www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2019

တောင်နဝင်း ရေလှောင်တမံ နိမ့်ကျပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ဘူမိဗေဒနည်းအရ စမ်းသပ်မှုများ ပြုလုပ်

တောင်နဝင်း ရေလှောင်တမံ နိမ့်ကျပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းကြောင့်  ဘူမိဗေဒနည်းအရ စမ်းသပ်မှုများ ပြုလုပ်
-
ပြည် ဇန်နဝါရီ ၃၁ 
-
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်းမြို့ တောင်နဝင်းရေလှောင်တမံ မြေသားအက်ကွဲမှု၊ တမံပေါင် နိမ့်ကျမှုများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဘူမိဗေဒ နည်းအရ လွန်တွင်း တူးစမ်းသပ်မှုများစတင်လုပ်ဆောင်လျက် ရှိကြောင်း ပြည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနမှ သိရသည်။ 
-
ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက်ယမန်နေ့က တောင်နဝင်း ရေလှောင်တမံ၌ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းရှိ ဆည်မြောင်းဦးစီးဌာနမှ အင်ဂျင်နီယာများ၊ ဒီဇိုင်းဌာနခွဲမှ ပညာရှင်များ၊ဘူမိဗေဒပညာရှင်များ၊ JICA တူးမြောင်းပြုပြင်မှု ပြုလုပ်နေသော အဖွဲ့မှ ဂျပန်ပညာရှင်များ တွေ့ဆုံဆွေးနွေးပြီး လွန်တွင်းတူးစမ်းသပ်ရန် ဆုံးဖြတ်ကြကြောင်း သိရသည်။ 
-
''လွန်တွင်းတူးမယ်။ တူးတဲ့နမူနာတွေ ထုတ်ပြီးတော့မှ တမံကိုယ်ထည်ထဲမှာရော၊ တမံအောက်ခံထဲမှာရော မြေကြီးရဲ့ အနေအထားကဘယ်လိုဖြစ်တယ်ဆိုတာကို ဘူမိဗေဒနည်းပညာအရ အဖြေရှာဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဘူမိဗေဒစူးစမ်းလေ့လာမှုတွေ ဆောင်ရွက်ပြီးမှသာ တမံရဲ့ကြံ့ခိုင်မှုနဲ့ လုံခြုံစိတ်ချရမှုတွေကို ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ဒီစူးစမ်း လေ့လာမှုတွေကိုပထမဆုံး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်''ဟု ပြည်ခရိုင် ဆည်မြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဦးက ပြောသည်။ 
-
လွန်တွင်းတူးခြင်းကို တမံ၏ပေတိုင် ၅၅၉ဝ နှင့် ၅၆၅ဝ တို့တွင် အနက်ပေ ၁ဝဝ ခန့် အထိ တူး၍ အောက်ခံမြေသားများအား စမ်းသပ်နေခြင်း ဖြစ်ကာ ဇန်နဝါရီ ၂၉ ရက်နှင့် ၃ဝ ရက်က လျှပ်စစ်ဓာတ်အား လွှတ်၍ မြေကြီးခံနိုင်ရည်ကို စမ်းသပ်သည့် ရလဒ်နှင့် မြေငလျင် လှုပ်ခတ်ခဲ့သည့် အခြေအနေများကိုပါ သုံးသပ်၍ ထိုသို့ လွန်တွင်းတူး စမ်းသပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ တောင်နဝင်း ရေလှောင်တမံတွင် လွန်ခဲ့သည့် ဇန်နဝါရီပထမပတ်မှ စတင်ကာ အပေါ်ပိုင်းမြေသား အနည်းငယ် နိမ့်ကျမှုနှင့် အက်ကွဲကြောင်း အချို့ဖြစ်ပေါ်ခဲ့ပြီး အခြေအနေကိုနေ့စဉ်တိုင်းတာ စောင့်ကြည့်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနမှ သိရသည်။ 
-
အဆိုပါ အခြေအနေများကြောင့် ဆည်အောက်ပိုင်းမှ မြို့၊ ရွာများရှိ ဒေသခံများ စိုးရိမ်နေပြီး အချို့ကျေးရွာများရှိ ဒေသခံများ ပြောင်းရွှေ့ခြင်း၊ ကျွဲ၊ နွားများနှင့် အသုံးအဆောင် ပစ္စည်းများကို ကုန်းမြင့်ရာသို့ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။ ရေလှောင်တမံ ပေအမှတ် ၆၁ဝဝ နှင့် ၆၂ဝဝ ကြားတွင် ရေလှောင်တမံမှာ ရေပြင်ညီမှ လျှောစောက်အဖြစ် အနည်းငယ်နိမ့်ကျပြီး အနိမ့်ဆုံးနေရာမှာ တစ်ပေခန့်ရှိကာ မြေသားနိမ့်ကျသည့် အနီးတစ်ဝိုက်တွင်လည်း အနက်နှစ်ပေခွဲမှ သုံးပေခန့်ရှိသော မြေအက်ကွဲ ကြောင်းအနည်းငယ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 
-
တောင်နဝင်း ရေလှောင်တမံကို ၁၉၈၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၉၅ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်နှင့် သဲကုန်းမြို့နယ် တို့ရှိ လယ်စိုက်ဧက ၉၂ဝဝဝ ကျော်ကို ရေပေးဝေနိုင်ကာ လက်ရှိတွင် နွေစပါးစိုက်ဧက ၈၅ဝဝ ကို ရေပေးဝေလျက် ရှိကြောင်း သိရသည်။ 
-
အမ်အမ်ကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger