Pages

Tuesday, November 19, 2013

စိတ်သစ်များဖြင့် ရှင်သန်ပါ


စိတ်သစ်များဖြင့် ရှင်သန်ပါ

သရက်တန်း စိုးရွှေ

လက်ထဲတွင် ရှိသော ငါးကင်သည် ရေထဲတွင် ရှိသော ငါးစိမ်းထက် တန်ဖိုးရှိ နေတတ်သည် ဟူသော စကားတစ်ခွန်း ရှိသည်။ မျှော်လင့်ချက် ဖြင့် အသက်ရှင် နေကြသော လူ့ဘဝတွင် မရေရာသော စိတ်ကူးယဉ် အိပ်မက်ထက် သေချာသော လက်တွေ့ ဘက်သို့ အလေးပေး ကြရမည် ဖြစ်သည်။

မျှော်လင့်ခြင်း သည် ရှင်သန်ခြင်း အတွက် မရှိမဖြစ် လိုအပ်ချက် ပင်ဖြစ်သည်။ သို့သော် လက်တွေ့ မဆန်သော မျှော်လင့်ခြင်း သက်သက်သည် ဘဝကို ဖျက်ဆီး၍ စိတ်ဓာတ်ကို သတ်ဖြတ်တတ် ကြမြဲပင် ဖြစ်သည်။ လူသားတို့ ရှင်သန် နေထိုင် လာသော သမိုင်းကြောင်း နှင့်တကွ ဘ၀ ရုန်းကန်မှု သမိုင်းတို့တွင် စိတ်ကူးယဉ် ဆန်စွာ လွယ်လွယ်နှင့် အောင်မြင် သူတို့ကား ရှားပါးလှသည်။ ဘဝအတွက် စိတ်ကူးဖြင့် ကြံဆ၍ လက်တွေ့ဖြင့် ဖန်တီးပါ။ စိတ်ကူးယဉ် ဆန်စွာဖြင့် လေပေါ် တိုက်အိမ် ဆောက်ခြင်း ကို ရှောင်ကွင်း ကြရမည် ဖြစ်သည်။

အတုမြင် အတတ်သင် ၍ အချောင်ခို တတ်သော စိတ်ဓာတ် မျိုးသည် စာရိတ္တ ကို ချိုးပြတတ် ကြမြဲပင် ဖြစ်သည်။ လွယ်လွယ် ရသမျှ လွယ်လွယ် ကုန်၍ ဘဝကို စုန်နေသမျှ ဘဝက နိမ့်ကျသွား တတ်မြဲပင် ဖြစ်သည်။ သို့အတွက် လှပသော ဘဝကျောင်းတွင် ကိုယ့်စိတ်ကိုယ် မြှင့်တင်ခြင်း သင်ခန်းစာကို ကောင်းစွာ သင်ကြားဖို့ လိုအပ် လှသည်။

ရခဲလှသော လူ့ဘဝတွင် မှန်ကန်သော အသိရှိဖို့ ကလည်း လိုအပ် လှသည်။ တစ်ထွာသော ဝမ်းကလေး အတွက် သောကတွေ ဖက်ကာ ဒေါသတွေ ထွက်နေပါက ရခဲလှသော ကာလသည် အသုံး မကျသလို ဖြစ်သွား တတ်မြဲပင် ဖြစ်သည်။ အန္တရာယ် တွေများစွာ လွှမ်းခြုံ ထားသော လောက အတွင်း၌ မိမိ အသိကို အဆိပ်မသင့် သွားရေး အလေးပေး ဂရုပြု ကြရမည် ဖြစ်သည်။

''  လူတိုင်းတ မရ " ဆိုသော စကားအရ ဘ၀သည် ကန့်သတ်ချက် ဖြင့် စီမံ ပြဋ္ဌာန်း ထားတတ်သည်။ ကွဲပြား ခြားနားမှု များဖြင့် တည်ရှိနေသော လူ့ဘဝတွင် ကိုယ့်ဘ၀ ၏ ဖန်တီးရှင် သည် ကိုယ်သာပင် ဖြစ်သည်။ သို့အတွက် ရှင်သန် နေသည့် ဘဝအတွင်း လူဖြစ်လာခြင်း အမြတ်ရ ရေးအတွက် စိတ်ဓာတ် လတ်ဆတ်ဖို့ လိုအပ် လှသည်။

လူတစ်ဦး အတွက် လောကသည် တာဝန်တစ်ရပ် စီ ပေးထားတတ် ကြသည်။ တာဝန် ကိုယ်စီနှင့် လူသား အတွက် ကိုယ်တိုင် စီရင်အပ်သော အရာမှာ ကိုယ်တိုင် ရေးသော သမိုင်းသာလျှင် ဖြစ်သည်။ သမိုင်း ကိုယ်စီ ရေးခွင့်ရသော လူသားများ အကြား ရေးသားခြင်း ခေါင်းစဉ်ကွဲများ ရှိနေတတ်သည်။ ထိုခေါင်းစဉ်များ အရ ဘဝသည် အရောင် ပြောင်းရင်းဖြင့် အမြင်၏ ခံစားမှုများကို ခံစား သွားတတ် ကြမြဲပင် ဖြစ်သည်။

အလှဆုံးသော ပန်းများကို လိပ်ပြာများ သတိထား တတ်ကြသည်။ ပတ်ဝန်းကျင်၏ သင်ကြားမှု အထွေထွေကြား အမှားအမှန် ခွဲခြား တတ်ဖို့လည်း လိုအပ်လွန်း လှသည်။ စိတ်သည် မကောင်းမှု၌ မွေ့လျော်သည် ဆိုသည့် တိုင်အောင် ကောင်းမှုဘက် သို့လည်း ဆွဲဆောင် ခေါ်ယူ ကြမည် ဖြစ်သည်။

အတက်ရှိသမျှ အကျရှိ၍ အစုန်ရှိသမျှ အဆန်ရှိခြင်း ကြားမှာ စိတ်ထားကတော့ အလယ်အလတ် ကိုသိကာ ဘဝကို သိသိသာသာ ပြုပြင် သင့်လှသည်။

လျှောက်လှမ်းခြင်း ၏နောက်တွင် သွားလာခြင်း အမျိုးမျိုး ရှိနေတတ်သည်။ ရှေ့ ၊ နောက် နှင့်တကွ ကောင်းခြင်း ဆီသို့လား ၊ ဆိုးခြင်းဆီ သို့လား ဆိုသော အဓိပ္ပာယ် ကိုယ်စီဖြင့် သွားလာ နေတတ် ကြသည်။ ခံယူတတ်ခြင်း လှပနေသမျှ ယနေ့သည် ကောင်းတာ ပြုလုပ်ရန် အချိန်ကောင်း ပင်ဖြစ်သည်။ ခံယူ တတ်ခြင်း မြင့်မြတ်သမျှ ဒုက္ခသည် ဘဝအတွက် ချိုမြိန်သော ဟင်းကောင်း တစ်ခွက် ပင် ဖြစ်နေသည်။

သက္ကရာဇ်တို့ ခရီးသွား နေဆဲပင် ဖြစ်သည်။ ကာလတို့ စီးဆင်း သွားမြဲပင် ဖြစ်သည်။ လူသားတို့ မွေးကြ ၊ သေကြဖြင့် သမိုင်းရေး နေကြသည်။ အရင်းစစ် သမျှ လုပ်ဆောင်မှု တိုင်းသည် စိတ်၏ ခြေရာများသာ ဖြစ်နေသည့် အတွက် စိတ်ကို တည့်မတ် ပေးကြ ရမည် ဖြစ်သည်။ ၂၄ နာရီ ဆိုသည့် ရထား အသွားမှာ အလိုက်သင့် စီးတတ်ဖို့သာ အလိုအပ်ဆုံး ဖြစ်နေ တတ်သည်။

နေ့သစ်သည် နေ့စဉ် ကြုံတွေ့ခွင့် ရှိသည်။ စိတ်သစ် သည်လည်း နေ့စဉ် ပြုပြင်ခွင့် ရှိနေသည်။ အမုန်းသည် အရှုံးဆီ ဦးတည်၍ အပြုံးသည် အောင်မြင် အေးချမ်းခြင်း ဆီသို့ ဦးတည် သွားတတ်သည်။ ခန္ဓာသည် စိတ်ခြယ် လှယ်သော အရောင်ခြယ်ခံ ကိရိယာ သာလျှင် ဖြစ်နေ တတ်သည်။


နေ့စွဲတိုင်းကို စိတ်ကောင်းဖြင့် သစ်အောင် ဖန်တီး ကြရမည်။ ကာလများကို တက်ကြွမှုဖြင့် ရှင်သန်နိုးထ စေကြရမည်။ ကိုယ်မနိုင်သော ကိုယ့်စိတ်ကို အသိဖြင့် ထိန်းချုပ် ကြရမည်။ ကိုယ်မပိုင်သော အရာများစွာ တို့၏ သက်ရောက်မှု အကြား နားလည်မှုများ ဖြည့်ဆည်းပေး ကြရမည် ဖြစ်သည်။ သို့အတွက် လှပသော စိတ်နှင့် သန့်ရှင်းသော ဘ၀ ရရှိရေး အတွက် မိမိကိုယ် မိမိ ပြုပြင် ထိန်းသိမ်းရင်း နေထိုင် သွားသင့် လှသည်။  ။


No comments:

Post a Comment