Pages

Thursday, October 3, 2013

ဖိလစ်ပိုင်အစိုးရ နှင့် မွတ်စလင် သူပုန်များ အကြား ပြီးပြည့်စုံသော ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ရရှိရေး ကြိုးပမ်းလျက်ရှိ


ဖိလစ်ပိုင်အစိုးရ နှင့် MILF တို့အကြား ငြိမ်းချမ်းရေး သဘောတူညီမှု
လက်မှတ်ရေးထိုးစဉ်

မနီလာ ၊ ၃-၁ဝ-၂ဝ၁၃

ဖိလစ်ပိုင် အစိုးရ နှင့် မိုရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦး (MILF) တို့အကြား ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ်ရရှိရေး နှင့် ပတ်သက်၍ ဖိလစ်ပိုင် ပြည်သူများ၏ ယုံကြည်မှု ကျဆင်းလျက် ရှိစဉ် ပြီးပြည့်စုံသော ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ်ရရှိရေး အတွက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဖိလစ်ပိုင် အစိုးရဘက် မှ စေ့စပ် ညှိနှိုင်းရေး အဖွဲ့ အကြီးအကဲ Miriam Cronel - Ferrer က ၄င်း၏ အဖွဲ့အနေဖြင့် MILF နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး အပေါ် ဖိလစ်ပိုင် ပြည်သူများ၏ ထောက်ခံမှု အချိန်နှင့် အမျှ ကျဆင်း နေရခြင်းမှာ ဘန်ဆာမိုရို သဘော တူညီချက် မူဘောင် (FAB) ၏ အကောင် အထည်ဖော် ဆောင်ရွက်ရန် ကျန်ရှိနေသော အချက် ၄ ချက်ကို လက်မှတ် ရေးထိုးရေး နှောင့်နှေး ကြန့်ကြာ နေသည့် အတွက် ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

အစိုးရနှင့် MILF တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် နှင့် ပတ်သက်၍ ပြည်သူများ၏ ထောက်ခံမှုမှာ ၂ဝ၁၃ ခုနှစ် မတ်လတွင် ၇၉ ရာခိုင်နှုန်း ရှိပြီး ဇွန်လတွင် ၇ဝ ရာခိုင်နှုန်းသာ ရှိသည့်အတွက် ကျဆင်း သွားကြောင်း နောက်ဆုံး ကောက်ယူခဲ့သည့် စစ်တမ်းများ အရ သိရသည်။


အစိုးရနှင့် MILF တို့သည် FAB ၏ အကောင် အထည်ဖော် ဆောင်ရွက်ရန် ကျန်ရှိ နေသောအချက် ၄ ချက်မှ အသွင် ကူးပြောင်းရေး စီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဘဏ္ဍာငွေ မျှဝေ သုံးစွဲရေး အချက် ၂ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး အာဏာခွဲ ဝေပေးရေး နှင့် ဆက်ဆံရေးများ ပုံမှန် အနေအထား ရရှိအောင် ဆောင်ရွက်ရေး အချက် ၂ ချက်ကို လက်မှတ် ရေးထိုးရန် ကျန်ရှိ နေကြောင်း သိရသည်။ နှစ်ဘက် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များသည် ကျန်ရှိ နေသည့်အချက် ၂ ချက်ကို လက်မှတ် ရေးထိုးနိုင်ရေး အတွက် တရားဝင် နှင့် အလွတ်သဘော ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment