Pages

Saturday, February 9, 2013

အာရှဖွံ့ဖြိုးရေးဘဏ် က မြန်မာနိုင်ငံကို ဒေါ်လာသန်း ၅၀ ကူညီမည်


ရန်ကုန် ၊ ၉-၂-၂၀၁၃

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) သည် ပညာရေး ၊ မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး ၊ အခြေခံ အဆောက်အဦ ၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ၊ ခရီးသွား လုပ်ငန်း ၊ အရပ်ဘက် လူမှု အဖွဲှ့စည်းများ ၊ လိင် (ခွဲခြား ဆက်ဆံမှု) နှင့် အညာ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး တို့ ပါဝင်သော စီးပွားရေး ကဏ္ဍ အသီးသီးတွင် ဆောင်ရွက်မည့် စီမံကိန်း များနှင့် နည်းပညာ အထောက်အပံ့ များအတွက် အမေရိကန် ဒေါ်လာ သန်း ၅၀ ကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း ထောက်ပံ့မှု တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့က နောက်ဆုံး ကြေညာခဲ့သည့် အထောက်အပံ့ မှာ မြန်မာအစိုးရ၏ လူ့စွမ်းအား အရင်းအမြစ် နှင့် ဖွဲ့စည်းပုံ ဆိုင်ရာ စွမ်းရည် တို့ကို ပိုမို တိုးတက်စေရန် ၃ နှစ်တာ ကာလအတွက် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း ကူညီရန် ကတိက၀တ် ပြုထားသည်။ အခြားသော စီမံကိန်း များတွင် လိင် (ခွဲခြား ဆက်ဆံမှု အခြေအနေ) ကို အကဲဖြတ် ဆန်းစစ်ခြင်း ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် ထိတွေ့ ဆက်ဆံခြင်း နှင့် မဟာမဲခေါင် ဒေသခွဲ၏ အရှေ့ - အနောက် စီးပွားရေး စင်္ကြ စီမံကိန်း အကြောင်းကို တိုင်းရင်းသား အသိုင်းအ၀န်း နားလည်စေပြီး အကျိုးအမြတ် ရယူ တတ်စေရန် အထောက်အပံ့ ပေးခြင်း တို့လည်း ပါဝင်သည်။ စီမံကိန်း အထောက်အပံ့ များသည် အခြားသော နိုင်ငံများ နှင့် ထိတွေ့ ဆက်ဆံမှုမှ ရရှိသော သင်ခန်းစာ များကို အခြေခံလျက် မြန်မာနိုင်ငံ အား ရေရှည်တွင် တည်တံ့ ခိုင်မြဲသော နည်းလမ်းဖြင့် တိုးတက် စေမည့် အခြေခံ အုတ်မြစ် များကို တည်ဆောက် ပေးရန် ရည်ရွယ်ကြောင်း သိရသည်။

ADB သည် မြန်မာက ကြွေးကျန် များကို ရှင်းလင်း ပြီးသည့် ဇန်န၀ါရီ တွင် လုပ်ငန်း ဆောင်ရွက်မှု များကို အပြည့်အ၀ ပြန်လည် စတင်ခဲ့ပြီး ၄င်း၏ ပထမဦးဆုံး ချေးငွေ ဖြစ်သော မူဝါဒ အပေါ် အခြေခံ သော ချေးငွေ အမေရိကန် ဒေါ်လာ ၅၁၂ သန်းကို ယခင်လက အတည်ပြု ခဲ့သည်။ အဆိုပါ ချေးငွေ များအား ပြည်သူ့ ဘဏ္ဍာရေး ၊ ကုန်သွယ်ရေး ၊ ရင်းနှီး မြှုပ်နှံမှု ၊ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်း များနှင့် ဘဏ္ဍာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာရေးတွင် သုံးစွဲ သွားမည် ဖြစ်သည်။ ကျေးလက် ဒေသများတွင် ADB ၏ ထောက်ပံ့မှု သည် ဘဏ်လုပ်ငန်း ၀န်ဆောင်မှု များအား ပိုမို ကျယ်ပြန့်စွာ ရရှိစေမည့် မဟာဗျူဟာ တစ်ရပ်ကို ကူညီ ဖော်ထုတ် ချမှတ်ပေး မည်ဖြစ်သည်။ ပညာရေးတွင် လက်လှမ်းမီ မှု၌ ကွာဟချက် များ ရှိနေခြင်း ကိုလည်း အကဲဖြတ် ဆန်းစစ်၍ ဖြေရှင်း ပေးသွားမည် ဖြစ်သည်။

၂၀၁၂ ခုနှစ် တွင် ပြုလုပ်သော ADB လေ့လာမှု တစ်ရပ်တွင် မြန်မာ့ စီးပွားရေးသည် နှစ်စဉ် ၇ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်း အထိ တိုးတက် လာနိုင်ကြောင်း ၊ အလယ်အလတ် ၀င်ငွေ ရှိသော နိုင်ငံ ဖြစ်လာ နိုင်ကြောင်း နှင့် ကျယ်ပြန့်သော ပြုပြင် ပြောင်းလဲမှု များကို ထပ်မံ အကောင် အထည်ဖော် ဆောင်ခြင်းဖြင့် ကြီးမားသည့် ဖွံ့ဖြိုး တိုးတက်ရေး စိန်ခေါ်မှု များကို ကျော်လွှား နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦး နှစ်စဉ် ၀င်ငွေသည် သုံးဆအထိ တက်လာ နိုင်ကြောင်း သုံးသပ် ဖော်ပြ ထားသည်။ ADB ၏ ကာလတို ရည်မှန်းချက် ပန်းတိုင်မှာ ပြည်သူ များ၏ ကျွမ်းကျင်မှု ကိုတည်ဆောက် ပေးပြီး ပိုမို ယှဉ်ပြိုင် နိုင်စွမ်းသော စီးပွားရေး အတွက် အခြေခံ ချမှတ် ပေးရန် ဖြစ်သည်။ ကာလလတ် ရည်မှန်းချက် ပန်းတိုင် မှာ အထိအခိုက် အလွယ်ဆုံး ၊ အကာအကွယ် အမဲ့ဆုံး နှင့် အထီးကျန် ဆုံးသော ဒေသများကို အကျိုး ကျေးဇူး ရှိစေမည့် အားလုံး ပါဝင်ပြီး ရေရှည် တည်တံ့ ခိုင်မြဲသော တိုးတက်မှု ပိုမို ရရှိစေရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရေး ဟူသော အစိုးရ၏ ကြိုးပမ်းမှု ကို ထောက်ပံ့ရန် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment