www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 31, 2016

ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင် ဘဏ်များကို ဆိုက်ဘာတိုက်ခိုက်ခံရမှု နောက်ကွယ်က မြောက်ကိုရီးယား



( ရှိန်းထက် )

ဖေဖော်ဝါရီလက ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှ အမေရိကန် ဒေါ်လာ ၈၁ သန်းခန့်မှာ ဘင်္ဂလားဒေ့ရှ် ဟက်ကာများ၏ ခိုးယူခြင်း ခံခဲ့ရသည်။ ထို့ပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ တွင်လည်း ဘဏ်မှ ငွေများကို ဟက်ကာ တို့က ခိုးယူဖို့ ကြိုးစား ပြန်သည်။ ဗီယက်နမ်၌ အမေရိကန် ဒေါ်လာ ၁ သန်းခိုးယူခံ ခဲ့ရကာ ဖိလစ်ပိုင်၌ အချိန်မီ တားဆီး နိုင်ခဲ့သည်။

လာဇာရပ် ဟု အမည်ပေး ထားသော ယင်းဟက်ကာ အဖွဲ့သည် တစ်ချိန်တည်း မှာပင် အာဆီယံဘဏ် များကို ကောင်းကောင်းကြီး ပညာပြသွား ခဲ့သည်။ ထိုမျှသာမက ၂ဝ၁၅ ခုနှစ်က အီကွေဒေါဘဏ် မှလည်း အမေရိကန် ဒေါ်လာ ၁၂ သန်းအထိ ခိုးယူခဲ့ပြီး အာဆီယံ ဟက်ကာအဖွဲ့၏ ဆိုက်ဘာ နည်းပညာ များကို အနောက် အုပ်စုတို့ ဦးနှောက်ခြောက် သွားအောင် လုပ်ပြသွား ခဲ့သည်။

ထို့နောက် ကုတ်များနှင့် ခိုးယူရန် အသုံးပြုခဲ့သော Malware များကို အမေရိကန်၏ ဆိုက်ဘာ ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Symantec က အသည်းအသန် ရှာဖွေခဲ့သည်။ ယင်းကုတ် များနှင့် Malware သည် ၂ဝ၁၄ ခုနှစ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ကို လုပ်ကြံသည့် The Interview ဇာတ်ကားအား ရိုက်ကူးခဲ့သော Sony Entertainment ကို တိုက်ခိုက်ခဲ့သည့် ကုတ် Malware နှင့် ဆင်တူ နေခဲ့သည်။

ထိုဆိုက်ဘာ တိုက်ခိုက်မှုကြောင့် The Interview ဇာတ်ကား ပြသမည့်အချိန် ရွှေ့ဆိုင်းခဲ့ရပြီး ပြန်လည်ပြသ နိုင်ရန် ရက်သတ္တပတ် ခန့် အချိန်ယူ ခဲ့ရသည်။ မြောက်ကိုရီးယား တို့က ယင်း ဇာတ်ကားကို မပြသရန် အပြင်းအထန် ကန့်ကွက်ခဲ့ သော်လည်း Sony ကုမ္ပဏီက ပြသခဲ့ သောကြောင့် မြောက်ကိုရီးယား တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဆိုက်ဘာ တိုက်ခိုက်မှု အတွက် တာဝန်ယူရန် မြောက်ကိုရီးယား တို့က ငြင်းဆန်ထား သော်လည်း အမေရိကန် ကမူ မြောက်ကိုရီးယား လက်ချက်ပင် ဖြစ်ကြောင်း အခိုင်အမာ စွပ်စွဲခဲ့သည်။ ထိုအချိန်က တိုက်ခိုက် ခဲ့သော ကုတ်များနှင့် Malware ကို မကြာမီက ဆိုက်ဘာ တိုက်ခိုက်မှုဖြင့် ပိုက်ဆံခိုးယူခဲ့သော လာဇာရပ် အဖွဲ့က အသုံးပြု သွားခဲ့ခြင်း ဖြစ်သည်။

လာဇာရပ် ဟက်ကာအဖွဲ့ သည် အမေရိကန် နှင့် တောင်ကိုရီးယား တို့ကို အမြဲလိုလို တိုက်ခိုက် တတ်သော အဖွဲ့အစည်း လည်း ဖြစ်သည်။ သို့သော် ယင်း အဖွဲ့အစည်း သည် မြောက်ကိုရီးယား တို့က နာမည်လွှဲကာ အသွင်ယူ ထားသော အဖွဲ့အစည်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ် နှင့် ပူးပေါင်း အဖွဲ့အစည်း ဆိုသည်ကို ယခုအချိန်ထိ မသိရှိ ရသေးဘဲ ၂ဝ၁၃ ခုနှစ် ကလည်း ဘင်္ဂလားဒေ့ရှ် ၏ အကြီးမားဆုံး ကုန်သွယ်ရေးဘဏ် ဆိုနာလီ ထံမှ ယင်းဟက်ကာ အဖွဲ့သည် အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲ အထိ ခိုးယူ ခဲ့သေးသည်။

သေချာသည့် အချက်တစ်ချက်မှာ ယင်း နောက်ကွယ်တွင် မြောက်ကိုရီးယား တို့ တစ်နည်းမဟုတ် တစ်နည်း ရှိနေမည် ဖြစ်သည်။ ပြည်ပဘဏ် များမှ ပိုက်ဆံ ခိုးယူသည့် အလေ့အထကို ယခင်က မြောက်ကိုရီးယား တို့ အသုံးမပြု ခဲ့ဖူးသော်လည်း ယခုနည်းသိ သွားသော မြောက်ကိုရီးယား အတွက် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု လာနိုင်သည်။ အထူးသဖြင့် နည်းပညာ အားနည်းချက် ရှိသော အရှေ့တောင် အာရှ အာဆီယံဘဏ် များကို ပစ်မှတ်ထား လာနိုင်သည်။

ဆိုက်ဘာ တိုက်ခိုက်မှုသည် ယခုအချိန် ထိ ဖြေရှင်း မရသည့် ပြဿနာကြီး တစ်ခုအဖြစ် နိုင်ငံတကာတွင် တည်ရှိ နေသေးပြီး အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံ အကြား နှစ်စဉ် ဆိုက်ဘာ တိုက်ခိုက်မှု ပေါင်း သိန်းနှင့်ချီ၍ ရှိနေသည်။ ယင်းနှစ်နိုင်ငံ ကြားတွင် မြေပြင် နည်းပညာ တိုက်ခိုက်မှု များအပြင် အာကာသ ဆိုက်ဘာ တိုက်ခိုက်မှုများ အထိပါ ဆိုက်ဘာ စစ်ပွဲများ ဖြစ်ပွားလေ့ ရှိသည်။

အမေရိကန် တို့၏ ဂြိုဟ်တုများ ဆက်သွယ်၍ မရစေရန် နှစ်စဉ် အကြိမ်ရေ ထောင်သောင်းချီ Jam လုပ်ခံရသည်။ ထို့ပြင် လုံခြုံရေး အထပ်ထပ် ချထားပြီး ထိုးဖောက်ရန် မလွယ်သည့် ပင်တဂွန် ကွန်ရက် ထဲသို့ပင် တရုတ်ဟက်ကာ များက ထိုးဖောက်ကာ ဂျက် တိုက်လေယာဉ် နည်းပညာ များနှင့် ထိပ်တန်း လျှို့ဝှက်ချက် အချက်အလက် များကို ခိုးယူလေ့ ရှိသည်။ ထို့ကြောင့် ဆိုက်ဘာမှုခင်း ကျဆင်းစေရန် အမေရိကန်နှင့် တရုတ်တို့ နှစ်စဉ် ဆိုက်ဘာ လုံခြုံရေး ညီလာခံများ ကျင်းပနေသည်။

သို့သော် နှစ်စဉ် ဆိုက်ဘာ တိုက်ခိုက်မှု များက ကျဆင်းမသွားဘဲ ပိုမိုဖြစ်ပေါ် လာသည်။ ဆိုက်ဘာ တိုက်ခိုက်မှုသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူသွားစရာ မလိုဘဲ ခြေရာ ကောက်ရန် ခက်ခဲကာ လက်သည်ဟူ၍ မည်မည်ရရ ရှာဖွေမရဘဲ တရားခံဟု စွပ်စွဲစရာ ဆို၍ ကုတ်များနှင့် Malware များသာရှိသည်။ IP လိပ်စာများက တရုတ်နိုင်ငံ သို့မဟုတ် မြောက်ကိုရီးယား ဟု ရည်ညွှန်းထား သော်လည်း အမှု၏ ဇာတ်လမ်းသည် ထိုနေရာမှာပင် အဆုံးသတ် သွားလေ့ ရှိသည်။

၂ဝ၁၄ ခုနှစ်က အမေရိကန် တို့က တရုတ်တို့၏ ဆိုက်ဘာ တိုက်ခိုက်မှု များကို ခြေရာကောက် ခဲ့ကြသည်။ နောက်ဆုံး ရှန်ဟိုင်းနှင့် ပေကျင်းရှိ အမြင့်ဆုံး တာဝါကြီး များတွင် အခြေစိုက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သက်သေထူ နိုင်ခဲ့သည်။ သို့သော် တရုတ်အစိုးရ က မည်သည့်ပူးပေါင်း ဆောင်ရွက်ချက်မျှ မရှိသောကြောင့် အမေရိကန်တို့၏ တရားခံသည် နောက်ဆုံးတွင် လည်း IP လိပ်စာများ၊ ရှန်ဟိုင်းနှင့် ပေကျင်းရှိ တာဝါများသာ ဖြစ်သွားခဲ့ ရသည်။

တရုတ်တွင် ဆိုက်ဘာ တိုက်ခိုက်ရန် သီးသန့်အဖွဲ့များ ရှိသည်။ မြောက်ကိုရီးယား တွင်လည်း သီးသန့် ဆိုက်ဘာ တိုက်ခိုက်ရန် အဖွဲ့များကို နိုင်ငံတော် အဆင့်အဖြစ် ဖွဲ့စည်း ထားသည်။ မူလက အဖျက်သဘော သီးသန့် တိုက်ခိုက်ရန် အသုံးပြုသော ဆိုက်ဘာ အဖွဲ့များသည် ယခု မြောက်ကိုရီးယား အတွက် ဝင်ငွေများ ဖန်တီးလာနိုင် နေပြီ ဖြစ်သည်။

စီးပွားရေး ပိတ်ဆို့မှုများကို အကြီးမားဆုံး ချမှတ်ခံ ထားရသော မြောက်ကိုရီးယား အတွက် ရန်ပုံငွေ ပြဿနာသည် အကြီးမားဆုံး ဖြစ်လာလျက် ရှိသည်။ ခေါင်းဆောင် ကင်ဂျုံအွန် ၏ ပထမ ဦးစားပေး နျူကလီးယား အစီအစဉ် အတွက်ပင် ရန်ပုံငွေ ပြဿနာဖြင့် ရင်ဆိုင် နေရသည်။ ထို့ကြောင့် တခြား အဖွဲ့များ အတွက် ရန်ပုံငွေ လုံလုံ လောက်လောက် ပံ့ပိုးပေးရန်မှာ အဓိက ပြဿနာ ဖြစ်လာရသည်။

ထိုအထဲတွင် ဆိုက်ဘာ အဖွဲ့လည်း ပါဝင်လာသည်။ ထို့ကြောင့် ရန်ပုံငွေ ရရန် ဖြစ်သည့်နည်းနှင့် ကြံစည် ရတော့သည်။ ထို အချက်ကပင် ငွေကြေးအတွက် ယခု ဆိုက်ဘာ တိုက်ခိုက်မှုသည် နောက်ကွယ်က မြောက်ကိုရီးယား တို့လက်ချက် ဖြစ်နေကြောင်း သက်သေပြ နေသည်။

ထို့ကြောင့် နောက်ထပ်ငွေကြေး ရယူရန် ဆိုက်ဘာ တိုက်ခိုက်မှုများကို မြောက်ကိုရီးယား တို့ မည်သည့် နည်းကိုမဆို အသုံးပြု လာနိုင်သောကြောင့် ဘဏ်များကို နည်းပညာမြင့်သည့် လုံခြုံရေး စနစ်များ ဆောင်ရွက်ရန် အမေရိကန် က အကြံပြု ထားကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

ထိုင်းဘုရင်ဟောင်း ၏ အရိုးအိုးစေတီ ပြုပြင်မွမ်းမံသည့် လုပ်ငန်းများ ယာယီရပ်ဆိုင်းမည်



