခေါင်စာရင်း များမှာ ဧရိယာ လွှမ်းခြုံမှု မတူညီ ခဲ့သဖြင့် လူဦးရေ စာရင်းမှာ လည်း တစ်ခုနှင့် တစ်ခု တူညီမှု မရှိကြောင်း တွေ့ရသည်။

လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီ တွင် မြို့ပေါင်း ၂၅၂ မြို့ ၊ ၁၉၅၄ ခုနှစ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၁၅၉ အုပ်စု၌ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။ ၁၉၇၃ ခုနှစ် ဧပြီ ၁ ရက်မှ ၄ ရက်အထိ နေမြဲ လူဦးရေ စာရင်း ကောက်ယူ ခဲ့ပြီး ဧပြီ ၅ ရက်တွင် လှေ ၊ သမ္ဗန် ၊ သင်္ဘောပေါ် နေထိုင်သူများ နှင့် အခြေအနေ မဲ့သူများကို တွေ့ရှိ လူဦးရေ အဖြစ် စာရင်း ကောက်ယူ ခဲ့သည်။ ထို့အတူ ၁၉၈၃ ခုနှစ် ဧပြီ ၁ ရက်မှ ၅ ရက်အထိ အမျိုးအဆင့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။ မြန်မာနိုင်ငံ ၏ စုစုပေါင်း ဧရိယာ ၂၆၁၂၂၈ စတုရန်းမိုင် ရှိရာ လူဦးရေ သိပ်သည်းမှု မှာ တစ်စတုရန်းမိုင် လျှင် ၂၂ဝ နှုန်း ရှိကြောင်း ၂ဝဝ၇ ခုနှစ်က စာရင်းများ အရ သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ သိပ်သည်းမှုကို ၂ဝဝ၆ ခုနှစ် စာရင်းများ အရ အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက စင်ကာပူ နိုင်ငံသည် စတုရန်း တစ်မိုင်လျှင် ၁၆၈၂၄ ဦး ၊ ဖိလစ်ပိုင် ၇၆၃ ဦး ၊ ဗီယက်နမ် ၆၆၃ ဦး ၊ အင်ဒိုနီးရှား ၃၃၁ ဦး ၊ ထိုင်း ၃၂၅ ဦး အသီးသီး ရှိကြပြီး မြန်မာနိုင်ငံ က ၂၂ဝ ဦး အသီးသီး ရှိကြသည်။ ကမ္ဘောဒီးယား ၊ မလေးရှား ၊ ဘရူနိုင်း ဒါရုဆလမ် နှင့် လာအို တို့သည် မြန်မာနိုင်ငံထက် လူဦးရေ သိပ်သည်းမှု လျော့နည်း သည်။

ဤကမ္ဘာကြီး တွင် လူဦးရေ၏ အခန်းကဏ္ဍ သည် များစွာ လေးနက် ကျယ်ဝန်းခြင်း ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) ကို ၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်း၍ ကမ္ဘာ့ လူဦးရေ ဆိုင်ရာများ အား ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ သည်လည်း လူဦးရေ ကိစ္စရပ်များကို လူတစ်ဦး တစ်ယောက်မှ စ၍ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန တို့သည် နိုင်ငံသား တစ်ယောက် ပီသစွာနှင့် နိုင်ငံ တစ်နိုင်ငံ ပီသစွာ တာဝန်သိသိ ဆောင်ရွက် ကြရမည် ဖြစ်သည်။

နိုင်ငံတော်တွင် ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး ဆောင်ရွက်မည် ဖြစ်ရာ နိုင်ငံ ဖွံ့ဖြိုးရေး အတွက် စီမံကိန်းများ ရေးဆွဲရာတွင် အသုံးပြုမည့် လူဦးရေ ကိန်းဂဏန်းများ တိကျ မှန်ကန်စွာ ရရှိရေး အတွက် ပြည်သူများက အမျိုးသားရေး တာဝန်အဖြစ် ခံယူကာ ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

No comments:

Post a Comment