Pages

Wednesday, December 25, 2013

ဆားလင်းကုန်းရွာ မှ ညောင်ရမ်းမင်းဆက် အင်းဝခေတ် ပိဋကတ်တိုက်



ဆားလင်းကုန်းရွာ မှ ညောင်ရမ်းမင်းဆက် အင်းဝခေတ် ပိဋကတ်တိုက်

မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ် ဆားလင်းကုန်း ကျေးရွာ ကိုယ့်အား ကိုယ်ကိုး သိန်းထိုက်စံ စာကြည့်တိုက် ဖွင့်ပွဲသို့ တက်ရောက် သတင်း ရယူရန် ဖိတ်ကြား သဖြင့် မိုင် ၂ဝ နီးပါးခရီး ကို ဆိုင်ကယ် တစ်စီးဖြင့် ခရီးနှင် ခဲ့သည်။

ယခု သွားရောက်သည့် ဆားလင်းကုန်း ရွာသည် မြန်မာ့သမိုင်း စာမျက်နှာ ထက်က ရွာတစ်ရွာ ဖြစ်ကြောင်း ကြားဖူးနားဝ ရှိသဖြင့် သွားလိုစိတ်က ပြင်းပြ နေခိုက် ဖိတ်ကြားခြင်း ခံရသဖြင့် သွားရောက် ခဲ့ခြင်း ဖြစ်သည်။ဆားလင်းကုန်း ရွာသည် အင်းဝခေတ် မှ ကုန်းဘောင်ခေတ် အထိ လက်ရုံးရည် ၊ နှလုံးရည် နှင့် ပြည့်စုံသူ လူချွန်လူမွန် များ ထွန်းပေါ်ရာ ရွာဖြစ်ကြောင်း သမိုင်း မှတ်တမ်းများ အရ လေ့လာ သိရှိရသည်။

နှလုံးရည်နှင့် ပြည်စုံသူဟု ဆိုရာတွင် စာပေ ကျမ်းဂန် အရာတွင် ပညာရှိ စာဆိုတော်များ ဖြစ်ကြပြီး လက်ရုံးရည် နှင့် ပြည့်စုံသူ ဆိုသည်မှာ ထူးချွန် ထက်မြက်သော စစ်မှုထမ်းကို ဆိုလိုသည်။ လက်ရုံးရည် နှင့် ပြည့်စုံသော စစ်မှုထမ်းများ အနက် (၁) ဗလနန္ဒစည်သူ ၊ (၂) နန္ဒစည်သူ ၊ (၃) နန္ဒရာဇသင်္ကြန် တို့သည် အင်းဝခေတ် ညောင်ရမ်း မင်းဆက် ဟံသာဝတီရောက် မင်းလက်ထက် ၌ ဘုရင်၏ အမှုတော် ထမ်းများ ဖြစ်ကြသည်။

ထိုပုဂ္ဂိုလ် များသည် အင်းဝပျက်သော် အလောင်း မင်းတရားကြီး ထံတွင် စစ်မှုထမ်း ကြပြန်သည်။ ထိုပုဂ္ဂိုလ်များ အနက် ဆားလင်းကုန်း ဗိုလ်မှူး ဗလနန္ဒ စည်သူ ကို အလောင်း မင်းတရားကြီး က သက္ကရာဇ် ၁၁၁၉ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်နေ့၌ ထီးနီ ၊ ကွမ်းခွက် ၊ ဓားနက် ၊ လက်ဖက်အိုး ၊ တကောင်းပိတ် တို့နှင့်တကွ ပခန်းကြီးမြို့ ကို ပေးသနား ခဲ့သည်။ တစ်ဖန် အလောင်း မင်းတရားကြီး ကပင် ဗလနန္ဒစည်သူ ကို စည်သူ နော်ရထာဘွဲ့ ကို ထပ်မံ ချီးမြှင့် ပြန်သည်။ ရတနာပူရ စတုတ္ထ မြို့တည် ၊ နန်းတည် မင်းတရားကြီး ကလည်း ဗလနန္ဒ စည်သူ အား မြေစွန်းဝန် ရာထူးကို ပေးအပ် ပြန်သည်။ သက္ကရာဇ် ၁၁၈၁ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက် ဗုဒ္ဓဟူးနေ့ တွင် နေမျိုးမင်းထင် နော်ရထာဘွဲ့ကို ထပ်မံ ချီးမြှင့်ခဲ့ ပြန်သည်။

ဤကဲ့သို့ ဘွဲ့အမျိုးမျိုး ကို ခံယူ ရရှိခဲ့သော ဆားလင်းကုန်း ဗိုလ်မှူး ဗလနန္ဒစည်သူ သည် တိုင်းပြည်နှင့် လူမျိုးအတွက် ရှမ်း - မြန်မာစစ်ပွဲ ၊ ပြည်မြို့ မွန် - မြန်မာစစ်ပွဲ ၊ ရန်ကုန် မွန် - မြန်မာစစ်ပွဲ ၊ သန်လျင် မွန် - မြန်မာစစ်ပွဲ ၊ ယိုးဒယား - မြန်မာစစ်ပွဲ တို့တွင် ရှေ့တန်းမှ ဦးဆောင်ပါဝင် ခဲ့သော သူရဲကောင်း တစ်ဦး ဖြစ်သည်။

အဆိုပါ သူရဲကောင်း ထွန်းပေါ်ခဲ့ရာ ဆားလင်းကုန်း ရွာသည် ယခုအခါ အိမ်ခြေ ၁၂၈ အိမ် ၊ အိမ်ထောင်စု ၁၅၁ စု၊ လူဦးရေ ၇၃၂ ဦးတို့ နေထိုင်ကြပြီး အင်းဝခေတ် ၊ ညောင်ရမ်း မင်းဆက် လက်ထက်က သိမ်အဖြစ် လည်းကောင်း ၊ ပိဋကတ်တိုက် ၊ စာကြည့်တိုက် အဖြစ် လည်းကောင်း အသုံးပြု ခဲ့သော အုတ်တိုက်ကြီးမှာ ယခုအခါ သင်္ခါရနယ် ၏ သဘော သဘာဝ တရားနှင့် အညီ ယိုယွင်း ပျက်စီးလျက် ရှိရာ အရှေ့ဘက် နှင့် အနောက်ဘက် နံရံ တစ်ဝက်ခန့် နှင့် မြောက်ဘက် နံရံသာ ကျန်ရှိ နေသည်ကို တွေ့မြင်ခဲ့ ရသည်။ ထိုခေတ် ထိုအခါ ထိုကာလ ကတည်းက ဆားလင်းကုန်း ရွာတွင် စာကြည့်တိုက် ရှိခဲ့ပြီး ယခုကဲ့သို့ ကိုယ့်အား ကိုယ်ကိုး သိန်းထိုက်စံ စာကြည့်တိုက် ဖွင့်လှစ်နိုင်မှု အတွက် ဂုဏ်ယူ ဝမ်းသာ ပီတိဖြစ်ခဲ့ ရသည်။

အဆိုပါ ဆားလင်းကုန်း ရွာရှိ သာသနိက အဆောက်အအုံ များသည် ပခန်းကြီး မြို့ဟောင်း အနီးတစ်ဝိုက် ပုဂံခေတ် နောက်ပိုင်းမှ စ၍ ကုန်းဘောင်ခေတ် ထိ သာသနိက အဆောက်အအုံ ၃ဝဝ ကျော်တွင် ပါဝင် ခြင်းကြောင့် သမိုင်းခေတ် အဆက်ဆက်၏ သမိုင်း အမွေအနှစ် အဆောက်အအုံ များ ဖြစ်ကြောင်း လေ့လာ မှတ်သား ခဲ့ရသည်။

သို့အတွက် ကျန်ရှိ နေသေးသည့် သမိုင်း တန်ဖိုးကြီး မားသော အမွေအနှစ် များကို သက်ဆိုင်ရာမှ ထိန်းသိမ်း၍ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး တွင် နေရာသစ် အဖြစ် တိုးချဲ့ခြင်းဖြင့် နိုင်ငံနှင့် လူမျိုးတို့၏ အကျိုးကို လည်းယှဉ် ၊ ဒေသလည်း ဖွံ့ဖြိုးစေမည့် အလားအလာ ကောင်းများ ရှိနေပါကြောင်း ဦးဝင်းကြိုင် ၏ ပခန်းဒေသ သမိုင်းဦးအစ စာစုကို ကိုးကား၍ အကျိုးများ စေရန် ရည်သန် ရေးသား အပ်ပါသည်။

ဖေထွဏ်းဇော် (ရေစကြို)

No comments:

Post a Comment