Pages

Thursday, June 13, 2013

ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် ရရှိခဲ့ခြင်း

ထိုင်း - ကမ္ဘောဒီးယား ပူးတွဲကော်မရှင် အစည်းအဝေး ပြုလုပ်စဉ်

၁၃-၆-၂၀၁၃

ထိုင်း နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး မှ တစ်ဆင့် ငြိမ်းချမ်းရေး ၊ ရင်းနှီး ခင်မင်မှု နှင့် ကြွယ်ဝ ချမ်းသာမှု တို့ကို ဖော်ဆောင် သွားရန် သဘောတူညီ ခဲ့ကြောင်း နှင့် အဆိုပါ သဘော တူညီချက် အား ဖနောင်းပင်မြို့ တွင် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်သော ထိုင်း - ကမ္ဘောဒီးယား ပူးတွဲ ကော်မရှင် အစည်းအဝေး တစ်ရပ်၌ ရရှိခဲ့ခြင်း ဖြစ်ကြောင်း Bangkokpost သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ အစည်းအဝေး တွင် ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဆူရာပွန် တိုဗီချက် ချိုင်ကူလ် နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ၀န်ကြီး ဟော်နန်ဟောင် တို့က ပူးတွဲ သဘာပတိ အဖြစ် တာဝန်ယူ ဆောင်ရွက် ခဲ့ကြောင်း နှင့် ဆူရာပွန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် ကာကွယ်ရေး ၊ သယ်ယူ ပို့ဆောင်ရေး ၊ စိုက်ပျိုးရေး ၊ ဘဏ္ဍာရေး ၊ ကူးသန်း ရောင်းဝယ်ရေး ၊ စွမ်းအင် နှင့် ပြည်ထဲရေး ၀န်ကြီးတို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး တွင် နှစ်နိုင်ငံ အနေဖြင့် ကားလမ်းများ ၊ ရထားလမ်းများ နှင့် နယ်စပ် ဒေသ စစ်ဆေးရေး ဂိတ်များ အပါအ၀င် ဖွံ့ဖြိုး တိုးတက်ရေး ဒေသ ၁၂ ခုတွင် ပူးပေါင်း ဆောင်ရွက်ရေး ၊ ထိုင်းနိုင်ငံ Sa Kaeo ပြည်နယ် ၊ Ban Nong Aien ခရိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံ Banteay Meancheay ပြည်နယ် ၊ Ban Strung Bot ခရိုင် တို့တွင် နယ်စပ်ဒေသ စစ်ဆေးရေးဂိတ် သစ်တစ်ခုစီ သီးခြား ဖွင့်လှစ်ရေး နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး တို့နှင့် ပတ်သက်၍ သဘောတူညီ ခဲ့ကြသည်။

အထူးစီးပွားရေးဇုန် ၂ ခုအား ကမ္ဘောဒီးယား နိုင်ငံ Banteay Meancheay ပြည်နယ် နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ထိုင်းနိုင်ငံ Sa Kaeo ခရိုင်နှင့် ကမ္ဘောဒီးယား နိုင်ငံ Koh Kang ပြည်နယ်နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ထိုင်းနိုင်ငံ Trat ခရိုင်တို့တွင် ထူထောင် သွားမည် ဖြစ်ကြောင်းနှင့် ခရီးသွားလာရေး လုပ်ငန်းတို့ကို မြှင့်တင် ပေးရန်အတွက် အမြဲတမ်း စစ်ဆေးရေး ဂိတ်များ အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် နှစ်နိုင်ငံ နယ်စပ် ဒေသ တစ်လျှောက် လူသတ်မိုင်း ရှင်းလင်းရေး နှင့် ထိုင်းနိုင်ငံ အတွင်းသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက် အလုပ်လုပ်ကိုင် လိုသော ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် နယ်စပ် ဖြတ်ကျော်မှု နှင့် ပတ်သက်၍ ဆွေးနွေးရန် လုပ်ငန်း အဖွဲ့တစ်ဖွဲ့ ထူထောင်ရေး ကြိုးပမ်း အားထုတ်မှု များကို အရှိန်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment