Pages

Sunday, November 17, 2013

မုံရွာမြို့ ရွှေစည်းခုံ စေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ပူဇော်ကပ်လှူပွဲ စည်းကားစွာ ကျင်းပ


မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး
(၁၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော် ကပ်လှူပွဲအား
စည်ကားစွာ ကျင်းပစဉ်

မုံရွာ ၊ ၁၇-၁၁-၂၀၁၃

မုံရွာမြို့ ရွှေစည်းခုံ စေတီတော် မြတ်ကြီး ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၁၄) ကြိမ်မြောက် မသိုးသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီက စေတီတော် ရင်ပြင်၌ ကျင်းပ ပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ ၊ တိုင်းဒေသကြီး /ခရိုင် /မြို့နယ် အဆင့် ဌာနဆိုင်ရာ များ ၊ မြို့မိ မြို့ဖများ ၊ ဂေါပက အဖွဲ့ဝင်များ ၊ ပြိုင်ပွဲ အမှတ်ပေး ဒိုင်လူကြီးများ ၊  ပြိုင်ပွဲဝင် အသင်းများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ ရွှေစည်းခုံ စေတီတော် မြတ်ကြီး ဂေါပက အဖွဲ့ဥက္ကဌ ဦးဥာဏ်အောင် က မသိုးသင်္ကန်း ရက်လုပ် ပူဇော်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ဝန်ကြီး ဦးတင်ဝင်း ၊ ဂေါပက အဖွဲ့ဥက္ကဌ  တို့က (၁၄) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူ ပူဇော်ပွဲ ရက်ကန်း ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။ ထို့နောက် မုံရွာမြို့ ၊ အထက်တန်း ရက်ကန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည် က ရက်ကန်း အဖွဲ့များ လိုက်နာ ရမည့် စည်းကမ်းချက် များနှင့် ပြိုင်ပွဲဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ဖတ်ကြား ရှင်းပြီးနောက် ပြိုင်ပွဲဝင် များက စတင် ရက်လုပ် ကြသည်။

ရွှေစည်းခုံ ဂေါပက အဖွဲ့ဝင် တစ်ဦးက " ယခုနှစ် (၁၄) ကြိမ်မြောက် တွင် ယက္ကန်း ယှဉ်ပြိုင်မယ့် (၁၄)ဖွဲ့ စာရင်းပေး ရာမှာ စင်က ၅ ခုသာ ရှိတဲ့အတွက် မဲနှိုက်ပြီး ၅ ဖွဲ့ ရွေးချယ်ခဲ့ ပါတယ် ၊ စင် တစ်စင်ကို ၅ ဦး ပါဝင် ပါတယ် ၊ အဓိက (၃)ဦး က ရက်လုပ်ပြီး (၂)ဦးက ပံ့ပိုးရ ပါတယ် ၊ (၁၂)နာရီ ဝန်းကျင်ထိ ရက်လုပ် ယှဉ်ပြိုင်ပြီး အမှတ်ပေး အဖွဲ့က စိစစ် ရွေးချယ်ကာ ဆုရရှိ သူများကို ဆုများ ချီးမြှင့်ခဲ့ ပါတယ် ၊ မသိုးသင်္ကန်း များကို ချက်ခြင်း ချုပ်ပြီး ရွှေစည်းခုံ စေတီတော်မှ ဘုရား (၄)ဆူ ၊ ဆုတောင်းပြည့် စေတီတော်မှ ဘုရား တစ်ဆူ တို့ကို ကပ်လှူ ပူဇော်ခဲ့ပါတယ်... . " ဟု ပြောကြား သည်။


ပြိုင်ပွဲဝင် ယက္ကန်းစင် (၅)ခုမှာ ဆားလင်းကြီး မြို့နယ် ၊ တုံ-ထန်းတောကြီး ကျေးရွာ မမြင့်ကြည် အဖွဲ့က မဏိစန္ဒာ စင်တော် ၊ မုံရွာမြို့နယ် ခိုးသန်း ကျေးရွာ ဒေါ်ခင်ခင်ဦး အဖွဲ့က သူရိယ ဝစ္စဿ စင်တော် ၊ ဒန်းပင်တဲ ကျေးရွာ ဒေါ်စန်းမြင့်ဝင်း အဖွဲ့က ဓာတုကလျာ စင်တော် ၊ ဒေါ်စန်းချို အဖွဲ့က ဒေဝစ္စရာ စင်တော် နှင့် ဒေါ်အေးအေး အဖွဲ့က ဝဏ္ဏပဘာ စင်တော်တို့ မသိုးသင်္ကန်း များ ရက်လုပ် ယှဉ်ပြိုင်ခဲ့ ကြရာ ပထမဆု မဏိစန္ဒာ စင်တော် ၊ ဒုတိယဆု သူရိယ ဝစ္စဿ စင်တော် ၊ တတိယဆု ဒေဝစ္စရာ စင်တော် ၊ နှစ်သိမ့်ဆု ဓာတုကလျာ စင်တော် နှင့် ဝဏ္ဏပဘာ စင်တော် တို့က ရရှိခဲ့ပြီး ဆုများကို ဆုဖလား နှင့်အတူ ပထမဆု တစ်သိန်းခွဲ ၊ ဒုတိယဆု တစ်သိန်း ၊ တတိယဆု ရှစ်သောင်း ၊ နှစ်သိမ့်ဆု (၂)ဆု အတွက် ခုနှစ်သောင်း စီဖြင့် ဆုများ ချီးမြှင့် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment