www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 13, 2014

အိုဇုန်းလွှာ ထိန်းသိမ်းရေး ၀ိုင်းဝန်းကြိုးပမ်း


အိုဇုန်းလွှာ ထိန်းသိမ်းရေး ၀ိုင်းဝန်းကြိုးပမ်း

နေရောင်ခြည်သည် သက်ရှိ လူသားနှင့် အပင် သတ္တဝါများကို များစွာ အကျိုးပြုလျက် ရှိသည်။ ထိုနည်းတူ စွမ်းအင် မြင့်မားသည့် နေရောင်ခြည် များ ထိမိလျှင် သက်ရှိ သတ္တဝါများ ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။ ထို့ကြောင့် နေရောင်ခြည် စွမ်းအင် မြင့်မားသည့် (ခရမ်းလွန် ရောင်ခြည် ပါဝင်မှု မြင့်မားသည့်) နေရောင်ခြည် ကို တားဆီး ကာကွယ်ရန် လိုသည်။

ထို ခရမ်းလွန် ရောင်ခြည်များ ကမ္ဘာမြေသို့ တိုက်ရိုက် မကျအောင် အကာအကွယ် ပေးထားသော သဘာဝ အရံအတားမှာ အိုဇုန်းလွှာ ဖြစ်သည်။ အိုဇုန်းလွှာ သည် ခရမ်းလွန် ရောင်ခြည်လှိုင်း များကို စုပ်ယူ ပေးခြင်းဖြင့် ရောင်ခြည်များ ကမ္ဘာမြေ ပေါ်သို့ လျော့နည်း ကျရောက် စေသည်။

သက်ရှိတို့ အတွက် မရှိမဖြစ် လိုအပ်သော ကမ္ဘာမြေ အတွက် အရံအတား ဖြစ်သော အိုဇုန်းလွှာ ကို လူတို့က ဖျက်ဆီးလျက် ရှိနေသည်။ လူတို့ အသုံးပြု ထုတ်လုပ်သော ကလိုရင်း နှင့် ဘရိုမင်း ပါဝင်သည့် ဓာတုပစ္စည်း များကြောင့် အိုဇုန်းလွှာများ ပျက်စီး ရသည်။ အိုဇုန်းလွှာ ပျက်စီးမှုကြောင့် ခရမ်းလွန် ရောင်ခြည် ကမ္ဘာမြေသို့ တိုက်ရိုက် ကျရောက် လာသောအခါ လူတို့တွင် အရေပြား ကင်ဆာရောဂါ၊ မျက်စိတိမ်စွဲ ရောဂါ၊ ခုခံအား ကျဆင်းရောဂါ၊ သီးနှံများတွင် အသီး ကျဆင်းခြင်း၊ အဏ္ဏဝါ ဂေဟစနစ် ပျက်စီးခြင်း နှင့် ရုပ်ဝတ္ထု ပစ္စည်းများ ပျက်စီးခြင်း တို့ ဖြစ်ပေါ် စေသည်။

အိုဇုန်းလွှာကို ပျက်စီးစေသော ဓာတုပစ္စည်း များတွင် လူတို့ အသုံးများသော မော်တော်ယာဉ် နှင့် စက်များမှ ထွက်သည့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ အများဆုံး ဖြစ်သော်လည်း အဆိုပါ ကာဗွန်ဒိုင် အောက်ဆိုက် ထက် CFC ဟု ခေါ်သည့် ဓာတ်ပစ္စည်း သည် ပိုမို အဖျက်စွမ်းအား ကြီးမားသည်။ CFC ဆိုသည်မှာ ရေခဲသေတ္တာ၊ လေအေး ပေးစက်တို့မှ ထွက်ပေါ်သည့် ဓာတုပစ္စည်း ဖြစ်ပြီး ထိုစက်များမှ ထွက်ရှိသည့် ကလိုရို ဖလူရို ကာဗွန် တစ်တန်သည် ကာဗွန်ဒိုင် အောက်ဆိုက် တန် ၁ဝ၉ဝဝ နှင့် ညီမျှသော ကြောင့် ပိုမို အန္တရာယ် ကြီးမားသော ဓာတု ပစ္စည်းများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အိုဇုန်းလွှာကို ပျက်စီးစေသော ဓာတ်ပစ္စည်း များကို ထုတ်လုပ်ခြင်း မရှိသော်လည်း ရေခဲသေတ္တာ၊ လေအေးပေးစက် တို့ကို အသုံးပြုမှုများ ရှိလာသည်။ သို့သော် ၂ဝဝ၇ ခုနှစ်မှ စတင်၍ ကလိုရိုဖလူရို ကာဗွန် လျှော့ချရေးကို စတင် ဆောင်ရွက် ခဲ့သည်။ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်အရ ၂ဝ၁၃ ခုနှစ်မှ စတင်၍ အခြေခံ သတ်မှတ်ချက်ထက် မကျော်လွန် စေရန် ကန့်သတ်ထားပြီး ၂ဝ၁၅ ခုနှစ်တွင် အခြေခံ သတ်မှတ်ချက် ထက် ၁ဝ ရာခိုင်နှုန်း၊ ၂ဝ၂ဝ ပြည့်နှစ် တွင် ၃၅ ရာခိုင်နှုန်း၊ ၂ဝ၂၅ ခုနှစ်တွင် ၆၇ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် လုံးဝ ရပ်ဆိုင်းရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံး နှင့်သက်ဆိုင်ပြီး လူသား အားလုံး၏ အကျိုးစီးပွားကို ထိခိုက်ကာ ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ် စေသော အိုဇုန်းလွှာ ပျက်စီးစေသည့် ဓာတုဗေဒ ပစ္စည်း ထုတ်လုပ်မှု၊ သုံးစွဲမှု တို့ကို လျှော့ချ ရပ်ဆိုင်း စေရန် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ သဘာဝ ပတ်ဝန်းကျင် မပျက်စီး စေရေးအတွက် သစ်ပင် စိုက်ပျိုးရေး ကိုလည်း နှစ်စဉ် မိုးရာသီတွင် ပြည်သူလူထု ကို အခြေခံ၍ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ ၂ဝ၃ဝ ပြည့်နှစ်တွင် အိုဇုန်းလွှာ လုံခြုံမှု ပြည့်စုံ၍ လူသားအားလုံး အကျိုးစီးပွား ဖြစ်ထွန်း စေရေးအတွက် ကမ္ဘာ့ပြည်သူ များက ဝိုင်းဝန်း ကြိုးပမ်း နေကြသကဲ့သို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား တို့ကလည်း မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger