Pages

Wednesday, November 6, 2013

အချိန် အရှိန် နှင့် သတိပြုဖွယ် အန္တရာယ်


အချိန် အရှိန် နှင့် သတိပြုဖွယ် အန္တရာယ်

အယ်ဒီတာ့အာဘော်
( ၆-၁၁-၂၀၁၃ )

ခရစ်နှစ် ၁၉၂ဝ ပြည့်နှစ်မှ ၁၉၃ဝ ပြည့်နှစ် အတွင်း အမျိုးသားရေး စာပေများ ပေါ်ထွက် ခဲ့ရာ ၁၉၂၇ ခုနှစ်တွင် ပြည်မြို့မှ ပဉ္စရူပံ ပုံနှိပ်တိုက် ပိုင်ရှင် ဦးခ သည် ချွေတာခြင်း ဆိုသော စာအုပ် တစ်အုပ် ရေးသား၍ မြန်မာများ အသိအမြင် ကြွယ်ဝရေး အတွက် ထုတ်ဝေ ခဲ့သည်။ ချွေတာခြင်း စာအုပ်သည် လွတ်လပ်ရေး ရပြီးစအထိ ကျောင်းသုံး စာအုပ်အဖြစ် ပြဋ္ဌာန်းခဲ့သည်။

ချွေတာခြင်းကို အဓိပ္ပာယ် ဖွင့်ဆိုရာ၌ ချွေတာခြင်း ဟူသည်ကား လွန်လွန်မင်းမင်း စိစိစစ်စစ် စေးစေးနှဲနှဲ သုံးစွဲနေထိုင် ဝတ်ဆင် စားသောက် ရမည်ဟု မဆိုလို ၊ အဆမတန် အသုံးလွန်၍ မော်မော် ကြွားကြွား အပွင့်ကားသော ဝတ်မှု ၊ စားမှု ၊ နေမှု တို့ကိုလည်း ခွင့်မပြု ၊ မလျော့မတင်း စောင်းကြိုးညင်း ဟူသော စကားကဲ့သို့ အဝင်နှင့် အထွက်ကို ချိန်ကိုက်၍ မိမိတို့ အခြေအနေ အဆင့်အတန်း နှင့် လိုက်လျော ညီမျှအောင် သုံးစွဲခြင်း ၊ မမြင့်လွန်း မနိမ့်လွန်း ၊ မပိုလွန်း မလိုလွန်း ၊ အလယ်အလတ် ဗဟိုကျအောင် ချိန်ဆ တိုင်းထွာ၍ မျှတအောင် သုံးစွဲခြင်း ကိုပင် အင်္ဂလိပ် ဘာသာဖြင့် အီကိုနိုမီ ဟူ၍ လည်းကောင်း ၊ ပါဠိဘာသာ ဖြင့် သမဇီဝိတ ဟူ၍ လည်းကောင်း ၊ မြန်မာ ဘာသာဖြင့် ချွေတာခြင်း ဟူ၍ လည်းကောင်း ခေါ်ဆိုရလေ သည်ဟု ဖွင့်ဆိုထားသည်။

ချွေတာခြင်း သုံးမျိုးကို အချိန် ၊ ငွေ ၊ အလုပ် ဟူ၍ ပြဆိုရာတွင် တန်ဖိုးရှိသော အချိန်ကို မဖြုန်းဘဲ အကျိုးရှိရှိ သုံးသင့်ပုံ ၊ ငွေအကြောင်း၌ မှန်သော ချွေတာနည်းနှင့် များသော ချွေတာနည်း ခွဲခြားသင့်ပုံ ၊ အလုပ် အကြောင်းတွင် အလုပ်ကို အချိန်နှင့် ပြီးအောင် စေ့စပ်စွာ လုပ်သင့်ပုံ ၊ မြန်မာများ အလုပ် မရွေးသင့်ပုံ တို့ကို အကျိုးသင့် အကြောင်းသင့် ဆွေးနွေး ထားသည်။ ကံကောင်း လိုသူများသည် အလုပ်ကိုသာ လုံ့လ ဝီရိယ စိုက်၍ လုပ်ဆောင် ကြပါကုန် ဟု တိုက်တွန်း ထားသည်။

ယနေ့ကာလ တွင် သိပ္ပံနှင့် နည်းပညာ တို့ အရှိန်အဟုန် ဖြင့် တိုးတက်လာ ခြင်းကြောင့် ခရီးသွား လာရာ၌ မြန်နှုန်းမြင့် ယာဉ်များဖြင့် သွားလာ နိုင်ကြပြီး ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များကြောင့် တစ်ဦးနှင့် တစ်ဦး မိုင်ပေါင်း ထောင်နှင့်ချီ၍ ဝေးသော် လည်း မိနစ်ပိုင်း အတွင်း ဆက်သွယ် ပြောဆို နိုင်ကြပြီ ဖြစ်သဖြင့် အချိန်ကုန် သက်သာ နေကြပြီ ဖြစ်သည်။

ကုန်းလမ်း ခရီးတွင် မြန်နှုန်းမြင့် မော်တော်ယာဉ် များဖြင့် ခရီးသွား ကြရာ၌ အရှိန်မထိန်း နိုင်၍ ယာဉ်တိုက်မှု ဖြစ်ခြင်း ၊ ယာဉ်တိမ်း မှောက်ခြင်း ၊ ရှေ့မှ မောင်းနှင်နေသော ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ခြင်း ၊ ကုန်တင်ယာဉ် များသည် သတ်မှတ် ကုန်ချိန်ထက် ပိုမို တင်ဆောင်ကာ မောင်းနှင်ခြင်း တို့ကြောင့် အန္တရာယ် ဖြစ်ကြရခြင်း များ တွေ့နေ ရသည်။ မော်တော် ဆိုင်ကယ်ဖြင့် ခရီးသွား သူတို့သည် လည်း အလားတူ ဖြစ်စဉ်များ မကြာခဏ တွေ့နေရသည်။

ရေကြောင်းခရီး တွင်လည်း အလားတူ အရှိန်မထိန်း နိုင်သော စက်တပ်လှေ အချင်းချင်း တိုက်မိခြင်းနှင့် စက်တပ်လှေက အခြား လက်ထိုးလှေအား ဝင်တိုက် မိခြင်းတို့ကြောင့် နစ်မြုပ်ခြင်း များ ရှိသကဲ့သို့ ကုန် အလေးချိန် မနိုင်မနင်း တင်၍ ခုတ်မောင်း ကြခြင်းကြောင့် နစ်မြုပ်မှုများ လည်းရှိကြောင်း တွေ့ရသည်။


သို့ဖြစ်၍ ကြီးပွားလို သူတို့အတွက် အချိန်ကို ချွေတာခြင်း ဆိုရာ၌ ပြုဖွယ် ကိစ္စအဝဝ တို့ကို အချိန်မှန် အချိန်မီ ဆောင်ရွက် ကြရမည် ဖြစ်သော်လည်း အချိန် ၊ အရှိန် နှင့် အန္တရာယ် တို့ကို ချင့်ချင့်ချိန်ချိန် သုခမိန် ဆိုစကား အတိုင်း လိုက်နာ ဆောင်ရွက် ကြရမည် ဖြစ်ပေသည်။ ။

No comments:

Post a Comment