Pages

Monday, December 2, 2013

ပြည်တွင်းပျားရည် သုံးစွဲမှု ပမာဏ နှစ်စဉ် တိုးတက်လာသောကြောင့် ပျားရည် ပေါင် ၅၀၀၀၀ ထုတ်လုပ်ရန် ရည်မှန်းဆောင်ရွက်နေ



မန္တလေး ၊ ၂-၁၂-၂၀၁၃

ရှေးမြန်မာ ဆေးဆရာကြီး များသည် ဆေးဝါးများ ဖော်စပ်ရာတွင် တန်ဖိုးထား ထည့်သွင်းလေ့ ရှိသည့် ပစ္စည်း လေးမျိုးကို အရွက် တစ်ထောင် ၊ အငွေ့တစ်ထောင် ၊ အမြစ်တစ်ထောင် နှင့် အပွင့်တစ်ထောင် ဟူ၍ တင်စား ခေါ်ဝေါ်လှေိ့ကြရာ ထိုအထဲတွင် အပွင့်တစ်ထောင် ဆို သည့် စကားရပ်မှာ ပျားရည်ကို ဖော်ညွှန်းသည်။ ထိုကဲ့သို့ တန်ဖိုးထား သုံးစွဲရသည့် ပျားရည်သည် မဟာမြိုင်တော ၊ ရိုးမတောင်တန်း အစရှိသည့် တောတောင်များမှ ရယူ သုံးစွဲခဲ့ကြ သော်လည်း ယခုအခါတွင် ပျားများကို မွေးမြူ၍ ပျားရည်များ ထုတ်လုပ်သုံးစွဲ လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ အတွင်း ပျားရည် သုံးစွဲမှု ပမာဏမှာ နှစ်စဉ် တိုးတက်လျက် ရှိရာ မွေးမြူရေး ၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ပျားမွေးမြူရေး ဦးစီးဌာန အနေဖြင့် ပြည်တွင်း ပျားရည် သုံးစွဲမှုကို ဖြည့်ဆည်း ပေးနိုင်ရန် ပျားမွေးမြူရေး လုပ်ငန်းများကို ဦးစီး ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက် ရာတွင် မန္တလေးတိုင်း ဒေသကြီး အတွင်း ပြင်ဦးလွင် ၊ ပုသိမ်ကြီး ၊ စဥ့်ကိုင် ၊ ပျော်ဘွယ် ၊ ကျောက်ပန်းတောင်း ငါးမြို့နယ် တွင် ပျားမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြသည်။ ပျားမွေးမြူရေး လုပ်ငန်း ဦးစီးဌာန အနေဖြင့် ပုဂ္ဂလိက ပျားမွေးမြူလို သူများကို ပျားအုံများ ရောင်းချပေးပြီး လိုအပ်သည့် နည်းပညာများ ပံ့ပိုး ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ပျားမွေးမြူရေး လုပ်ငန်းများမှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာမှ ၂ဝ၁၄ခုနှစ် မတ်လအထိ ပျားရည်ပေါင် ၅ဝဝဝဝ ထုတ်လုပ်ရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ရာ ရည်မှန်းချက် ပြည့်မီ ကျော်လွန်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပျားမွေးမြူရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

'' ကျွန်တော်တို့ မန္တလေးတိုင်း ဒေသကြီးမှာ ပျားမွေးမြူရေး လုပ်ငန်းကို ရွှေ့ပြောင်း ထုတ်လုပ်ရေး စနစ်အရ ထုတ်လုပ် နေပါတယ် ။ ထွက်လာတဲ့ ပျားရည်ကို တစ်ပိဿာ ငွေကျပ် ၁၇ဝဝ နှုန်းနဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို ပေးသွင်း ရပါတယ်။ ပျား ဘုရင်မ မွေးမြူရေး လုပ်ငန်း ၊ ရောဂါ ကုသရေး လုပ်ငန်း တွေကိုလဲ ပုဂ္ဂလိက လုပ်ငန်းရှင် တွေက ပညာပေး ကူညီ ဆောင်ရွက်ပေးလျက် ရှိပါတယ် . . . . '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ပျားမွေးမြူရေး လုပ်ငန်းမှ ပုဂ္ဂလိ က လုပ်ငန်းရှင် များနှင့် ပူးပေါင်း၍ ဆီးပျားရည် ၊ ပင့်ကူထိပ်ပိတ် ပျားရည် ၊ နွယ်ချိုပျားရည် ၊ ချင်းပျားရည် ၊ ဂျင်ဆင်း ပျားရည် အစရှိသည် တို့ကို စီမံ ထုတ်လုပ်လျက် စားသုံးသူများ အတွက် နေရာဒေသ အသီးသီးသို့ ဖြန့်ချိ ပေးလျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment