Pages

Wednesday, June 12, 2013

ဗိဿနိုးမြို့ဟောင်းကို ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်နိုင်


ရန်ကုန် ၊ ၁၂-၆-၂၀၁၃

မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် အတွင်းရှိ ဗိဿနိုး မြို့ဟောင်း ကို ယခုနှစ် အတွင်း UNESCO အဖွဲ့ကြီးက လာရောက် စစ်ဆေးခြင်းများ ပြုလုပ်၍ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ် နိုင်ကြောင်း မကွေးတိုင်း ဒေသကြီး ရှေးဟောင်း သုတသန ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောလွင် က ပြောကြားခဲ့သည်။ အဆိုပါ ဗိဿနိုး မြို့ဟောင်း ကို UNESCO အဖွဲ့က ယခုနှစ် အတွင်း လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ် နိုင်မည် ဖြစ်ကြောင်း ၄င်းက ခန့်မှန်း ပြောကြား ခဲ့သည်။

ဗိဿနိုး မြို့ဟောင်း အပြင် ဟန်လင်း နှင့် သရေခေတ္တရာ မြို့ဟောင်း များကိုလည်း ရှေးဟောင်း အမွေအနှစ် အဖြစ် အသိအမှတ် ပြုနိုင်ရန် UNESCO အဖွဲ့သို့ တင်ပြ ထားကြောင်း လည်း သိရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ၌ ပျူလူမျိုး များသည် အေဒီ ၁ ရာစုမှ ၉ ရာစုအထိ အခြေချ နေထိုင် ခဲ့ကြပြီး မြို့ပြနိုင်ငံများ တည်ဆောက် ခဲ့ကြောင်း သမိုင်း အထောက်အထား များအရ သိရသည်။

ယင်းမြို့များကို ကမ္ဘာ့ အမွေအနှစ် အဖြစ် UNESCO အဖွဲ့ကြီးက သတ်မှတ် ပြီးပါက ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး လာနိုင်ပြီး ထိုမြို့ဟောင်း များတည်ရှိရာ ဒေသများရှိ ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။


ဗိဿနိုး မြို့ဟောင်း သည် တောင်တွင်းကြီး မြို့နယ် အနောက်ဘက် ၁၂ မိုင်ခန့် အကွာ တောင်တွင်းကြီး - မကွေး ကာလမ်းနံဘေး တွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၄၅၀ တွင် တည်ရှိသော ပျူလူမျိုးများ အခြေချ နေထိုင် ခဲ့သည့် ယဉ်ကျေးမှု ထွန်းကား ခဲ့ရာ ဒေသများ ဖြစ်ကြောင်း သမိုင်း အထောက်အထား များအရ သိရှိရသည်။

No comments:

Post a Comment