Pages

Tuesday, July 30, 2013

မြန်မာလုပ်သားများ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ၀န်ဆောင်မှု ပေးနိုင်သည့် အေဂျင်စီများ တရားဝင်ဆောင်ရွက်ခွင့် လျှောက်ထား

ရန်ကုန် ၊ ၃၀-၇-၂၀၁၃

မြန်မာ လုပ်သားများ နှင့် ကိုက်ညီပြီး ဂျပန်နိုင်ငံ တွင် ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ၀န်ဆောင်မှု ပေးနိုင်သော အေဂျင်စီ ၂၈ ခုတွင် တရားဝင် လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိရန် သက်ဆိုင်ရာ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန သို့ လုပ်ကိုင်ခွင့် လျှောက်ထားကြောင်း အဆိုပါ အေဂျင်စီ များ၏ ပြောကြားချက် အရ သိရသည်။

မြန်မာ အလုပ်သမား များ ဂျပန်နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လျက် ရှိရာ ယင်းအတွက် ဂျပန် အလုပ်သမား ၀န်ကြီးဟောင်း နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး တို့ ဦးဆောင်သည့် ဂျပန် စီးပွားရေး လုပ်ငန်းရှင် များနှင့် မြန်မာနိုင်ငံ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန တို့အကြား ဆွေးနွေးမှုများ ပြုလုပ် ထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် မေလက မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ အကြား မြန်မာ အလုပ်သမား များအတွက် ဂျပန်နိုင်ငံ တွင် အလုပ်အကိုင် အခွင့်အလမ်း များကို ဖော်ဆောင် ပေးရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို လက်မှတ် ရေးထိုး ထားကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံ တွင် သွားရောက် အလုပ် လုပ်ကိုင်မည့် မြန်မာ လုပ်သားများသည် ဂျပန်စာ ၊ ဂျပန်စကား ၊ ဂျပန် ယဉ်ကျေးမှု နှင့် သက်ဆိုင်သည့် ဘာသာရပ်များ ကို သတ်မှတ် အဆင့် တစ်ခုအထိ ရောက်ရှိအောင် သင်ကြား ထားရမည် ဖြစ်ပြီး အနည်းဆုံး တစ်လ၏ လုပ်ခလစာမှာ အမေရိကန် ဒေါ်လာ ၁၁၀၀ ကျော် ၀န်းကျင် ရရှိမည် ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ထပ်မံ ပြောကြား သည်။

ဂျပန် အလုပ်ရှင်များ အနေဖြင့် လုပ်သားများ ၏ အရည်အသွေး နှင့် စည်းကမ်း ကောင်းမွန်မှုကို လေ့လာ အကဲခတ်ကာ လစာတိုးမြှင့်မှု လျင်မြန်ခြင်း နှင့် ကာလကြာမြင့် စွာ လက်တွဲသွားရန် ကမ်းလှမ်းလေ့ ရှိကြောင်း သိရသည်။


ဂျပန်နိုင်ငံ သည် မြန်မာလုပ်သား များကို တစ်နှစ်လျှင် ပျမ်းမျှ အားဖြင့် အလုပ်သမား ၃၀၀၀ ခန့် ခေါ်ယူဖွယ် ရှိနေပြီး ဂျပန်ကဲ့သို့ တောင်ကိုရီးယား နိုင်ငံသည်လည်း မြန်မာ လုပ်သားများ ကို ခေါ်ယူလျက် ရှိသည်။ ဂျပန်နိုင်ငံ သို့ မြန်မာလုပ်သား စေလွှတ်ရာတွင် ၀န်ဆောင်ခမှာ မြန်မာငွေကျပ် သိန်း ၃၀ ၀န်းကျင် ကုန်ကျမည် ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment