Pages

Wednesday, October 16, 2013

ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယရှိ သူများ ဖမ်းမိပြီ



နေပြည်တော် ၊ ၁၆-၁၀-၂၀၁၃

နိုင်ငံတော် အတွင်း လုံခြုံရေး ၊ တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခု ရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး အချို့တွင် မသမာ သူများက ဖောက်ခွဲမှုများအား လုပ်ဆောင် ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု ၊ စိုးရိမ် ကြောင့်ကြမှု များဖြစ်ပေါ် စေပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြား စေရန် ဦးတည် ဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိရသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေး ကားဝင်းရှေ့ ကားမှတ် တိုင်ရှိ ခရီးသည် နားနေဆောင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့် တွင် သာကေတ မြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုး အနီး ပေါက်ကွဲ ခဲ့သည့် ဖြစ်စဉ် ၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံ အောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင် ကျောက်တံတား မြို့နယ် ကုန်သည်ကြီး များဟိုတယ် အခန်းအမှတ် ၉၂၁ ၌ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသူ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ် များတွင် သံသယရှိသူ စောမြင့်လွင် (ခ) မောထ ဆိုသူအား ၂၄ နာရီအတွင်း ပြည်သူ လူထု၏ ပူးပေါင်း ပါဝင်မှုဖြင့် မွန်ပြည်နယ် ဘီးလင်း မြို့နယ် ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဖမ်းဆီး ရမိခဲ့ပြီး ဆက်လက်၍ သံသယ ရှိသူများ ဖြစ်သော အောင်မင်းဦး ၊ ဆန်းလင်း နှင့် အောင်မိုး တို့ သုံးဦးအား ထပ်မံ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့ မှ ဖြူးမြို့သို့ ထွက်ခွာ လာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ် ၌ တွေ့ရှိရသော ကြွပ်ကြွပ်အိတ် နှင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ၁၁ ရက်က တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွား ခဲ့ပြီး ဖြစ်စဉ်များတွင် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ ခဲ့ရာ အဆိုပါ ဖြစ်စဉ်များတွင် ပြစ်မှု ကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူ ဖြစ်ကြောင်း ဖော်ထုတ် ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေး အတွက် ပြည်သူလူထု နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၆ လမ်းနှင့် လမ်း ၈ဝ ထောင့် စားသောက်ဆိုင် တစ်ဆိုင်တွင် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ယမန်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်း ရပ်ကွက် ရွှေပြည့်စုံ တည်းခိုခန်း အပေါ်ဆုံး တတိယထပ် စားသောက်ခန်း ပေါက်ကွဲမှုနှင့် နံနက် ၅ နာရီ ၄၅ မိနစ်ခန့် တွင် စစ်ကိုင်းမြို့ ဆွမ်း ဦးပုညရှင် စေတီ ယာဉ်ရပ်နား နေရာ ပေါက်ကွဲမှု ဖြစ်စဉ် တို့ ဆက်တိုက်  ဖြစ်ပွား ခဲ့ကြောင်း သိရှိရပြီး တရားခံများ ဖော်ထုတ် ဖမ်းဆီး ရမိရေး အတွက် တရားဥပဒေ စိုးမိုးရေး အဖွဲ့များက ပြည်သူလူထု နှင့် ပူးပေါင်း ဖော်ထုတ် ဆောင်ရွက်လျက် ရှိသည်။


အဆိုပါ ဖြစ်စဉ်များ တွင် ပြည်သူ လူထု၏ အားတက် သရော ဝိုင်းဝန်း ကူညီမှုဖြင့် ဖော်ထုတ် ရရှိသူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် တရားခံ ပေါ်ပေါက်ခြင်း မရှိသေးသည့် ဖြစ်စဉ်များ ကိုလည်း ပြည်သူလူထု၏ ပူးပေါင်း ကူညီမှုများဖြင့် စစ်ဆေး ဖော်ထုတ် ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရှိရသည်။

No comments:

Post a Comment