Pages

Sunday, December 29, 2013

မပုပ်မသိုးသည့် ဆားတောင် ဆရာတော်ကြီး ရုပ်ကလာပ်တော် ဖူးမြော် ကြည်ညိုနိုင်



မပုပ်မသိုးသည့် ဆားတောင် ဆရာတော်ကြီး ရုပ်ကလာပ်တော်

မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့နယ် ကသဲကုန်းရွာ (မင်းရွာကုန်း) ရှိ ကျေးဇူး တော်ရှင် ဆရာတော်ကြီး ၏ ဥတုဇ ရုပ်ကလာပ် ထားတော်မူရာ ထာဝရ ဗိမာန်တော် တွင် ဆရာတော် ကြီး၏ ရုပ်ကလာပ် တော်အား လာရောက်ဖူးမြော် ကြည်ညိုသူ များပြားကြောင်း သိရသည်။

ဆရာတော်ကြီး သည် စစ်ကိုင်းတိုင်း ဒေသကြီး ဆားတောင် ကျေးရွာအုပ်စု သင်တွဲရွာနေ အဖ ဦးငွေဒင် ၊ အမိ ဒေါ်ပြောင် တို့မှ ၁၂၈၇ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၄ ရက် ကြာသပတေး နေ့တွင် မီးရှူး သန့်စင် ဖွားမြင် တော်မူခဲ့ပြီး ငယ်နာမည် မောင်လတ် ဖြစ်သည်။ ၁၂ နှစ်သား အရွယ်တွင် သင်တွဲရွာ ကြာကန်ကျောင်း ဆရာတော် ထံတွင် ရှင်သာမဏေ ပြုခဲ့သည်။ ကိုရင်နှစ်ဝါ အရတွင် လူထွက်ခဲ့ပြီး (၁၅)နှစ် သားအရွယ်တွင် ဆားတောင်ရွာ မစိုးရိမ် တောရ ဆရာတော် ဘဒ္ဒန္တ ဇဋိလထံ တွင် သာမဏေ ဝတ်ခဲ့ ပြန်သည်။ ၁၃ဝ၇ ခုနှစ်တွင် မြင့်မြတ်သော ရဟန်းဘောင် သို့ တက်လှမ်း တော်မူခဲ့သည်။ ဆရာတော်ကြီး ၏ ဥပဇ္ဈာယ် ဆရာတော်မှာ ဆားတောင်ရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တတေဇ ဖြစ်သည်။ ဆားတောင် ဆရာတော်ကြီး ၏ ဘွဲ့အမည်မှာ ဘဒ္ဒန္တ ပညာဏိက ဖြစ်သည်။

ဆရာတော်ကြီး သည် စာဝါများ သင်ကြား နေစဉ် ရဟန်း ကိုးဝါ အရတွင် ခြေတရွတ်ဆွဲ ရောဂါ ပေါ်လာ၍ စာဝါများ ဆက်မလိုက် နိုင်တော့ သဖြင့် စွန်းလွန်း ဆရာတော်ကြီး ၏ ထေရုပ္ပတ္တိ နှင့် ကျင့်စဉ် အတိုင်း မလျှော့သော ဇွဲ ၊ လုံ့လ တို့ဖြင့် နေ့ ၊ ညမလပ် ကျင့်ကြံ အားထုတ် ခဲ့လေသည်။ ဆရာတော်ကြီး သည် ကိုယ်တိုင် တရား ကျင့်ကြံခြင်း ၊ တရားပြခြင်း များဖြင့် ပဋိပတ္တိ သာသနာ ပြန့်ပွား စေရေးအတွက် အထူး ကြိုးပမ်း ဆောင်ရွက် ခဲ့လေသည်။

၁၃၂၃ ခုနှစ်မှ စတင်၍ စဥ့်ကိုင်မြို့နယ် ကသဲကုန်း (မင်းရွာကုန်း ကျောင်း) သို့ ပြောင်းရွှေ့ သီတင်းသုံး တော်မူပြီး ဆားတောင် ရိပ်သာ ၊ ရန်ကင်းတောင် ရိပ်သာ ၊ ကသဲကုန်း ရိပ်သာ နှင့် ထိ ၊ သိ ၊ သတိ ဆားတောင် သာသနာ့ ရိပ်သာ (စဥ့်ကိုင်) တို့တွင် တစ်လှည့်စီ ဝါဆို သီတင်းသုံး တော်မူ ခဲ့သည်။ ဆားတောင် ဆရာတော်ကြီး သည် သာသနာ ကိစ္စရပ်များ ဆောင်ရွက် တော်မူလျက် ရှိစဉ် သက်တော် ၈၃နှစ် ၊ ဝါတော် ၆၄ ဝါ ၊ ၁၃၆၉ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၄ ရက် (၁၃-၁၁-၂ဝဝ၇) ခုနှစ် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ဘဝနတ်ထံ ပျံလွန် တော်မူ ခဲ့လေသည်။ ဆားတောင် ဆရာတော်ကြီး သည် စွန်းလွန်း ဆရာတော် ကြီး၏ ကျင့်စဉ် နည်းနာ နိဿယ အရ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခဲ့ သဖြင့် ထို ဆရာတော်ကြီး နှစ်ပါး၏ ကျင့်ကြံပုံများ တူညီ ကြလေသည်။ ၄င်း ဆရာတော်ကြီး နှစ်ပါးသည် ဘဝနတ်ထံ ပျံလွန် တော်မူပြီးချိန် တွင်လည်း ၄င်းတို့၏ ဥတုဇ ရုပ်ကလာပ်တော် များသည် ပုပ်သိုး သွားခြင်း မရှိဘဲ အကောင်း ပကတိအတိုင်း တည်ရှိ နေခြင်းမှာ လည်း ထူးဆန်း အံ့သြ ကြည်ညိုဖွယ် ဖြစ်နေ လေသည်။ ထို့အပြင် ဆရာတော်ကြီး သည် တန်ဆောင်မုန်း လဆန်း ၁၄ ရက်တွင် မီးရှူး သန့်စင် ဖွားမြင် တော်မူခဲ့ပြီး တန်ဆောင်မုန်း လဆန်း ၁၄ ရက်တွင်ပင် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့သည်မှာ လည်း တိုက်ဆိုင် ထူးဆန်းမှု တစ်ရပ် ဖြစ်ပေသည်။

ဆရာတော်ကြီး ၏ တန်ခိုးဂုဏ် များကြောင့် ရဟန္တာ ဟုပင် ပြည်သူများက ယုံကြည် သမုတ် ခဲ့ကြကြောင်း သိရသည်။ ဆရာတော်ကြီး ပျံလွန် တော်မူပြီး ဆရာတော်ကြီး ၏ ရုပ်ကလာပ် တော်အား အများ ပြည်သူ ဗုဒ္ဓ ဘာသာဝင်များ ပူဇော် ကိုးကွယ်ရန် အတွက် ထာဝရ ဗိမာန်တော် တည်ဆောက်ကာ ဥတုဇ ရုပ်ကလာပ်တော် အား ကသဲကုန်းရွာ (မင်းရွာကုန်း) ထာဝရ ဗိမာန်တော် တွင် ထားရှိရာ ထို ဗိမာန်တော်ရှိ ဆရာတော်ကြီး ၏ ရုပ်ကလာပ် တော်အား အနယ်နယ် အရပ်ရပ်မှ ပြည်သူအများ လာရောက် ဖူးမြော် ကြည်ညို ကြသည်။

ဆားတောင် ဆရာတော်ကြီး ပျံလွန် တော်မူသည်မှာ (၇)နှစ်ကျော် ရှိပြီ ဖြစ်သည်။ ဆရာတော်ကြီး ပျံလွန် တော်မူစဉ် အခါက ထူးခြား ဆန်းပြားဖွယ် ဖြစ်ရပ် များလည်း ဖြစ်ပေါ် ခဲ့ကြောင်း ဒေသခံများ က ပြောပြသည်။ ဆရာတော်ကြီး ၏ ရုပ်ကလာပ် တော်မှာ မပုပ်မသိုးခြင်း ၊ ဆံတော်များ ရှည်ထွက် လာခြင်း ၊ ခြေသည်း ၊ လက်သည်းများ ရှည်ထွက် လာခြင်း စသည်ဖြင့် ထူးခြား အံ့သြဖွယ်များ ကို တွေ့မြင် ဖူးမြော်ရ လေသည်။ ယခု ဒီဇင်ဘာလ အတွင်းတွင် ဆရာတော်၏ အသားအရေ များရှိ သွေးကြောများ ကိုပါ အထင်အရှား မြင်တွေ့ ဖူးမြော်နိုင် သဖြင့် လာရောက် ဖူးမြော် နေသူများ ပိုမို စည်ကားလျက် ရှိကြောင်း သိရသည်။

တိုက်ကြည်(စဥ့်ကိုင်)

No comments:

Post a Comment