Pages

Sunday, May 19, 2013

ရှမ်းပြည်နယ်၏ အထင်ကရ အင်းလေးကန် သဘာဝတရားကြီး၏ ခြိမ်းခြောက်မှုကို ခံနေရ




သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုတ်ယုတ် လာမှုများ နှင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန် လာမှုတို့၏ အကျိုးဆက် အားဖြင့် အင်းလေးကန် ကြီးကို မှီတင်း နေထိုင်လျက် ရှိသော ဒေသခံ ၁၇၀၀၀၀ ခန့်တို့၏ လူမှု စီးပွား ဘ၀များကိုပါ ခြိမ်းခြောက် ခံလာ နေရသော အခြေအနေသို့ ရောက်ရှိ နေပြီဟု ပြောနိုင်ပါသည်။

ယခင် ၅ နှစ်ခန့်က နှင့် စာလျှင် မိုးရေချိန် လက်မ ၂၀ ခန့် လျော့နည်း လာနေလျက် ရှိပြီး လက်ရှိတွင် မိုးရေချိန် ၃၅ လက်မခန့်သာ ရှိကြောင်း ၂၀၁၂ ခုနှစ် မှတ်တမ်းများ အရ တွေ့ရပေသည်။ ၂၀၁၃ ခုနှစ် ဧပြီလကုန်ပိုင်း တွင် အင်လေးကန် အတွင်း စီးဝင်သော ချောင်းလက်တက် များတွင် ရေပြင် တစ်ပေခွဲခန့် လျော့န်ညး ကျဆင်း လာသဖြင့် ရေပေါ်ဈေး နှင့် ဖောင်တော်ဦး ဘုရားတို့တွင် စက်လှေ သွားမရ နိုင်တော့သည် အထိ လျော့နည်း လာနေသည်ကို တွေ့ရှိရ ပေသည်။ လွန်ခဲ့သည့် ၅ နှစ်လောက်က ရေပြင် ဧရိယာ ၄၀ စတုရန်းမိုင် ခန့်သာ ကျန်ရှိသည့် အပြင် ကန်အလျား ယခင် ၃၆ မိုင်နီးပါး ရှိရာမှ ယခုအခါ နုန်းပို့ချမှု များ အဆမတန် ၀င်ရောက် လာမှုကြောင့် ၁၂ မိုင်ခန့်သာ ကျန်ရှိ တော့ကြောင်း တွေ့နိုင်ပါသည်။ အင်းလေးကန် အတွင်း နုန်းပို့ချမှု များပြားလာခြင်း ၊ သစ်တောများ စည်းကမ်းမဲ့စွာ ခုတ်ထွင် မှုကြောင့် သစ်တော ပြုန်းတီ လာခြင်း ၊ အင်းလေးကန် အတွင်း၌ စိုက်ခင်းများတွင် အသုံးပြု နေကြသော ဓာတုဗေဒ ပိုးသတ်ဆေး ၊ ဓာတ်မြေသြဇာ များကြောင့် ကန်အတွင်းရှိ ရေအရည်အသွေး ကျဆင်းလာပြီး သောက်သုံးရန် မသင့်သော အခြေအနေ အထိ ရောက်ရှိ လာနေပြီ ဖြစ်သည့် အပြင် ဂေဟစနစ် ထိခိုက် ပျက်စီးမှု များကြောင့် ရေနေ သတ္တ၀ါ မျိုးစိတ် များပါ မျိုးသုဉ်း ပျောက်ကွယ် လာသည်အထိ ပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာရပ် များကို ရင်ဆိုင် ကြုံတွေ့ နေရပြီ ဖြစ်သည်။

လူများ၏ ပယောဂ နှင့် ပြောင်းလဲ လာသည့် ရာသီဥတု ဒဏ်များကြောင့် သဘာဝ ပတ်ဝန်းကျင် အနည်း နှင့် အများ ပျက်စီး လာလျက် ရှိသည်။ အဆိုပါ ပျက်စိးမှု ကို အဆင့် ၄ ဆင့် ခွဲခြား သတ်မှတ် လေ့လာ နိုင်သည်။ ပထမအဆင့် မူလ အနေအထား အတိုင်း မပျက်စီး သေးသည့် အဆင့် ( Nature Balance Stage ) သည် မရှိသလောက် ဟု ပြောနိုင်ပါသည်။ ဒုတိယအဆင့် သတိထား ရမည့် အဆင့် ( Warring Stage ) ဖြစ်သော သစ်တောများ ခုတ်ထွင်ခြင်း ၊ ဓာတ်သတ္ထု တူးဖော်မှု ၊ လူနေမှု ဖြန့်ကြက် လာသည့် အခြေအနေ တွင် အစိုးရ နှင့် ဒေသခံများ ၀ိုင်းဝန်း ထိန်းသိမ်းပါက အချိန်မီ သေးသည်ဟု ပြောနိုင်သည်။ တတိယအဆင့် ဘေးအန္တရာယ် များသော အဆင့်ကို ရောက်လာပါက တောတောင်များ အစဉ် ပြုန်းတီးပြီး မြစ်ချောင်းများ ပုံမှန် မစီးတော့သည့် အပြင် ရေအရည်အသွေး များလည်း ဆက်လက် ကျဆင်း လာမည်ဖြစ်၍ အချိန်တွေ အများကြီးယူ ၊ ငွေကုန် ကြေးကျ များစွာခံပြီး ပြန်လည် ဆောင်ရွက်ပါက မူလ အခြေအနေ သို့ ရောက်ရှိရန် မလွယ်ကူပေ။ စတုတ္ထ အဆင့် ဖြစ်သည့် အတိမ်း အစောင်း မခံသော အဆင့် ( Critical Stage ) တွင် တောတွေပြောင် ၊ မြစ်ချောင်းတွေ ကော ၊ ဂေဟစနစ် ပျက်စီးလာပြီး ဇီဝ မျိုးစိတ်တွေပါ မျိုးသုဉ်း ပျောက်ကွယ် လာသည့် အခြေအနေ ဖြစ်ပြီး အဆင့်မြင့် နည်းပညာ များနှင့် ငွေကြေး မြောက်မြားစွာ သုံးပြီး အချိန်တွေ အကြာကြီး ဆောင်ရွက် လျှင်ပင် မူလ အနေအထားသို့ ပြန်မရ နိုင်တော့သည့် အခြေအနေ ဖြစ်သည်။ နိုင်ငံတကာ ပညာရှင် များ၏ လေ့လာ တွေ့ရှိချက် များအရ အင်းလေးကန် ကြီးသည် အတိမ်း အစောင်း မခံသော အဆင့် ( Critical Stage ) သို့ ရောက်နေပြီ ဖြစ်ကြောင်း ၊ ပညာရှင်များ ၊ နိုင်ငံတကာ အဖွဲ့အစည်း များ ၊ အစိုးရ နှင့် ဒေသခံ ပြည်သူများ အားလုံး အမြန်ဆုံး ပူးပေါင်း ပါဝင် ထိန်းသိမ်း ရမည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။

