ရန်ကုန် ၊ ၁၀-၉-၂၀၁၃
မြန်မာနိုင်ငံ အတွင်း ပညာရေး ၀န်ထမ်းများ
လိုအပ် နေသေးသည့် အတွက် ယင်း လိုအပ်ချက် အရ လာမည့် ပညာသင်နှစ် အတွင်း တိုးမြှင့် ခန့်အပ်ရန်
ရှိကြောင်း ပညာရေး ၀န်ကြီးဌာန အခြေခံ ပညာဦးစီးဌာန မှ အဆင့်မြင့် အရာရှိ တစ်ဦး၏ ပြောကြားချက်
အရ သိရသည်။
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှ စတင်၍ နေ့စား
လပေး ဆရာ ဆရာမများ တိုးမြှင့် ခန့်ထားမှုများ ဆောင်ရွက် ခဲ့ကြောင်း ၊ ယခင် ၀န်ထမ်း ခန့်အပ်မှုတွင်
အသုံးစရိတ် လိုအပ်ချက် များအရ ဦးရေ ၃၀၀၀၀ ဦးခန့်သာ ထားရှိရန် စီစဉ်ခဲ့ကြောင်း ၊ ယခုမူ
ပညာရေး ၀န်ထမ်း ဦးရေ ၅၀၀၀၀ ကျော်အထိ ခန့်အပ် ထားပြီး ဖြစ်ကြောင်း ၊ ပြည်နယ် နှင့်
တိုင်းဒေသကြီး အလိုက် ပညာရေး ၀န်ထမ်း လိုအပ် နေသေးသည့် အတွက် ဆက်လက် ခန့်အပ်ရန် စီစဉ်ခြင်း
ဖြစ်ကြောင်း သိရသည်။
" ဝေးလံတဲ့ ဒေသတွေမှာ လည်း ပညာရေး
ဝန်ထမ်းတွေ လိုအပ် နေသေးပါတယ် ၊ အခြေခံ လစာနဲ့ အခြား ခံစားခွင့် တွေရလာရင် သွားရောက်
တာဝန် ထမ်းဆောင် ကြမှာပါ ၊ မြန်မာနိုင်ငံ ပညာရေး အဆင့်မြင့်မား စေရေး အတွက် ပညာရေး
ဝန်ထမ်းတွေ အများကြီး ရှိလာဖို့ လိုအပ်ပါတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား
ခဲ့သည်။
ယင်းအတွက် နေ့စား လပေး ပညာရေး ၀န်ထမ်းများကို
ခံစားခွင့် တိုးမြှင့် ပေးနိုင်ရန် ပညာရေး ၀န်ကြီးဌာန အနေဖြင့် ဘတ်ဂျက် တွက်ချက် ဆောင်ရွက်လျက်
ရှိကြောင်း ၊ ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွင်း တိုးမြှင့် ပေးနိုင်ဖွယ် ရှိကြောင်း ၊
လက်ရှိတွင် နေ့စား လပေး ပညာရေး ၀န်ထမ်းများ သည် တစ်ရက်လျှင် ငွေကျပ် ၂၇၀၀ နှုန်း ရရှိပြီး
ကျောင်းပိတ်ရက် များတွင် လစာ မရရှိခြင်း ၊ လစာနှုန်းထား လျော့နည်းခြင်း များကြောင့်
ဝေးလံသော ဒေသများတွင် သွားရောက် တာဝန် ထမ်းဆောင်ရန် ပျက်ကွက်မှုများ ရှိကြောင်း သိရသည်။
ဝေးလံသော ဒေသများ ဖြစ်သည့် ကချင်ပြည်နယ်
၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသကြီး
၊ ရန်ကုန်တိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး များရှိ မြို့နယ် ၁၀၀ ပါဝင်ပြီး တစ်နိုင်ငံလုံး
အတိုင်းအတာ အနေဖြင့် နေ့စား လပေး ပညာရေး ၀န်ထမ်း ဦးရေ ၅၂၇၆၀ ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment