Pages

Thursday, October 17, 2013

နိုင်ငံသား တစ်ဦးချင်း စီ၏ အခွင့်အရေး စာချွန်တော် အမိန့်ဖြင့် ကာကွယ်ပေး

နိုင်ငံသား တစ်ဦးချင်း စီ၏ အခွင့်အရေး စာချွန်တော် အမိန့်ဖြင့် ကာကွယ်ပေး

အယ်ဒီတာ့ အာဘော်
(၁၇-၁၀-၂၀၁၃)

ပထမအကြိမ် ပြည်သူ့ လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး နဝမနေ့ ကို အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပခဲ့ရာ ၂ဝ၁၃ ခုနှစ် စာချွန်တော် အမိန့် လျှောက်ထားမှု ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ခဲ့ပြီးဖြစ်သည်။

စာချွန်တော် ဥပဒေသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံသားအား ပေးထားသော အထူးအခွင့် အရေးဖြစ်သည်။ တရားရုံး အဆင့်ဆင့်၏ မှားယွင်း စီရင် ဆုံးဖြတ်မှု များနှင့် စပ်လျဉ်း၍ အယူခံမှုနှင့် ပြင်ဆင်မှုတို့ အပြင် စာချွန်တော် တင်သွင်းခွင့် ကိုပါ ရရှိနေကြ ပြီဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂ဝဝ၈) အခန်း(၆) တရား စီရင်ရေး ကဏ္ဍတွင် တရားရုံးများ ဖွဲ့စည်းခြင်းနှင့် မူလ စီရင်ပိုင်ခွင့် အာဏာများ ပြဋ္ဌာန်း ထားသည်။ ပြည်ထောင်စု တရား လွှတ်တော်၏ မူလ စီရင်ပိုင်ခွင့် အာဏာများ ပုဒ်မ ၂၉၆ အပိုဒ်ခွဲ(က) ၌ ပြည်ထောင်စု တရား လွှတ်တော်ချုပ်က ထုတ်ပိုင်ခွင့် အာဏာရှိသည့် စာချွန်တော် အမိန့်အဖြစ် ရှေ့တော်သွင်း စာချွန်တော် အမိန့် ၊ အာဏာပေး စာချွန်တော် အမိန့် ၊ တားမြစ်စေ စာချွန်တော် အမိန့် ၊ အာဏာပိုင် မေးတော် စာချွန်တော် အမိန့် ၊ အမှုခေါ် စာချွန်တော် အမိန့် ဟူသော စာချွန်တော် အမိန့်(၅)မျိုး တွေ့ရသည်။ နိုင်ငံတော် အတွင်း အရေးပေါ် အခြေအနေများ ပေါ်ပေါက်ကြောင်း ကြေညာသည့် ဒေသတွင် စာချွန်တော် အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထား ချက်များကို ရပ်ဆိုင်း ထားရမည် ဖြစ်ကြောင်း အပိုဒ်ခွဲ(ခ)၌ တွေ့ရသည်။

ရှေ့တော်သွင်း စာချွန်တော် အမိန့်သည် အင်္ဂလန်နိုင်ငံ ပထမမြောက် ချားလ်စ်၏ ဘုရင် လက်ထက်တွင် စတင် ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ဘုရင့်ထံမှ ချေးယူထားသော ငွေများကို ပြန်လည် ပေးဆပ်ရန် ငြင်းဆန် ခဲ့ကြသည့်
သူရဲကောင်း ငါးဦးအား ဘုရင့် အမိန့်ဖြင့် ချုပ်နှောင် ထားသည်။ ထိုသို့ မတရား ချုပ်နှောင် ထားခြင်းမှ လွှတ်ပေးရန် တရား လွှတ်တော်သို့ ရှေ့တော်သွင်း စာချွန်တော် အမိန့် ထုတ်ပေးရန် လျှောက်ထား ရာမှ ပေါ်ပေါက် လာခြင်းဖြစ် သည်။ အာဏာပေး စာချွန်တော် အမိန့်သည် တရားရေး ဆိုင်ရာ ကုစားမှု တစ်ရပ်ဖြစ်ပြီး တရား လွှတ်တော်ချုပ် က အစိုးရအဖွဲ့ သို့မဟုတ် အခြား အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ် ၊ ကော်ပိုရေးရှင်း ၊ လက်အောက် တရားရုံးများသို့ ပြဋ္ဌာန်း ဥပဒေအရ ၄င်းတို့အပေါ် အပ်နှင်း ထားသော အများပြည်သူ ဆိုင်ရာတာဝန်ကို ဆောင်ရွက် စေရန် ထုတ်ဆင့် နိုင်သကဲ့သို့ ဥပဒေအရ ရှောင်ကြဉ်ရန် တာဝန်ရှိသော ပြုလုပ်မှု တစ်ခုကို မပြုလုပ် စေရန် ထုတ်ဆင့် နိုင်သည့် အခွင့်အာဏာ ဖြစ်သည်။

