Pages

Tuesday, March 12, 2013

အီလက်ထရောနစ် စာအုပ် ( e-Book ) များ အွန်လိုင်းမှ အလွယ်တကူ ရယူနိုင်မှုသည် စာအုပ်ဆိုင် အရေအတွက် ကို နည်းပါးလာစေခြင်းဖြစ်



ရန်ကုန် ၊ ၁၂-၃-၂၀၁၃

စာအုပ် ထုတ်ဝေရေး လုပ်ငန်းများ ကျဆင်း နေခြင်းတွင် စာအုပ် ၊ စာစောင်များ ဖြန့်ချိ ရောင်းချ ပေးနေသည့် ဆိုင် အရေအတွက် လျော့ကျ နည်းပါး လာခြင်း နှင့် အီလက် ထရောနစ် စာအုပ် ( e-Book ) များ အွန်လိုင်း မှ အလွယ်တကူ ရယူ နိုင်မှုများလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူ များနှင့် ဖြန့်ချိသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။

" ကျွန်တော်တို့ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေ ကျဆင်း နေရတဲ့ အကြောင်းအရင်း တွေထဲမှာ စာအုပ်ဆိုင်တွေ လျော့နည်း ကုန်တာလည်း အဓိက အချက်တွေ အနေနဲ့ ပါပါတယ် ၊ ရုပ်ရှင် လောကသား တွေဟာလည်း ရုပ်ရှင်ရုံတွေ နည်းပါး လာတာရယ် ၊ ခိုးကူးခွေတွေ အန္တရာယ် နဲ့ ရင်ဆိုင် နေရသလို ကျွန်တော်တို့ စာအုပ် ထုတ်ဝေသူ တွေဟာလည်း စာအုပ်ဆိုင် နည်းပါး လာခြင်းနဲ့ Online ကနေ PDF e-Book  စာအုပ်တွေကို အလွယ်တကူ ရယူနိုင်မှု အန္တရာယ်နဲ့ ကြုံတွေ့ နေကြရတာ ဖြစ်ပါတယ် ၊ လက်ရှိ အခြေအနေ မှာ တစ်နေ့ တစ်နေ့ ထွက်ရှိလာတဲ့ ဂျာနယ် ၊ မဂ္ဂဇင်း ၊ လုံးချင်း အမျိုးအစား မြောက်မြားစွာ ထွက်ရှိနေ ပေမယ့် ဒါတွေကို တင်ရောင်း ပေးမယ့် စာအုပ်ဆိုင် အရေအတွက် ကတော့ နည်းသထက် နည်းလာ နေပါတယ် ၊ ခေတ် အဆက်ဆက်က စာအုပ်တန်း လို့ခေါ်တဲ့ မြေနီကုန်း ၊ လှည်းတန်း ၊ ပန်းဆိုးတန်း တွေမှာ အခြားသော ဆိုင်ကြီးများက ငှားရမ်းခ ဈေးနှုန်း မြောက်မြားစွာ ပေးပြီး ငှားရမ်း ထားတာကြောင့် စာအုပ်ဆိုင်များ တဖြည်းဖြည်း ပျောက်ကွယ် ကုန်ပြီ ဖြစ်ပါတယ် ၊ ဒါ့အပြင် အသစ် ထွက်ရှိ လာတဲ့ ရုပ်သံ မီဒီယာ တွေ လမ်းဘေးမှာ တစ်ထောင်ဖိုး ၄ ခွေ ရတဲ့ နိုင်ငံခြား ဇာတ်ကားတွေ ၊ အခြားသော မီဒီယာ တွေကြောင့်လည်း မြန်မာနိုင်ငံ တစ်ဝန်းလုံး မှာရှိတဲ့ စာအုပ် အငှားဆိုင် များရဲ့ ၃ ပုံ ၂ ပုံ လောက်ဟာ ပိတ်လိုက်ရတဲ့ အခြေအနေကို ရောက်သွားပြီ ဖြစ်ပါတယ် ၊ ထုတ်လုပ်မှု အရေအတွက် လျော့တာနဲ့ အမျှ ထုတ်လုပ်မှု တန်ဖိုးကလည်း တက်လိုက် ရတာဖြစ်တဲ့ အတွက် လူတစ်ဦးချင်း ဆီရဲ့ ၀င်ငွေကလည်း နည်းပါး နေချိန် ဖြစ်တာကြောင့် ကနေ့ အချိန်မှာ စာအုပ် တစ်အုပ် ၀ယ်ဖတ်နိုင်ဖို့ အခြေအနေဟာ လျော့ပါး လာပြီ ဖြစ်ပါတယ် .... " ဟု မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူ များနှင့် ဖြန့်ချိသူများ အသင်း အတွင်းရေးမှူး ဦးမြင့်ထွန်း ( Quality ) က ပြောသည်။

ယင်းအပြင် Online မှ အလွယ်တကူ ရရှိနိုင်သည့် e-Book များနှင့် ပတ်သက်၍လည်း " ကျွန်တော်တို့ ထုတ်ဝေ ရတဲ့ စာအုပ်တွေဟာ အမျိုးအစား အားဖြင့် စုံလင်မှာ ဖြစ်ပေမယ့် အရေအတွက် ကတော့ တစ်ထောင်ထက် မကျော်ပါဘူး ၊ တစ်ထောင်လောက် ထုတ်ထားတဲ့ စာအုပ်ဟာ ရောင်းကောင်း လွန်းရင် ၂ လကနေ ၃ လအတွင်း စောင့်ရောင်း ရပါတယ် ၊ အချို့ စာအုပ်တွေ ဆိုရင် ၃ နှစ် ၄ နှစ် ထားရောင်း တာတောင် မကုန်ပါဘူး ၊ ရောင်း အကောင်းဆုံး ဆိုတဲ့ စာအုပ်တောင် အုပ်ရေ ၅၀၀၀ မကျော်ပါဘူး ၊ ဒီလို အခြေအနေမှာ ကျွန်တော်တို့ ထုတ်ဝေ ထားတဲ့ စာအုပ် တွေကို PDF ဖိုင်အဖြစ် ပြောင်းပြီးတော့ e-Book အဖြစ် ပြောင်းပြီးတော့ အလွယ်တကူ ရယူနိုင်တဲ့ ကိစ္စဟာ ကျွန်တော်တို့ အနာဂတ် အတွက် စဉ်းစားစရာ ဖြစ်လာပတယ် ၊ ဒီအတွက်လည်း ကျွန်တော်တို့ အသင်းနဲ့ မြန်မာနိုင်ငံ စာရေးဆရာ အသင်းတို့ ပူးပေါင်းပြီးတော့ ထုတ်ဝေသူ အခွင့်အရေး နဲ့ ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ပညာရှင်များနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ် .... " ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူများ နှင့် ဖြန့်ချိသူများ အသင်းသည် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း၏ ၆၂ သင်းမြောက် ညီနောင် အသင်းလည်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment