Pages

Monday, June 10, 2013

ရမ်းတုပ် မှန်းဆုပ်၍ မလုပ်သင့်ပါ


ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေသည့် အားလျော်စွာ ဒီမိုကရေစီ နိုင်ငံတိုင်း တွင်ရှိသော ဥပဒေပြု မဏ္ဍိုင် (လွှတ်တော်) ၊ တရားစီရင်ရေး မဏ္ဍိုင် (တရားရုံးများ) ၊ အုပ်ချုပ်ရေး မဏ္ဍိုင် ( အစိုးရ အဖွဲ့ ) နှင့် စာနယ်ဇင်း မဏ္ဍိုင် စနစ်တကျ ဖွဲ့စည်း ထားရှိပြီး ဖြစ်သည်။ ထိုမဏ္ဍိုင်ကြီး လေးရပ် အနက် စာနယ်ဇင်း မဏ္ဍိုင်သည် အခြား မဏ္ဍိုင်ကြီး သုံးရပ်၏ လုပ်ဆောင်ချက် တို့အား စောင့်ကြည့်၍ မှန်ကန်မှု မရှိသည့် အခါတွင် မီးမောင်းထိုး ပြပေး ရခြင်း နှင့် နိုင်ငံတော် အတွင်း ဖြစ်ပျက်မှု သတင်း အချက်အလက် များအား ပြည်သူအပေါင်း သိစေရန် အတွက် အချိန်မီ ခင်းကျင်း ပြသခြင်း တို့ပင် ဖြစ်သည်။

ယခုအခါတွင် စာနယ်ဇင်း မဏ္ဍိုင် အတွက် စာနယ်ဇင်း လွတ်လပ်ခွင့် များအား အထိုက်အလျှောက် ခွင့်ပြု ပေးထားသည် ကိုလည်း တွေ့ရှိ ရပေသည်။ လွတ်လပ်ခွင့် နှင့်အတူ နည်းပညာများ တိုးတက် ပြောင်းလဲ လာသည်နှင့် အမျှ သတင်း အချက်အလက် တို့သည်လည်း နေ့မဆိုင်း ၊ ညမဆိုင်းဘဲ အချိန်နှင့် တစ်ပြေးညီ စာနယ်ဇင်း တို့၏ စက္ကူ စာမျက်နှာ ပေါ်တွင် လည်းကောင်း ၊ အင်တာနက် ပေါ်တွင် လည်းကောင်း ချက်ချင်း ပြန့်လွှင့် နေလျက် ရှိပေသည်။ ထို့ကြောင့်လည်း တစ်နေ့ထက် တစ်နေ့ တိုးပွား လာသော ပုဂ္ဂလိက သတင်းစာ ၊ မဂ္ဂဇင်း ၊ ဂျာနယ် နှင့် စာစောင် စသည်တို့ သည်လည်း များပြားစွာ ထွက်ပေါ်လျက် ရှိပေသည်။ ဤသည်မှာ စာနယ်ဇင်း မဏ္ဍိုင် အတွက် ကောင်းမွန်သော အပေါင်း လက္ခဏာပင် ဖြစ်သည်။

သို့သော်လည်း အချို့သော စာနယ်ဇင်း များသည် သတင်း တန်ဖိုး ရှိ- မရှိ ဆုံးဖြတ်မှု နှင့် အရည်အသွေး ကောင်းသော သတင်းတစ်ပုဒ် အဖြစ် ဖန်တီးရာတွင် အားနည်းလျက် ရှိသည်ကို တွေ့ရှိရ ပေသည်။ မိမိတို့၏ စာနယ်ဇင်းများ အမည် ရရှိရေး အတွက် အဖြစ်အပျက် တစ်ခုအား ကြမ်းပိုးကို လိပ်ဖြစ်အောင် ပုံကြီး ချဲ့ကားခြင်း ၊ ကြားရရုံ လောက်ဖြင့် မှန်းဆကာ ရမ်းသမ်း ရေးသား ဖော်ပြောလျက် ရှိသည်ကို လည်း တွေ့မြင် ဖတ်ရှု နေရပါသည်။ မိမိ စာနယ်ဇင်း အား ပြည်သူများ စိတ်ဝင် တစား ဖြစ်အောင် ဤသို့ ရေးသား ဖော်ပြ နေခြင်းသည် ပြည်သူလူထု အတွက် ကြီးစွာသော အဆိပ်အတောက် ဖြစ်စေသည်ကို သတိထား စေချင်ပါသည်။ ယနေ့ စာနယ်ဇင်း လောကတွင် သတင်း တန်ဖိုး သတ်မှတ်ရာ၌ အောက်ပါ အချက် များနှင့် ယှဉ်၍ သတ်မှတ် နိုင်သည်ကို အားလုံး လက်ခံ ထားကြ ပေသည် -

  • (၁) အချိန်အားဖြင့် နီးစပ် ၊ ထူးခြားမှု ရှိ-မရှိ ။
  • (၂) ဒေသအားဖြင့် ဆက်စပ်မှု ၊ နီးစပ်မှု ရှိ-မရှိ ။
  • (၃) လူအများနှင့် သက်ဆိုင်မှု ရှိ-မရှိ ။
  • (၄) ဖြစ်ပျက်ပုံ ထင်ရှား ထူးခြားမှု ရှိ-မရှိ ။
  • (၅) အများ စိတ်ဝင်စားမှု ရှိ-မရှိ ။
  • (၆) ထူးခြားမှု ရှိ-မရှိ ။


ထို့အတူ အရည်အသွေး ကောင်းမွန်သော သတင်းတစ်ပုဒ် အား တည်းဖြတ် ရာတွင်လည်း အောက်ပါ အတိုင်း စံပြုထားသော သတ်မှတ်ချက် နှင့် ကိုက်ညီရပေမည် -

  • (၁) သတင်း အချက်အလက် များ တိကျ မှန်ကန်ရမည် ၊ ခိုင်လုံရမည် ။
  • (၂) သတင်းအင်္ဂါရပ် ဖြစ်သော " ဘ " ခြောက်လုံး နှင့် ကိုက်ညီရမည် ။
  • (၃) သတင်းစာ၏ မူဝါဒ ( ထုတ်ဝေသူ၏ ချမှတ် ထားသော မူဝါဒ ) နှင့် ကိုက်ညီရမည် ။
  • (၄) မြန်မာစာ သည် ရုံးသုံး ဘာသာစကား ဖြစ်သည်နှင့် အညီ မြန်မာစာများ ရေးသားသော မြန်မာစာ ကို ရိုးရှင်းစွာ ရှိစေခြင်းဖြင့် ဖတ်ရှုသူများအား အလွယ်တကူ နားလည် သဘောပေါက် စေရမည်။
  • (၅) သတင်း အကြောင်းအရာ များသည် နိုင်ငံတော် မှ ပြဋ္ဌာန်း ထားသော တည်ဆဲ ဥပဒေ ၊ နည်းဥပဒေ များနှင့် ဆန့်ကျင်မှု မဖြစ်စေရ ( တည်ဆဲ ဥပဒေဟု ဆိုရာတွင် နောက်ဆုံး ပြဋ္ဌာန်း ထားသော ဥပဒေ ကို ညွှန်းပါသည် ) ။
  • (၆) သတင်း တည်ဆောက်ပုံ ပြေပြစ် ချောမွေ့ရမည် ။
  • (၇) မည်သည့် သတင်း အချက်အလက် ကိုမျှ လိုရာ ဆွဲမရေးရ ၊ ထိန်ချန်၍လည်း မရေးရ ၊ အရေးကြီးသော အချက်ကို အဓိကထား၍ မီးမောင်းထိုး ဖော်ပြနိုင်ရန်။
  • (၈) သတင်း တစ်ပုဒ်တွင် သတင်းရေးသူ၏ သဘောထား ၊ ဝေဖန်ချက် ၊ ထင်မြင်ချက် များ ကင်းစင် နေရမည်။
  • (၉) ပုဂ္ဂိုလ်ရေး ထိခိုက်စေသော အရေးအသား များကို ရှောင်ကြဉ် ရမည်။
  • (၁၀) လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၊ ကုန်ပစ္စည်း သတင်းများ ရေးသား ဖော်ပြရာတွင် ကြော်ငြာ သဘော သက်ရောက်မှု မရှိစေရ ။


(၃၁-၅-၂၀၁၃) ရက်နေ့ထုတ် " လူထုပုံရိပ် " အတွဲ(၁) အမှတ်(၃၅) အချပ်ပို စာမျက်နှာ (c) တွင် မေ ၂၈ ရက်နေ့ ရက်စွဲဖြင့် " စစ်သည်တော် ကျင့်ဝတ် တိတိကျကျ လိုက်နာရန် လိုအပ် " ဟူသည့် ခေါင်းစဉ်ဖြင့် " ဧပြီ ၂၃ ရက် ညအချိန် ပြည် န၀ဒေး တံတားအောက်ရှိ လူငယ်စုံတွဲ ထံမှ ပစ္စည်းလု တိုက်ခိုက် ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး ငယ်မှာ ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း ၊ ယင်းဖြစ်ရပ် တွင် ပစ္စည်းလု ၊ လူသတ်မှု ဖြစ်စဉ်တွင် ပါဝင်သည်ဟု ယူဆရသည့် တပ်မတော်သား သုံးဦးအား ခလရ(၇၅) အချုပ်တွင် ဖမ်းဆီး ထားကြောင်း ..... " ဟု ရေးသား ဖော်ပြ ထားပါသည်။

ဖြစ်စဉ် အမှန်မှာ လူငယ်စုံတွဲများ ဖြစ်သော မောင်ဇော်မင်းဦး နှင့် မအိဇင်မိုး တို့သည် ဧပြီ ၂၄ ရက်နေ့ ညအချိန်တွင် တံတားအောက် ထိုင်နေစဉ် မအိဇင်မိုး သည် ည ၉ နာရီ အချိန်ခန့်တွင် မြစ်ကမ်းဘေး ရှိ ရှုခင်းသာ စားသောက်ဆိုင် သို့ ၄င်းတို့သည် လုယက် ရိုက်နှက် ခံရကြောင်း အော်ဟစ်ကာ ပြေးတက် လာကြသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူ တို့မှ စစ်ဆေးရာတွင် လူသုံးဦးသည် ၄င်းတို့၏ နောက်ကျောမှ ရောက်လာပြီး ရိုက်နှက်မှုများ ပြုလုပ်ကြောင်း ၊ ညအချိန် ဖြစ်၍ ထိုလူများအား မမှတ်မိကြောင်း ၊ သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်စဉ် သူမမှ လက်အား ပြန်ကိုက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ အခင်းဖြစ်သည့် ညအချိန်တွင် သံသယ ရှိ၍ ဖမ်းဆီးခြင်း ခံထားရသော စစ်သည် သုံးဦးသည် တပ်တွင်း စားသောက်ဆိုင် တွင် စားသောက်ပြီး တပ်မတော်၏ သတ်မှတ်ချက် စည်းကမ်း အတိုင်း ည ၉ နာရီခွဲ တွင် တန်းစီ ရမည် ဖြစ်သဖြင့် လူပျိုဆောင် သို့ ပြန်သွား ကြသည်။ ထိုသို့ တန်းစီချိန်တွင် အကြောင်းမဲ့ ပျက်ကွက်မှု မရှိကြောင်း မှတ်တမ်း များတွင် ဖော်ပြ ထားပါသည်။ အဆိုပါ စစ်သည် သုံးဦးသည် တန်းစီပြီးနောက် ည ၉ နာရီ မိနစ် ၄၀ တွင် မြို့တွင်းသို့ ခိုးထွက် ခဲ့ကြသည်။ စစ်သည် သုံးဦးသည် တပ်ရင်း ဌာနချုပ် မှ မီတာ ၁၀၀၀ ခန့်အကွာ အရောက်တွင် ကားလမ်းပေါ် တက်၍ ပြည်မြို့သို့ သွားရောက်ရန် ဆောင်ရွက် နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ် ကြည့်နိုင် ပါသည်-

  • (၁) အခင်း ဖြစ်ပွားသည့် ည ၉ နာရီ အချိန်သည် စစ်သည် သုံးဦးသည် တပ်တွင်း စားသောက်ဆိုင်တွင် စားသောက် နေချိန် ဖြစ်နေခြင်း ။
  • (၂) တပ်မတော်၏ စည်းကမ်းချက် အတိုင်း ညတန်းစီ လူစစ်ဆေးချိန် သည် ည ၉ နာရီခွဲ ဖြစ်ပြီး ထိုသို့ တန်းစီ လူစစ်ဆေး ရာတွင်လည်း အကြောင်းမဲ့ ပျက်ကွက်သူ မရှိကြောင်း မှတ်တမ်းတွင် ဖော်ပြ နေခြင်း။
  • (၃) စစ်သည် သုံးဦး တန်းစီပြီး တပ်ရင်း ဌာနချုပ် မှ စတင် ထွက်ခွာချိန် သည် အခင်း ဖြစ်ပြီးချိန် ဖြစ်ခြင်း ။
  • (၄) စစ်သည်များအား ဖမ်းဆီး မိချိန်တွင် အဆိုပါ စစ်သည် တို့သည် ထွက်ပြေး လာသည့် အမူအယာ မရှိခြင်း နှင့် အခင်း ဖြစ်ပွား နေရာမှ ပြေးလာခဲ့လျှင် သဲသောင်ပြင် ကို ကျော်ဖြတ် ရမည် ဖြစ်၍ ခြေထောက်တွင် သဲများ
  • ပေကျံနေခြင်း ၊ ချွေးသံများ ရွှဲနစ်နေခြင်း တို့အား မတွေ့ရပေ ။
  • (၅) တပ်ရင်း ဌာနချုပ် နှင့် အခင်း ဖြစ်ပွားရာ နေရာသည် မီတာ ၂၅၀၀ ကွာဝေး သဖြင့် တစ်နာရီခန့် သွားရောက် ရမည် ဖြစ်သဖြင့် ၄င်း အခင်း ဖြစ်ရာသို့ ခန့်မှန်း ည ၁၀ နာရီ မိနစ် ၄၀ ချိန်ခန့်မှသာ ရောက်ရှိ နိုင်မည် ဖြစ်သည်။
  • (၆) မအိဇင်မိုး ၏ ထွက်ဆိုချက် အရ လုယက် ရိုက်နှက်သူ တစ်ဦး၏ လက်အား သူမမှ ပြန်ကိုက် ခဲ့သည်ဟု ဆိုထားသဖြင့် စစ်သည်သုံးဦးအား စစ်ဆေးရာ လက်တွင် ပွန်းပဲ့ဒဏ်ရာ မျှပင် တွေ့ရှိ ရခြင်း မရှိပါ။


အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ခြုံငုံ စမ်းစစ် သုံးသပ် အဖြေထုတ်လျှင် အခင်း ဖြစ်ပွားမှု နှင့် စစ်သည် သုံးဦးမှာ မည်သို့မျှ ပါဝင် ပတ်သက်မှု မရှိကြောင်း တွေ့ရှိ နိုင်ပေသည်။

တပ်မတော်၏ ကျောရိုးသည် အမိန့် နာခံတတ်မှု နှင့် စည်းကမ်း လိုက်နာမှု တို့ပင် ဖြစ်ပါသည်။ ထို့အပြင် တပ်မတော် သားတိုင်း ကျင့်ဝတ် ၆၀ အား ခါးဝတ် ပုဆိုး ကဲ့သို့ မြဲမြံစွာ လိုက်နာမှု ရှိစေရန် တပ်မတော်သို့ ၀င်စဉ် ကပင် သင်ကြား လေ့ကျင့် ပေးထားပြီး ဖြစ်ပါသည်။ တပ်မတော်မှ ထုတ်ပြန် ထားသော စည်းကမ်း ၊ ကျင့်ဝတ် နှင့် ဥပဒေအား လိုက်နာမှု မရှိသော အရာရှိ ၊ စစ်သည် မည်သည့် အဆင့်အတန်း မဆို ပြစ်ဒဏ် ချမှတ်ခြင်း ခံရပါသည်။ ထို့အပြင် လိုအပ်ပါက တပ်မတော်သား အဖြစ်မှ လုံးဝ ထုတ်ပယ်ခြင်း ခံရသည့် သူများကိုလည်း အရပ်ဘက် ကျေးရွာ ၊ မြို့နယ် များတွင် တွေ့မြင် နေရပေမည် ဖြစ်သည်။ တပ်မတော်သည် ပြည်သူအတွက် ဖြစ်ပြီး ပြည်သူသည် တပ်မတော် အတွက်မဟုတ် ဆိုသည်ကို တပ်မတော် သားတိုင်း နားလည် သဘောပေါက် ထားကြ၍သာ နိုင်ငံတော် နှင့် ပြည်သူလူထု အတွက် အသက်ပေးရန် အစဉ်ရှိနေ ကြခြင်းပင် ဖြစ်ပါသည်။


အချုပ်အားဖြင့် ဆိုရသော် အချို့သော စာနယ်ဇင်း တို့သည် မိမိ၏ သတင်းသည် တန်ဖိုး ရှိ-မရှိ နှင့် အရည်အသေး ကောင်းသော သတင်းတစ်ပုဒ် ဖြစ်လာရေး အတွက် သတ်မှတ် စံနှုန်း အတိုင်း ကိုက်ညီမှု ရှိ-မရှိ ကို အလေးထား ဆောင်ရွက် သင့်ပါသည်။ စာပေသည် လူသားတို့ အတွက် အာဟာရ ဟု ဆိုနိုင်သလို ခရေစေ့တွင်းကျ မလေ့လာဘဲ ကြားရုံမျှဖြင့် ရမ်းတုပ် မှန်းဆုပ်၍ မရေးသားသင့် ၊ မဖော်ပြသင့် ပါကြောင်း အကြံပြု ရေးသား တင်ပြလိုက်ရ ပါသည်။

No comments:

Post a Comment