Pages

Wednesday, October 2, 2013

ငွေတာရီလစဉ် ဓာတ်ပုံပြိုင်ပွဲ " ပဲခူး ခရီးစဉ် "

ငွေတာရီလစဉ် ဓာတ်ပုံပြိုင်ပွဲ " ပဲခူး ခရီးစဉ် "

ပထမ - ကိုရဲထွန်း



မြန်မာနိုင်ငံ ဓာတ်ပုံ အသင်းကြီးတွင် နှစ်စဉ်လိုလိုပင် အမှုဆောင် သက်တမ်း အစကာလ ဇွန်လမှ စတင်ကာ ဓာတ်ပုံ သင်တန်းကို ဖွင့်လှစ် သင်ကြားမြဲ ဖြစ်သည်။ ဇွန်လသည် ဓာတ်ပုံ သင်တန်းသား အများစုတို့ အသင်း၏ Outing ခရီးစဉ် များတွင် လိုက်ပါလေ့ ရှိကြ၍ နှစ်စဉ်လိုပင် ယခုလကို သွားလာရေး လွယ်ကူပြီး ပြိုင်ပွဲပုံများ ရိုက်ရန် နေရာများ ရှိသည့် ပဲခူးမြို့သို့ ခရီးစဉ် သတ်မှတ်လေ့ ရှိသည်။

ယခု ပဲခူး ခရီးစဉ်တွင် ဓာတ်ပုံ အသင်းသား များနှင့် လူသစ် သင်တန်းသား များပါ လိုက်ပါ ရိုက်ကူးကြ၍ အကြီးတန်း လစဉ် ပုံမှန် ပြိုင်ပွဲတွင် ပုံပေါင်း ၇၀ ကျော် ပေးပို့ ယှဉ်ပြိုင်ကြသည်။ လူသစ်တန်း သင်တန်းသား ပြိုင်ပွဲ တွင်လည်း ပုံပေါင်း ရာကျော် ပါဝင် ယှဉ်ပြိုင် ကြသည်ကို အားရဖွယ် မြင်တွေ့ ရသည်။

ယခုလ ပထမဆု ရရှိသူ ကိုရဲထွန်း သည် သင်တန်းသား ပြိုင်ပွဲဝင် ဘ၀မှ အကြီးတန်း သို့ တက်ရောက် ယှဉ်ပြိုင်ပြီး ဆုကြီးများ မကြာခဏ ရယူ နေသူ ဖြစ်သည်။ ပထမဆုရ ကိုရဲထွန်း ပုံကဲ့သို့ ဆင်တူ ပုံများ ၅ ပုံခန့် ပေးပို့ ရောက်ရှိ လာသည်။

ထိုသို့သော ပုံများထဲမှ ယခုဆုရပုံ သည် အကောင်းဆုံး ဖြစ်သည့် အပြင် အကဲဖြတ် အများစုက အကြိုက်ညီ သဖြင့် ပထမဆု ရယူနိုင်ခြင်း ဖြစ်သည်။ ဇရာအရွယ် သို့ ရောက်နေသူ အဘွားအို အား တောင်ဝှေး အားပြု လျှောက်လှမ်း နေပုံကို ပြင်ဆင် ရိုက်ကူး ထားသော ပုံဖြစ်သည်။ အဘွားအို အား အဝေးရိုက် မှန်ဘီလူး ( Tele Lens ) ဖြင့် ပြတ်သားမှု အားကောင်းစွာ ရိုက်ယူ ထားသည်။ နောက်ခံကား အဖြစ် ဗုဒ္ဓ ရုပ်ပွားတော်အား ၀ါးသွား စေခြင်းဖြင့် လည်းကောင်း ၊ အနက်ရောင် နောက်ခံ ထား၍ လည်းကောင်း ပုံမှ လုံးကြွ ပေါ်လွင်လျက် ရှိနေသည်။ လက်တွင် ကိုင်ထားသော စိပ်ပုတီး နှင့် ခေါင်းဆောင်း ခမောက် မှာလည်း အကြောင်းအရာ သရုပ်ဖော် မှုတွင် အားဖြည့် ပေးနေသည်။ အဘွားအို ၏ မျက်လုံး အကြည့်မှာလည်း မှန်ကန်ပြီး အကောင်းဆုံး အနေတွင် ရိုက်ယူနိုင်သည်။ ဖြတ်တောက် တင်ပြပုံ နှင့် ဓာတ်ပုံ ဖွဲ့စည်းပုံတို့ ကောင်းမွန်း သည်။ အရိပ်အောက် တွင် ရိုက်ထား သော်လည်း ဆေးသား မှန်ကန်ပြီး ကြည်လင် တောက်ပသည်။ ဇာတ်ကောင် နေရာချ ထားမှု ကောင်းမွန်ပြီး သုံးချိုး နှစ်ချိုး ကန့်လန့်ဖြတ် တင်ပြပုံကြောင့် ပုံမှာ ဆန်းသစ် ပြည့်ဝလျက် ရှိသည်။

ဒုတိယ - သွယ်သွယ်ထွန်း



ဒုတိယ ဆုရှင် သွယ်သွယ်ထွန်း မှာ ယခင်နှစ်မှ စ၍ အသင်းကြီး ၏ စံပြမယ် ပြိုင်ပွဲများတွင် ဆုကြီးများ အမြဲ ရယူ ပိုင်ဆိုင်ခဲ့သူ အမျိုးသမီး လူသစ် ဓာတ်ပုံ သမားတစ်ဦး ဖြစ်သည်။ ဆုရရှိသော စံပြအလှမယ် ပုံများမှာလည်း အဆင့်မြင့် သော ပုံများ  ဖြစ်သည်ကို သတိပြု မိသည်။ ယခုနှစ် အသင်း၏ လစဉ် Outing ခရီးထွက် ဓာတ်ပုံ ပြိုင်ပွဲ များမှာပါ ဆုကြီးများ ရနေသည်ကို တွေ့ရ၍ ၀မ်းသား ကြိုဆို ရပါသည်။ ယခုလ ဆုရွှေးချယ်ပွဲသို့ စာရေးသူ ကိုယ်တိုင် ပါဝင် အကဲဖြတ် ခွင့်ရပါ၍ ယခုဆုရ ပိန်းကြာရွက် ပုံကို အမှတ် အသင့်အတင့် သာ ပေးခဲ့သော်လည်း ကျန် အကဲဖြတ် တို့ အကြိုက်တွေ့ သဖြင့် ဒုတိယဆု ကို ရရှိခြင်း ဖြစ်သည်။ ပြင်ပ ခရီးထွက် ဓာတ်ပုံ ပြိုင်ပွဲ များတွင် သွားရောက် ခဲ့သည့် ရပ်ရွာ ဒေသ၏ အငွေ့အသက် ၊ လှုပ်ရှားမှု တို့ ပါဝင်သင့်သည်။ ထို့ပြင် ထူးခြား ဆန်းသစ်သော အမြင် ခံစားမှု တို့ဖြင့် ရိုက်ကူးသော ပုံ ဖြစ်စေလို သည်။ ဤသည်မှာ စာရေးသူ ၏ ပုဂ္ဂလိက အယူအဆ ဖြစ်၍ ပြိုင်ပွဲဝင် တို့၏ လွတ်လပ်သော စိတ်ကူး အယူအဆ ဖြင့် ရိုက်ကူး နိုင်သည်။

သွယ်သွယ်ထွန်း ၏ ဆုရပုံမှာ ပိန်းကြာဖက် ပေါ်တွင် ရေစက် ရေပေါက်များ စီရီစွာ တင်နေပုံ ဖြစ်သည်။ ရေစက် ရေပေါက် များပေါ်တွင် အနုစိတ် လက္ခဏာလေးများ ပေါ်လွင်အောင် ပြသ ထားသည်။ ဓာတ်ပုံ ဆေးသား ပြတ်သား ကြည်လင် ကောင်းမွန် မှန်ကန်သည်။

တတိယ - ဇေယျာမင်း



ဓာတ်ပုံ သင်တန်းဆင်း ပြီးစ သင်တန်းသား ဘ၀မှ အကြီးတန်း တွင် တက်ရောက် ယှဉ်ပြိုင် ရသော်လည်း ဆုကြီးများ ရယူနေသည့် လူငယ်တစ်ဦး ဖြစ်သူ ဇေယျာမင်း ၏ တတိယ ဆုရပုံ ဖြစ်သည်။ ယခု ဆုရပုံမှာ ပထမဆုရ ပုံနှင့် အတူ ပါဝင် ရိုက်ကူးခဲ့သော ပုံ ဖြစ်သည်။ ယခုပုံမှာ အဘွားအို အား ဒေါက်လိုက် အနေ ရိုက်ယူ တင်ပြ ထားသည်။ အဝေးရိုက် မှန်ဘီလူးဖြင့် ရိုက်ကူး ထားသော်လည်း အဘွားအိုအား ပြတ်သားစွာ ရိုက်ယူ နိုင်သည်။ ဖြတ်တောက် တင်ပြမှု အနေဖြင့် အတန်ငယ် ပြည့်ကျပ် နေသယောင် ဖြစ်ပြီး အဘွားအို ၏ နောက်ကျောဘက် တွင် အတန်ငယ် နေရာ ချန်ထားသင့် သည်။ နောက်ခံရှိ ရုပ်ပွားတော် ကို အလင်းကျပုံ များနေ၍ ယခုထက် အရောင် ရင့်ရင့် ပြုပြင် ကူးခဲ့ပါက အဘွားအို မျက်နှာသို့ ကြည့်သူ၏ အမြင်အာရုံ ပိုမို ထိရောက် အားရှိမည် ဖြစ်သည်။ ဓာတ်ပုံ ဆေးသားတို့ မှန်ကန် လှပ ကောင်းမွန် ပါသည်။

ညောင်ဦး ဖိုးချို ( Hon; MPS, FMPS, PMPS )

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း

No comments:

Post a Comment