Pages

Sunday, September 22, 2013

ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်အတွက် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ ကြက်ခြေနီ အသင်းပူးပေါင်းမည်


ရန်ကုန် ၊ ၂၂-၉-၂၀၁၃

မြန်မာနိုင်ငံ အတွင်း ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ် အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် အမေရိကန် ကြက်ခြေနီ အသင်းတို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း(ရန်ကုန်ရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းမှု တွင် ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များ သာမက ဘေးဒုက္ခ စီမံခန့်ခွဲရေး လုပ်ငန်းများ ၊ အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက် မည်ဖြစ်ကြောင်း ၊ ဘေးအန္တရာယ် ကျရောက် နိုင်သော ဒေသတွင်းမှ ရပ်ကွက် လူထုများနှင့် ကျောင်းသား လူငယ်များကို စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံချက် ဆောင်ရွက်ရာ၌ ပိုမို ထိရောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်း ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ စီမံချက် ဆောင်ရွက်ရာ၌ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ယူနိုက်တက် စတိတ် အေဂျင်စီ ( USAID ) နှင့် နိုင်ငံခြား ဘေးဒုက္ခ ကူညီမှုရုံး ( OFDA ) တို့၏ ထောက်ပံ့မှုဖြင့် ဘေးအန္တရာယ် ကျရောက် နိုင်သော ဒေသများနှင့် ကျောင်းများတွင် စတင် အကောင် အထည်ဖော် မည် ဖြစ်ကြောင်း ၊ စီမံချက် ကာလမှာ ၁၈ လ ကြာမြင့်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သုံးသိန်းကျော် သုံးစွဲ သွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ စီမံချက် မဟာဗျူဟာ အရ လူထု အခြေပြု ရှေးဦး သတိပေးခြင်း ၊ ရှေးဦးစွာ စီမံ ဆောင်ရွက်ခြင်း စနစ်များ မြန်မာနိုင်ငံ ရှိ အခြား ဒေသများတွင် ပေါ်ပေါက် လာစေရန် စံပြ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ယင်းအတွက် စီမံချက် ၀င် ဒေသများ အနေဖြင့် ဘေးအန္တရာယ် ဖြစ်ပွားမှု အနည်းဆုံး ဖြစ်စေရန် နှင့် ဘေးဒုက္ခ မကျရောက်မီ ကြိုတင် ပြင်ဆင် နိုင်မည့် အပြင် ဘေးဒုက္ခ ကျရောက်စဉ် တုံ့ပြန် ဆောင်ရွက် နိုင်ရန် နည်းလမ်းများ ရရှိ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment