Pages

Monday, July 29, 2013

ငွေတာရီမဂ္ဂဇင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ

Outing အစီအစဉ်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ယခုလအတွက် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ ပြင်ပခရီးစဉ် ဓာတ်ပုံ စုပေါင်းရိုက်ကူးခြင်း အတွက် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အဖြစ် ခေါင်းစဉ် သတ်မှတ် ပေးကာ အသင်းသားများ စိတ်ကြိုက် ဓာတ်ပုံများ ရိုက်ကူး ယှဉ်ပြိုင် စေသည်။ ယခုလ " ရန်ကုန် တိရစ္ဆာန် ဥယျာဉ် " ဓာတ်ပုံ ပြိုင်ပွဲအတွက် အသင်းသား များမှ ရောင်စုံဓာတ်ပုံ ပေါင်း ၇၀ ကျော်အထိ အားတက်သရော ပေးပို့ ယှဉ်ပြိုင် ကြသည်။ ဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ကြီး၏ အသင်းတိုက် ခန်းမတွင် လဆန်း ပထမပတ် စနေနေ့တွင် အကဲဖြတ် စုံညီစွာဖြင့် ရွေးချယ် ခဲ့ကြသည်။

( ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS ) မြန်မာနိုင်ငံ ဓာတ်ပုံအသင်း )

ပထမ - သန္တာစိုး (ခ) စိုးမြန်မာ



ပထမဆုအဖြစ် ၀ါရင့် လက်ရည်ပြည့် နေသူ သန္တာစိုး (ခ) စိုးမြန်မာ က ရရှိသည်။ ပထမ ဆုရပုံမှာ နံနက်စောစော သို့မဟုတ် ညနေစောင်းတွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အလယ်ရှိ ကန်သာယာ တွင် ကြိုးကြာငှက် များ လှုပ်ရှား မြူးထူးနေပုံ ဖြစ်သည်။ နေရောင် ဆန့်ကျင် အလင်း၏ အလင်းပြန် တောက်ပမှု Reflection ကို အမိအရ ဖမ်းစား ရိုက်ကူးထား သည်။ ကြည့်မြင် သုံးသပ်တတ်သော မျက်စိ အမြင်ဖြင့် အခြားသော ပြိုင်ပွဲဝင် များ လက်ရှောင်သော မြင်ကွင်းကို ကဗျာဆန်စွာ ရဲရဲဝံ့ဝံ့ ရိုက်ကူး ထားသည်။

ဓာတ်ပုံတစ်ပုံ ၏ အရောင်အသွေး နု-ရင့် စုံလင်မှု မပါဝင် သော်လည်း ဆန်းသစ်သော ရိုက်ကူး တင်ပြမှုကြောင့် အကဲဖြတ်များ အကြိုက်တွေ စေကာ ပထမဆု ရယူနိုင်ခြင်း ဖြစ်သည်။

ဒုတိယ - အောင်မြင့်ထွေး



ဒုတိယဆုရှင် အောင်မြင့်ထွေး မှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ သင်တန်းဆင်း လူသစ်ဘ၀မှ စဉ်ဆက်မပြတ် ကြိုးစားမှု ၊ ဓာတ်ပုံ အသင်းသို့ ပုံမှန် ၀င်ထွက် လေ့လာ ပညာယူမှု တို့ကြောင့် ဓာတ်ပုံဆုများ မကြာခဏ ရရှိ နေသည်ကို သတိပြု မိသည်။ မြ၀တီ ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲတွင်လည်း ပထမဆုကြီး အား ၂ လဆက်တိုက် ရယူခဲ့သည် ကို မှတ်သား သိရှိရသည်။ အောင်မြင့်ထွေး ၏ ဒုတိယဆုရ ပုံမှာ ကန်တော် ရေပြင်တွင် ဘဲငန်းတစ်ကောင် မြူးထူး ပြေးလွှား ဆော့ကစား နေသည့်ပုံ ဖြစ်သည်။ အတောင်များ ဖြန့်ကား လှုပ်ရှား နေသည်ကို နေရောင် ဆန့်ကျင် အလင်းယူကာ အမိအရ ရိုက်ယူနိုင်သည့် သဘာဝ လေ့လာမှု ပုံကောင်း တစ်ပုံ ဖြစ်သည်။ နောက်ခံ အမည်းတွင် ဆန့်ကျင် အလင်းယူ ရိုက်ကူး ထားပါ၍ ပုံမှ လုံးကြွ ပေါ်လွင်လျက် ရှိသည်။ ဘဲငန်း၏ အဖြူပိုင်း များတွင် အနုစိတ် လက္ခဏာများ ပေါ်လွင်စေပြီး ကန်ရေပြင် ၏ အလင်းပြန် ရေလှိုင်း ဂယက်များမှာ ပုံကို အထောက်အကူ ဖြစ်နေသည်။ ကူးချဲ့ ဖြတ်တောက်မှု အနေဖြင့် ပုံ၏ ရှေ့ပိုင်းကို ယခုထက် နေရာပေး ပြသပါက ပိုမို ကောင်းမွန်မည် ဟု ယူဆမိပါသည်။ ရေလိုင်း ဂယက် ထမှု၏ အဖြူရောင် ပိုင်းကို ယခုထက် ပိုမို ရင့်အောင် ကူးယူပါက အကောင်းဆုံး ဖြစ်မည်ဟု ဆိုချင်ပါသည်။

တတိယ - မျိုးဇေယျဦး



တတိယဆုရှင် မျိုးဇေယျဦး မှာ သင်တန်းဆင်း လူသစ် တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ အတွေးအမြင် ကောင်းသောပုံဖြင့် တတိယ နေရာ ရယူနိုင် သည်ကို ကြိုဆို ဂုဏ်ပြု ရပါသည်။ ဆုရပုံမှာ မျောက်ငယ် ၂ ကောင် ဆော့ကစား လှုပ်ရှားပုံ ကို ကြည်လင် ပြတ်သားစွာ ရိုက်ကူး ထားပါသည်။ အဝေးရိုက် မှတ်ဘီလူး အသုံးပြု ရိုက်ယူသော်လည်း ပြတ်သားမှုကို ပိုင်နိုင်စွာ ရိုက်ယူနိုင် သည်ကို တွေ့မြင်ရသည်။ မျောက်ငယ် တို့၏ လှုပ်ရှားမှုကို အမိအရ ရိုက်ယူ နိုင်သော်လည်း ညာဘက်ရှိ မျောက်အား ယခု အနေထက် မျက်နှာလှည့်သည့် အနေအထား ဆိုပါက ပိုမို ပြည့်စုံ ကောင်းမွန်သော ပုံဖြစ်မည်ဟု ဆိုရပါမည်။

No comments:

Post a Comment