တားမြစ်စေ စာချွန်တော် အမိန့်သည် ဥပဒေက အပ်နှင်း ထားသော အခွင့်အာဏာ ထက်ပိုလွန်၍ အလွဲသုံးစား ပြုခြင်း ၊ သဘာဝ တရားမျှတမှု ကို ချိုးဖောက်ခြင်း ပြုသည့် လက်အောက် တရားရုံးများနှင့် အုပ်ချုပ်ရေး အဖွဲ့အပေါ် အခွင့်အရေး ထိပါး နစ်နာသူက တားမြစ် ပေးရန် လျှောက်ထားသည့် အမှုဖြစ်သည်။ အာဏာပိုင်မေး စာချွန်တော် အမိန့်သည် အများပြည်သူ ဆိုင်ရာ ရာထူး တစ်ခု လက်ကိုင်ထား ရှိသူအား မည်သည့် အခွင့်အာဏာ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မေးမြန်းရန် နှင့် ပြင်ဆင်စေရန် လျှောက်ထား သည့် တရားစီရင်ရေး ဆိုင်ရာ ကုစားမှုဖြစ် သည်။ အမှုခေါ် စာချွန်တော်သည် လက်အောက် တရားရုံးများ၏ စီရင် ပိုင်ခွင့်နှင့် လုပ်ထုံး လုပ်နည်း မှားယွင်းမှု တို့ကြောင့် သဘာဝ တရား မျှတမှု ချိုးဖောက်ရာ ရောက်ခဲ့သော အမှုတွဲများကို တင်ပို့စေရန် ထုတ်ဆင့်သည့် စာချွန်တော် အမိန့်တစ်ရပ် ဖြစ်သည်။

စာချွန်တော် အမိန့် လျှောက်ထားခြင်း ကို ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကာကွယ်နိုင် ၊ ရယူနိုင်သော အခွင့်အရေးများ ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၂၅ အပိုဒ်ခွဲ (၁)တွင် ဤအခန်း ၌ ပေးအပ် ထားသော အခွင့်အရေး တစ်ခုခုကို ရယူရန် တရား လွှတ်တော်ချုပ် အား သက်ဆိုင်ရာ နည်းဖြင့် လျှောက်ထား၍ ရယူ ပိုင်ခွင့် ရှိရမည်ဟု ပါရှိပြီး အပိုဒ်ခွဲ(၂)နှင့် (၃)တို့မှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၉၆ ၏ အပိုဒ်ခွဲ(က) နှင့် (ခ) အတိုင်း ဖြစ်ကြောင်း တွေ့ရသည်။


သို့ဖြစ်၍ ၂ဝဝ၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာမှ တရားစီရင်ရေး မဏ္ဍိုင် ပိုမို တည့်မတ်စေရန် ၂ဝ၁၃ ခုနှစ် စာချွန်တော် အမိန့် လျှောက်ထားမှု ဆိုင်ရာ ဥပဒေက အားဖြည့် ပေးလိုက်ခြင်းပင် ဖြစ်ပေသည်။ ။

No comments:

Post a Comment