အင်လေးကန် သည် ရေရှည် တည်တံ့ရေး အတွက် ဆည်မြောင်း ကဏ္ဍ ၊ သစ်တော ကဏ္ဍ ၊ စိုက်ပျိုးရေး ကဏ္ဍ ၊ ဒေသဆိုင်ရာ အာဏာပိုင် များရဲ့ ကဏ္ဍ နှင့် ဒေသခံ အင်းသား လူမျိုးစု များ၏ ကဏ္ဍ စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍ အလိုက် အမြန်ဆုံး အင်တိုက် အားတိုက် လုပ်ဆောင် ကြရန် လိုအပ် နေပြီ ဖြစ်သည်။ ထိုသို့ အင်းလေးကန်ကြီး ၏ သဘာဝ ပတ်ဝန်းကျင် အခြေအနေ များ ပျက်စီး လာမှုများအား အထက် ဖော်ပြပါ အစိုးရ အဖွဲ့အစည်း များ ၊ ဒေသခံ အဖွဲ့အစည်း များ ၊ ပြည်တွင်း နှင့် နိုင်ငံတော် အစိုးရ မဟုတ်သော အဖွဲ့အစည်း များက သစ်တော စိုက်ခင်းများ ပြန်လည် ထူထောင် ပေးခြင်း ၊ ကျွန်းမျော စိုက်ခန်းများ ကန့်သတ် ပေးခြင်း ၊ သဘာဝ အော်ဂဲနစ် စိုက်ပျိုးရေး စနစ် ထူထောင် ပေးခြင်း ၊ ရေအရည်အသွေး မြှင့်တင် ခြင်း ၊ အသိပညာ ပေးခြင်း အပါအ၀င် စီမံချက်များ ချမှတ် ဆောင်ရွက် နေသော်လည်း သက်ဆိုင်ရာ ဌာန အချင်းချင်း ပေါင်းစပ် ညှိနှိုင်းမှု ထားရှိခြင်း ၊ ပြန့်ကျဲစွာ ဆောင်ရွက် နေခြင်း ၊ စနစ်တကျ ဘက်စုံ စီမံခန့်ခွဲမှု လိုအပ်ချက် များကြောင်း အားရ ကျေနပ်ဖွယ် အဆင့်သို့ မရောက် နိုင်သေးကြောင်း ၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး သိပ္ပံ အဖွဲ့ကြီး CIID ၏ အင်းလေးကန် အနာဂတ် အတွက် ထိန်းသိမ်းရေး စီမံချက် အဆိုပြုလွှာ တွင် ဖော်ပြထားသည် ကို တွေ့ရှိ နိုင်ပေသည်။

အချုပ် အားဖြင့် အင်လေးကန်ကြီး ၏ ရေမျက်နှာပြင် လျော့နည်း ကျဆင်း လာခြင်း ၊ နုန်းပို့ချမှု များပြားလာခြင်း ၊ ချောင်းများ တိမ်ကော လာခြင်း ၊ ဂေဟစနစ်များ ယိုယွင်း ပျင်စီး လာခြင်း ၊ ဇီဝ မျိုးစိတ်များ လျော့နည်း ပျောက်ကွယ် လာခြင်း ၊ ဓာတု ပိုးသတ်ဆေး နှင့် ဓာတ်မြေ သြဇာသုံး စိုက်ခင်း များကြောင့် ရေအရည်အသွေး နိမ့်ကျပြီး သောက်သုံးရေ ခက်ခဲ လာခြင်းမှ လျော့နည်း စေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို အစိုးရ အဖွဲ့ ၊ အရပ်ဘက် အဖွဲ့အစည်း များ ၊ နိုင်ငံတကာ အဖွဲ့အစည်း များ ၊ ဒေသခံ ရွာသားများ ပူးပေါင်း၍ လုပ်ဆောင် မှသာ အင်လေးကန်ကြီး ရေရှည် တည်တံ့ပြီး သဘာဝ တရားကြီး၏ ခြိမ်းခြောက်မှု မှ ကယ်တင် နိုင်မည် ဖြစ်ပေသည်။

ရဲထွဋ် ( စိတ်ပညာ )

No comments:

Post a Comment