Pages

Wednesday, November 27, 2013

အမျိုးသား ယဉ်ကျေးမှုအမွေ


အမျိုးသား ယဉ်ကျေးမှုအမွေ

လူဟူသည် မျိုးရိုးဇာတိ ရှိရစမြဲ ဖြစ်သည်။ မျိုးရိုး မရှိသော လူဟူ၍ ဤကမ္ဘာ၌ မရှိပေ။ လူဟူသော ဝေါဟာရ နှင့် မျိုးရိုး ဟူသော ဝေါဟာရ ပေါင်း၍ လူမျိုး ဟူသော ဝေါဟာရ ဖြစ်ပေါ် လာရသည်။ လူတို့ ရှင်သန်မှု သည် အသက်ရှိရန် လိုအပ်သည်။ အသက်ရှိမှ ရှင်သန် လှုပ်ရှား ကြီးပွား နိုင်သည်။

လူတစ်ဦးစီ တွင် ကိုယ်စီကိုယ်င အသက်ရှိ သကဲ့သို့ လူမျိုးတစ်မျိုး စီတွင်လည်း လူမျိုး၏ အသက် အသီးသီး ရှိကြသည်။ လူမျိုး၏ အသက်ရှင်မှ လူမျိုး၏ သမိုင်းကြောင်း သည် ကြာရှည် တည်တံ့ နိုင်သည်။ ထိုလူမျိုး၏ အသက်မှာ ယဉ်ကျေးမှု ဖြစ်သည်။ 

လူမျိုး၏ အသက်သည် ယဉ်ကျေးမှု ဖြစ်၍ ယဉ်ကျေးမှု ခိုင်မာလေ ထိုလူမျိုး မပျောက်ကွယ်ဘဲ ကြာရှည် တည်တံ့လေ ဖြစ်သည်။ ရေအတိမ် ၊ အနက်ကို ကြာရိုးကြာစွယ် တို့ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ လူတစ်ဦး တစ်ယောက်၏ ပညာရှိ ပညာမဲ့ ကို ထိုသူ၏ နှုတ်ထွက် စကားဖြင့် သိနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အဆင့်အတန်း ကို ထိုနိုင်ငံ ၊ ထိုလူမျိုး၏ ယဉ်ကျေးမှုကို ကြည့်၍ သိနိုင်သည်။

အမိ ၊ အဖ တို့ပေးသည့် အမွေကို အမွေ ဆက်ခံသူ သားသမီးက ကောင်းစွာ မထိန်းသိမ်းဘဲ ဆုတ်ယုတ် ပျက်စီး သွားပါက အဂဇာတ အမွေခံ ဟု ခေါ်သည်။ ပကတိ အတိုင်း ထိန်းသိမ်း နိုင်သော အမွေခံကို အနုဇာတ အမွေခံဟုေ ခ်ါသည်။ ပေးအပ်ခဲ့သော အမွေကို သာလွန် တိုးပွားအောင် ဆောင်ရွက် နိုင်ပါက အတိဇာတ အမွေခံဟု ခေါ်သည်။

ယခုအခါ ဂလိုဘယ် လိုက်ဇေးရှင်း နှင့်အတူ မိဘ ၊ ဘိုးဘွားတို့ ပေးအပ် ခဲ့သော ယဉ်ကျေးမှု အမွေများကို လူငယ်တို့ တန်ဖိုးထားရ ကောင်းမှန်း မသိဘဲ အင်တာနက် ၊ ဝက်ဘ်ဆိုက် တို့မှ တွေ့မြင် ရသည့် တန်ဖိုးမဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် တို့ကို အတုယူ နေကြသည်ကို တွေ့နေ ရသည်။

ထို အတုခိုးမှား နိမ့်ကျသည့် ယဉ်ကျေးမှု ကို မိမိတို့၏ အဆင့်အတန်း မြင့်မားသည့် ယဉ်ကျေးမှု နှင့် လဲလှယ်နေ သကဲ့သို့ ရှိနေသည်မှာ ကျားရဲ တိရစ္ဆာန်သည် သားကောင် ကိုသာ တန်ဖိုးထား ၍ ပတ္တမြားကို တန်ဖိုးထား ရကောင်းမှန်း မသိသကဲ့သို့ ရှိချေသည်။ 

ယဉ်ကျေးမှု ဆိုရာတွင် ၀တ်စား ဆင်ယင်သည့် ယဉ်ကျေးမှု ၊ နှုတ်ဖြင့် ပြောဆိုသည့် ယဉ်ကျေးမှု ကိုယ်ဖြင့် ပြုလုပ်သည့် ဓလေ့ထုံးတမ်း စဉ်လာ ယဉ်ကျေးမှု ၊ စိတ်နှလုံး၌ ရှိသော ယဉ်ကျေးမှု တို့ကို ခြုံ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ 

မြန်မာတို့၏ စိတ်နှလုံး ယဉ်ကျေးမှု သည် အလွန် နူးညံ့ သိမ်မွေ့၏။ တရား မျှတမှု ကို မြတ်နိုး၏။ မျိုးချစ်စိတ် တို့ဖြင့် ထုံမွမ်းထား၏။ နှုတ်ထွက် စကား၌လည်း နူးညံ့သိမ်မွေ့၏။ ပျူငှာ လှိုက်လှဲစွာ ပြောဆို၏။ နွေးထွေးစွာ ဆက်ဆံ တတ်၏။ အချို့ နိုင်ငံများ၌ အသက်ကြီး သူကို ပစ်ပယ် ထားကြ၏။ မြန်မာတို့က အသက်ကြီး သူကို တန်ဖိုးထား ကြ၏။

ထို ကောင်းမြတ်သည့် ဂုဏ်တို့ကို တချို့သော နိုင်ငံများ၌ ကျင့်သုံးရန် လေ့ကျင့် ပျိုးထောင်ပေး နေကြရ သော်လည်း မြန်မာနိုင်ငံ၌ ရှေးကာလမှ ယနေ့အထိ ရှင်သန်နေဆဲ ဖြစ်သည်။ သို့သော် ယုတ်လျော့ လာသည့် သဘောကို ယခုအခါ မြင်တွေ့ နေရသည်။

သို့ဖြစ်ရာ မြန်မာ့စိတ်ရင်း မြန်မာ့ ယဉ်ကျေးမှု အမွေကို မြန်မာ နိုင်ငံသူ နိုင်ငံသား တို့က မပျောက်ပျက် ရန် လက်ဆင့်ကမ်း ထိန်းသိမ်း သွားရမည် ဖြစ်သည်။ သို့မှသာ မြန်မာ့ ယဉ်ကျေးမှု အမွေသည် ပပျောက် မသွားဘဲ မြန်မာ လူမျိုးတို့ ရှင်သန် ကြီးပွား တိုးတက် နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။  ။

( ၂၇-၁၁-၂၀၁၃ ရက်နေ့ ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )


No comments:

Post a Comment