Pages

Monday, March 11, 2013

အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်)




အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) တွင် အစိုးရ ရုံးပိတ်ရက် များ၌ မိသားစုလိုက် သော်လည်းကောင်း ၊ တစ်ဦး တစ်ယောက် အနေဖြင့် သော်လည်းကောင်း ၊ အစုအဖွဲ့ အလိုက်အဖြစ် သော်လည်းကောင်း အပန်းဖြေ လေ့လာ သူများနှင့် အထူး စည်ကားလျက် ရှိသည်။

အမျိုးသား အထိမ်းအမှတ် ဥယျာဉ် ( National Land Mark Garden ) သည် ပြည်ထောင်စု တစ်ဝန်း တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် အထိမ်းအမှတ် နေရာများကို တစ်နေရာ ထဲတွင် ကြည့်ရှုနိုင်ရန် တည်ဆောက် ထားသည်ကို တွေ့ရသည်။ ပြည်ထောင်စု တစ်ဝန်းရှိ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ၊ ဓလေ့ ထုံးစံများ ၊ နေထိုင် စားသောက်ပုံများ ၊ ဖွံ့ဖြိုး တိုးတက်မှု နှင့် သဘာဝ အလှရှုခင်း များကို တစ်နေရာ ထဲတွင် တစ်စု တစ်ဝေးထဲ ကြည့်ရှု လေ့လာ နိုင်သည့် ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန် တိုးပွား စေသည့် နေရာ တစ်ခုလည်း ဖြစ်သည်။



အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) အ၀င်ဝတွင် အမြင့်ပေ ၁၈၀ ရှိ ( Twin Tower ) မျှော်စင်ကြီး နှစ်ခုရှိသည်။ မျှော်စင် အမှတ်(၁) ပေါ်သို့ ဓာတ်လှေကားဖြင့် တက်၍ လေ့လာနိုင်သည်။ မျှော်စင် ပေါ်တွင် အရောင်းပြခန်း ၂ ထပ်ရှိသည်။ ပထမထပ် တွင် တိုင်းရင်းသား တို့၏ ရိုးရာ ပစ္စည်းများ ၊ တိုင်းရင်းသား ၀တ်စုံများ နှင့် ဒေသထွက် စားသောက်ခန်း ပစ္စည်းများ ၊ ကျောင်းစိမ်း ၊ အင်ကြင်းကျောက် နှင့် ထန်းကျောက် တို့ဖြင့် ပြုလုပ် ထားသော အမှတ်တရ ပစ္စည်းများ ၊ ပုဂံဒေသ နှင့် မုံရွာ ကျောက္ကာ ဒေသမှ ထွက်ရှိသော ယွန်းထည် ပစ္စည်းများ ၊ စစ်ကိုင်း ဒေသမှ ထွက်ရှိသော ငွေထည် ၊ ကြေးထည် ပစ္စည်းများ ကို ပြသ ရောင်းချ ပေးလျက် ရှိသည်။ ဒုတိယထပ် တွင် ရွှေချည်ထိုး ပန်းချီကားများ ၊ ကနုကမာ ဖြင့် ပြုလုပ် ထားသော အမှတ်တရ ပစ္စည်းများ ၊ ရေဆေး ၊ ဆီဆေး ပန်းချီကားများ ၊ သဲပန်းချီကားများ ၊ ကျောက်စီ ပန်းချီကား များနှင့် ရှုချင်စဖွယ် ပန်းပု ရုပ်ထု များကိုလည်း ခင်းကျင်း ပြသ ရောင်းချ ပေးနေသည်ကို တွေ့ရသည်။ ယင်း ပြကွက်များကို ကြည့်ခြင်း အားဖြင့် ရိုးရာ ပန်းပညာ အဆင့်အတန်း မြင့်မားမှုကို လေးစားစွာ တွေ့ရှိရမည် ဖြစ်သည်။

အလားတူ မျှော်စင် အမှတ်(၂)ပေါ် သို့လည်း ဓာတ်လှေကားဖြင့် တက်၍ ကော်ဖီနှင့် မြန်မာ့ အစားအစာ များ ၊ အာရှ ၊ ဥရောပ အစားအစာများ စားသောက်ရင်း အနုပညာရှင် များ၏ မြန်မာသံစဉ် များကိုလည်း ခံစား နိုင်သည့် Cafe Paradise ဆိုင်ရှိသည်။ ထို စားသောက်ဆိုင် ပေါ်မှ အစားအသောက် များကို အေးချမ်းစွာ နားနေ စားသောက်ရင်း အမျိုးသား အထိမ်းအမှတ် ဥယျာဉ် နှင့် ဇေယျာသီရိ အားကစားရုံ များကိုလည်း အပေါ်စီး မြင်ကွင်းမှ ကြည့်ရှု ခံစား နိုင်မည် ဖြစ်သည်။

ဥယျာဉ်ကြီး အတွင်း လှည့်လည် ကြည့်ရှုရင်း တိုင်းရင်းသား တို့၏ ရိုးရာ အစားအသောက်များ ကိုလည်း ၀ယ်ယူ စားသောက် နိုင်သည်။ အဆင့်မြင့် အားကစားကွင်းများ စားသောက်ဆိုင်များ လည်း ထည့်သွင်း တည်ဆောက် ထားသည်။




ကချင်ပြည်နယ် ပြကွက်တွင် ရွှေမဉ္ဇူဘုရား ၊ အင်းတော်ကြီးအိုင် ၊ မေခ ၊ မလိခမြစ်ဆုံ ၊ ဗလမင်းထင် တံထား နှင့် တည်ဆောက်ဆဲ ခါကာဘိုရာဇီ ရေခဲတောင် ၊ ကချင် ၊ ရ၀မ် နှင့် လီဆူး ရိုးရာအိမ်များ ကိုလည်း တွေ့ရသည်။ ကယားပြည်နယ် ပြကွက်တွင် တောင်ကွဲစေတီ နှင့် ငွေတောင်ဆည် ၊ မွန်ပြည်နယ် ပြကွက်တွင် ကျိုက်ထီးရိုး ဘုရား ၊ သံလွင်တံတား (မော်လမြိုင်) နှင့် စက်စဲကမ်းခြေ ၊ ကရင်ပြည်နယ် ပြကွက်တွင် ဇွဲကပင်တောင် နှင့် သံလွင်တံတား (ဘားအံ) ၊ ချင်းပြည်နယ် ပြကွက်တွင် ချင်းရိုးရာ အိမ်များ ၊ အောက်ချင်းငှက် ရုပ်တု နှင့် သစ္စာတိုင် ၊ ရခိုင်ပြည်နယ် ပြကွက်တွင် သျှစ်သောင်း ပုထိုးကြီး နှင့် ကိုးသောင်း ပုထိုးတော်ကြီး ၊ ကစ္ဆပနဒီ တံတား နှင့် ရခိုင် ရိုးရာအိမ်များ ၊ ရှမ်းပြည်နယ် ပြကွက်တွင် သီပေါဘော်ကြို ဘုရား ၊ အင်းလေးကန် နှင့် ဖောင်တော်ဦး ဘုရား ၊ ဂုတ်ထိပ်တံတား ၊ ပင်းတယလိုဏ်ဂူ ဘုရား ၊ ပအိုဝ့် နှင့် ရှမ်းရိုးရာ အိမ်များ ၊ ရန်ကုန်တိုင်း ဒေသကြီး ပြကွက်တွင် ရွှေတိဂုံဘုရား ၊ မြို့တော်ခန်းမ ၊ ဘုရင့်နောင် တံတား ၊ ပဲခူးတိုင်း ဒေသကြီး ပြကွက်တွင် ရွှေမောဓော ဘုရား ၊ ရွှေသာလျောင်း ဘုရား နှင့် ကမ္ဘောဇ သာဒီ ရွှေကျောင်းတော်ကြီး ၊ မန္တလေးတိုင်း ဒေသကြီး ပြကွက်တွင် မန္တလေးတောင်င ၊ မြနန်းစံကျော် ရွှေနန်းတော် ၊ ဧရ၀တီတံတား (ရတနာပုံ) ၊ ပုဂံရွှေနန်းတော် နှင့် ပုဂံ ယဉ်ကျေးမှု နယ်မြေ ၊ နေပြည်တော် ဖွံ့ဖြိုး တိုးတက်မှု ပုံစံငယ် ပြကွက် ၊ စစ်ကိုင်းတိုင်း ဒေသကြီး ပြကွက်တွင် ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရား ၊ စစ်ကိုင်းတောင် ၊ သဖန်းဆိပ်ဆည် ၊ ချင်းတွင်း တံတား နှင့် ရွှေဘုံရတနာ မင်္ဂလာ နန်းတော် ၊ ဧရာဝတီ တိုင်းဒေသကြီး ပြကွက်တွင် မော်တင်စွန်း ဘုရား ၊ ငွေတောင်ဆည် ၊ ငွေဆောင်ကမ်းခြေ ၊ ဗိုလ်မြတ်ထွန်း တံတား နှင့် င၀န်မြစ် ကြိုးတံတား ၊ မကွေးတိုင်း ဒေသကြီး ပြကွက်တွင် မကွေး မြသလွန် စေတီ ၊ ဧရာဝတီတံတား (မကွေး) ၊ နဂါးပွတ်တောင် နှင့် ရွှေစက်တော် ဘုရား ၊ တနင်္သာရီ တိုင်းဒေသကြီး ပြကွက်တွင် လျောင်းတော်မူ ဘုရား ၊ မောင်းမကန် ကမ်းခြေ ၊ ပုလဲကျွန်း နှင့် ဘုရင့်နောင် မင်းတရားကြီး ရုပ်တု တို့ကို လေ့လာ တွေ့ရှိ နိုင်မည် ဖြစ်သည်။

အဆိုပါ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) သည် ရန်ကုန် - မန္တလေး (လမ်းဟောင်း) မိုင်တိုင် အမှတ် (၂၅၇/၂) အရှေ့ဘက် တစ်မိုင် အကွာတွင် တည်ရှိပြီး အကျယ် ဧက ၄၀၀ ပေါ်တွင် တည်ဆောက် ထားကာ နေပြည်တော်၏ အခြား အပန်းဖြေ လေ့လာနိုင်သည့် တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) ၊ ဆာဖရီ ဥယျာဉ် ၊ နက္ခတ်တာရာ ပြခန်း ၊ တပ်မတော် စစ်သမိုင်း ပြတိုက် တို့နှင့် ကပ်လျက် ရှိသဖြင့် နေပြည်တော် ရောက်လာ သူတိုင်း လေ့လာသင့်သည့် နေရာ တစ်ခု ဖြစ်သလို ပြည်ထောင်စု စိတ်ဓာတ်များလည်း ရှင်သန် တိုးပွားမှု ပေးစွမ်းသည့် နေရာ တစ်ခုလည်း ဖြစ်ပေသည် ။ ။

(ကြယ်စင်လင်းလက်)

No comments:

Post a Comment