Pages

Thursday, December 26, 2013

ထိုင်းနိုင်ငံ ပြုပြင် ပြောင်းလဲရေးကောင်စီ ကို လာမည့် ရွေးကောက်ပွဲနှင့် အပြိုင်ဖွဲ့စည်းမည်


ယာယီ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ

ဘန်ကောက် ၊ ၂၆-၁၂-၂၀၁၃

လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲ နှင့် အပြိုင် လုပ်ငန်း စတင် လည်ပတ် နိုင်မည့် ထိုင်းနိုင်ငံ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကောင်စီ တစ်ရပ်ကို မကြာမီ အချိန်အတွင်း ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ယာယီ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ က ပြောကြားခဲ့ သည်ဟု CNA သတင်းတစ်ရပ် အရ သိရသည်။ 

အဆိုပါ ကောင်စီကို ဝန်ကြီးချုပ်၏ ညွှန်ကြားချက် နှင့်အညီ ဖွဲ့စည်း သွားမည် ဖြစ်ပြီး အဖွဲ့ဝင် ၄၉၉ ဦး ပါဝင် ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း နှင့် ၄င်းအဖွဲ့ဝင် ၄၉၉ ဦးကို တစ်နိုင်ငံလုံး ရှိ အလွှာ ပေါင်းစုံမှ နိုင်ငံသား  ကိုယ်စားလှယ် ၂ဝဝဝ အနက်မှ ရွေးချယ် သွားမည် ဖြစ်ကြောင်း ယင်လပ် က ထုတ်ပြန် ပြောကြား ခဲ့သည်။ နိုင်ငံသား ကိုယ်စားလှယ် ၂၀၀၀ ကို ရွေးချယ်ရန် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည့် သီးခြား ကော်မတီ တစ်ရပ်ကို ဖွဲ့စည်း သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါ ကိုယ်စားလှယ် ၂ဝဝဝ အနက်မှ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကောင်စီ အဖွဲ့ဝင် ၄၉၉ ဦးကို ဆန်ကာတင် ရွေးချယ် သွားမည် ဖြစ်သည်။ 

သီးခြား ကော်မတီ တွင် ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ ကြည်းတပ် ဦးစီးချုပ် ၊ ရေတပ် ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ်တို့ ၄ ဦးအနက်မှ ၁ ဦး ၊ တက္ကသိုလ် ပါမောက္ခချုပ် ၁ ဦး ၊ ဝန်ကြီး ဌာနဆိုင်ရာ အမြဲတမ်း အတွင်းဝန် ၂ ဦး ၊ ထိုင်း ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ၊ ထိုင်း စက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ၊ ထိုင်းဘဏ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ၊ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် ၊ သဘာပတိ ၁ ဦးနှင့် အခြားသော အရည်အချင်း ပြည့်မီသူ ၂ ဦးတို့ဖြင့် ပါဝင် ဖွဲ့စည်း သွားမည် ဖြစ်သည်။ 

အဖွဲ့ဝင် ၄၉၉ ဦးပါဝင် ဖွဲ့စည်းမည့် ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကောင်စီသည် နိုင်ငံ၏ နိုင်ငံရေး ၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ကဏ္ဍရပ် များ၏ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ စီမံချက် များကို အတည်ပြု ချမှတ် ပေးသွားမည် ဖြစ်ကြောင်း ၊ အဆိုပါ စီမံချက် များကို နိုင်ငံအနှံ့ ရွေးကောက်ပွဲများ ကျင်းပ ပြီးနောက် ချက်ချင်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ရွေးကောက်ပွဲ ပြီးဆုံးပါက အစိုးရ အဖွဲ့ကို ဖွဲ့စည်း ပေးသွားမည် ဖြစ်ကြောင်းနှင့် ပါလီမန် ကိုလည်း ပြန်လည် ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း ယင်လပ် က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment