Pages

Tuesday, October 1, 2013

ရန်ကုန်မြို့ ရေပေးဝေမှု ဖွံ့ဖြိုး တိုးတက်ရေး ဂျပန်အစိုးရမှ ထောက်ပံ့သည့် သဘောတူညီချက် လက်မှတ်ရေးထိုး



ရန်ကုန် ၊ ၁-၁၀-၂၀၁၃

ရန်ကုန်မြို့တော် ရေပေး ဝေရေး စီမံကိန်း တိုးတက် ကောင်းမွန်ရေး အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့အကြား ပံ့ပိုး ထောက်ပံ့မှု သဘော တူညီချက် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန် မြို့တော် ခန်းမရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး ဝန်ကြီး ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် က ရန်ကုန်မြို့ ရေပေးဝေမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျပန်အစိုးရ မှ ပံ့ပိုး ထောက်ပံ့သည့် သဘောတူ ညီချက် လက်မှတ် ရေးထိုးသည့် အခမ်းအနား ပင် ဖြစ်ကြောင်း ၊ ၂ဝ၁၃ခုနှစ် ၊ မေ ၂၆ ရက်နေ့တွင် ဂျပန် - မြန်မာ အစိုးရ အပြန်အလှန် သဘော တူညီမှုများ ရရှိခဲ့ပြီး ယနေ့ အခမ်းအနား တွင် ဂျပန်အစိုးရမှ ရန်ကုန် မြို့တော် ရေပေး ဝေရေး စီမံကိန်း လုပ်ငန်းများ အတွက် ဂျပန်ယန်း ငွေသန်း ၁၉ဝဝ ကို ထောက်ပံ့ ကူညီ ပေးခဲ့ကြောင်း ၊ အဆိုပါ စီမံကိန်း လုပ်ငန်းများမှာ ညောင်နှစ်ပင် ရေပေးဝေရေး စီမံကိန်းမှ ရေတွန်းစက် များ ပြုပြင်မှု လုပ်ငန်း ၊  ကမ္ဘာအေး ဘုရားလမ်း တစ်လျောက် အချင်း ၄၂ လက်မရှိ ရေပို့ပိုက် လိုင်းများ ဆက်သွယ်မှု လုပ်ငန်းနှင့် ရန်ကင်း မြို့နယ်အတွင်း အဆင့်မြင့် အရည်အသွေး ကောင်းမွန်သော ရေမီတာများ တပ်ဆင် လဲလှယ်မှု လုပ်ငန်း တို့ပင် ဖြစ်ကြောင်း ၊ ထိုသို့ စဉ်ဆက်မပြတ် ထောက်ပံ့မှု များပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိ ပါကြောင်း နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် JICA တို့ အကြား ချစ်ကြည် ရင်းနှီးမှုသည် ပိုမိုခိုင်မြဲ ရှင်သန် စေမည် ဖြစ်ကြောင်း ဖြင့် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။


ယင်းနောက် ရန်ကုန်မြို့ရှိ JICA - မြန်မာရုံးမှ ဌာနေ ကိုယ်စားလှယ် အကြီးအကဲ Mr. Masahiko TANAKA က အမှာစကား ပြောကြားပြီး ရန်ကုန် မြို့တော်ဝန် နှင့် ပံ့ပိုး ထောက်ပံ့မှု သဘော တူညီချက် စာချွန်လွှာကို လက်မှတ် ရေးထိုး ကြကာ အပြန်အလှန် လဲလှယ် ကြသည်။ ထို့နောက် ရန်ကုန် မြို့တော်ဝန် ၊ JICA - မြန်မာရုံး ဌာနေ ကိုယ်စားလှယ် အကြီးအကဲ နှင့် အဖွဲ့ဝင်များ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သိရှိရသည်။

No comments:

Post a Comment