Pages

Monday, November 18, 2013

ဥရောပသမဂ္ဂ နှင့် ကုန်သွယ်မှု ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ၀ိုင်းဝန်း တည်ဆောက်


ဥရောပသမဂ္ဂ နှင့် ကုန်သွယ်မှု ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ၀ိုင်းဝန်း တည်ဆောက်

အယ်ဒီတာ့အာဘော်
( ၁၈-၁၁-၂၀၁၃ )

မြန်မာနိုင်ငံ နှင့် ဥရောပ သမဂ္ဂ လုပ်ငန်းအဖွဲ့ တို့၏ မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၁၅ ရက် နံနက် ၉ နာရီတွင် နေပြည်တော် ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပ ခဲ့သည်။ မျက်နှာစုံညီ အစည်းအဝေး ကို မြန်မာနိုင်ငံနှင့် မြန်မာ ပြည်သူတို့၏ အနာဂတ် အတွက် ဥရောပ သမဂ္ဂ လုပ်ငန်း အဖွဲ့က အကူအညီ အထောက် အပံ့များ ပေးအပ်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နှင့် ဥရောပ သမဂ္ဂ လုပ်ငန်းအဖွဲ့ တို့၏ မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားရာ၌ '' ယခုနှစ် အစောပိုင်း ကာလက မိမိ၏ ဥရောပ ခရီးစဉ် သည် ဥရောပကို ပထမဦးဆုံး ခရီးစဉ် ဖြစ်သည့် အပြင် တကယ့်ကို ထူးခြားသော ခရီးစဉ် ဖြစ်ပါကြောင်း ၊ အပြောင်းအလဲ များ၏ အစဦးပိုင်း ကာလများ ကတည်းက မိမိတို့ကို မယိမ်းမယိုင် ထောက်ခံ အားပေးခဲ့ ကြသည့် ၊ ယုံကြည် ခဲ့ကြသည့် မိတ်ကောင်း ဆွေကောင်း များကို ကျေးဇူးတင် နိုင်ရန် အဲဒီ ခရီးစဉ်တွင် အခွင့်အရေး ရခဲ့ပါကြောင်း ၊ ယင်းခရီးစဉ် တွင် ခါးသီး လှသည့် ပြည်တွင်းစစ်ကို ဆယ်စုနှစ် များစွာဖြတ်သန်း ပြီးသည့်နောက် တွင် မိမိတို့သည် စစ်၏ အကြောင်း တရားများ ဖြစ်သည့် ကာလရှည်ကြာ နက်နက် ရှိုင်းရှိုင်း အမြစ်တွယ် နေခဲ့သော အမုန်းတရား နှင့် ရန်လိုမှုများ ၊ သံသယ များကို ဘယ်လို ဖြတ်ကျော် ရမလဲ ဆိုတာ သင်ခန်းစာများ ရရှိခဲ့ သကဲ့သို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ၏ တိုင်းရင်းသား အချင်းချင်း အကြား ပေါင်းစည်း ဆက်သွယ်မှု ပုံစံအသစ် ၊ စိတ်ဓာတ် ခွန်အားသစ် များနှင့် ဆောင်ရွက်ရန် မျှော်လင့်ချက် များလည်း ပြန်လည် ရှင်သန် လာစေခဲ့ ပါကြောင်း "  ဟူ၍ ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အနေဖြင့် မြန်မာ ပြည်သူများ ၏ မျှော်လင့်ချက် ဖြစ်သော နိုင်ငံတော်၏ စီးပွားရေး အခွင့်အလမ်းများ ကောင်းမွန်ရေး သည် နိုင်ငံတော် အစိုးရ၏ တာဝန်ဟု ခံယူထားပြီး ကမ္ဘာ့ နိုင်ငံများမှ လာရောက် ရင်းနှီး မြှုပ်နှံသူများ အတွက် သဟဇာတ ဖြစ်စေမည့် စီးပွားရေး ပတ်ဝန်းကျင် ဖော်ဆောင် နိုင်ရန် နိုင်ငံတကာ စံနှုန်းများ နှင့် ကိုက်ညီသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ရေးဆွဲ၍ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ပြဋ္ဌာန်း ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု များတွင် ပွင့်လင်း မြင်သာမှု ၊ တာဝန်ခံနိုင်မှု နှင့် ကြိုတင် မှန်းဆမှု ပိုမို ပေးစွမ်း နိုင်သော နည်းစနစ်များ နှင့် ဥပဒေများ ကိုလည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြဋ္ဌာန်းပြီး ဖြစ်သည်။

သဘာဝ အရင်းအမြစ် များကို အခြေခံသော ရင်းနှီးမြှုပ်နှံမှု များနှင့် စပ်လျဉ်း၍ နိုင်ငံတကာ တွင် ကျင့်သုံး နေကြသည့် တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး ၊ စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာစွာ ဖော်ဆောင်ရေး ( Extractive Industry Transparency Initiative - EITI ) အစီအစဉ် ကျင့်သုံးရန် ဦးဆောင် ကော်မတီ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိသည်။ စီးပွားရေးနှင့်နိုင်ငံရေးသည် ဟန်ချက်ညီဖွံ့ဖြိုးရန် လိုအပ်သကဲ့သို့ ဒီမိုကရေစီ ကူးပြောင်းမ နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး သည်လည်း ခွဲခြား၍ မရနိုင် သဖြင့် နိုင်ငံတော် အစိုးရသည် နှစ်ခု စလုံးကို တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိသည်။

ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံ အပေါ် ဆယ်စုနှစ် နှစ်ခုကြာ ချမှတ်ခဲ့သော စီးပွားရေး ပိတ်ဆို့မှု ( Sanction ) ကို ယခုနှစ် ဧပြီ ၂၂ ရက်တွင် ရုပ်သိမ်းခဲ့ပြီး ကုန်သွယ်မှု အထူး အခွင့်အရေး ( Generalized System of Peferences ) ပေးထားပြီး ဖြစ်သည်။


သို့ဖြစ်၍ ငြိမ်းချမ်းမှု လွှမ်းခြုံသော စည်းချက်ညီ မြန်မာ့ လူ့အဖွဲ့ အစည်း တည်ဆောက်ရေး ၊ ဥရောပ သမဂ္ဂ နှင့် ကုန်သွယ်မှု ရေရှည် တည်တံ့ ဖွံ့ဖြိုးရေး တို့အတွက် တိုင်းရင်းသား ပြည်သူ အားလုံးက ဝိုင်းဝန်း ကြိုးပမ်း တည်ဆောက် ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။


No comments:

Post a Comment