အမရပူရ ၊ ၃၁-၅-၂၀၁၆

မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်း အနီးရှိ ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရမထေရ် (Udumbara) ၏ အရိုးအုတ်ဂူ မြေနေရာတွင် ဆောင်ရွက်နေသည့် အရိုးစေတီကို ထိန်းသိမ်း ပြုပြင်ရေး စီမံကိန်း လုပ်ငန်းများအား မြို့တော် စည်ပင် သာယာရေး ကော်မတီမှ မေ ၃၁ ရက်မှစ၍ ယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

လင်ဇင်ကုန်း သုသာန် ထိုင်းဘုရင် ရဲ့ အရိုးပြာ ဖြစ်မဖြစ် အချက် သုံးချက်ဖြင့် ပြန်လည် စိစစ်ရေး ဆောင်ရွက်စဉ် ယာယီရပ်ဆိုင်း ထားရမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမွန် ( မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် - ၅ ) က ပြောကြား သည်။

စိစစ်ရေးအဖွဲ့တွင် မြို့တော်စည်ပင် သာယာ၊ ရှေးဟောင်း သုတေသန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး စသည်တို့မှ ပါဝင်ပြီး ထိုင်းဘုရင် အရိုးပြာ ဟုတ်၊ မဟုတ် ခေတ်မီ နည်းပညာများဖြင့် စစ်ဆေးရန်၊ ရှေးဟောင်း စေတီအား ပြုပြင်မွမ်းမံရန် သင့်၊မသင့် စိစစ်ပြီး အဆောင်အအုံ များကို ရှေးမူမပျက် ပြန်လည် တည်ဆောက် ရာတွင် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့် ညီ၊မညီ၊ နှစ်နိုင်ငံ ချစ်ကြည် ညီညွတ်ရေး အတွက် ခွင့်ပြုသင့်၊ မသင့် တို့ကို စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။

''သီတဂူ ဆရာတော်ကြီး က ထိုင်း-မြန်မာ ဆက်ဆံရေး အတွက် ဒါကိုပြန်လုပ်ဖို့ ပြောတယ်။ သီတဂူ ဆရာတော်ကြီး မေတ္တာရပ်ခံ ခဲ့လို့ ထိုင်းဘုရင်ရဲ့အဆောက်အအုံ ပြင်ခွင့် ချထားပေးလို့ လုပ်နေတယ် " ဟု ပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်နေသည့် တမ္ပဝတီ ဦးဝင်းမောင် (မြန်မာမှု ဗိသုကာ ပညာရှင်) က ပြောပြသည်။

ဥဒုမ္ဗရမထေရ် သည် ဗဒုံမင်း လက်ထက်က အဆိုပါ နေရာတွင် မင်းကိုးကွယ်သော ရဟန်းအဖြစ် သီတင်းသုံး ခဲ့ကြောင်း၊ ပျံလွန်တော်မူ သောအခါ ထိုင်းဓလေ့ ထုံးတမ်းအရ မီးသင်္ဂြိုဟ်၍ ကျောင်းဝင်း အတွင်း အရိုးအုတ်ဂူ တည်ထားခဲ့သည့် သက်သေ အထောက်အထား များအပြင်၊ မြန်မာ့သမိုင်း မှတ်တမ်းများအရ အတည်ပြု နိုင်ကြောင်း ဆက်လက် ပြောကြားသည်။

သီတဂူ ဆရာတော် ဘုရားကြီး ဦးဆောင်သော ဥဒုမ္ဗရ ယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့မှ ရဟန်းတော်ကြီး အရှင် ဥဒုမ္ဗရမထေရ် ၏ ရှေးဟောင်း စေတီတော်များ ပြုပြင် ထိန်းသိမ်းရေး ကို ဧပြီ ၂၅ ရက်က စတင်လုပ်ဆောင် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

မြန်မာနိုင်ငံအတွင်း နယ်စပ်ဝင်ပေါက် များမှ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုနှုန်း မြင့်တက်နေ



ရန်ကုန် ၊ ၃၁-၅-၂၀၁၆

မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက်မှာ ထိုင်းနိုင်ငံမှ နှစ်သန်းကျော် နှင့် တရုတ်နိုင်ငံမှ ၁ ဒသမ ၅ သန်း ရှိသည့်အတွက် ထိုင်းနှင့် တရုတ်နယ်စပ် မှ ဝင်ထွက်မှု လွယ်ကူရေးကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေ ဝန်ကြီးဌာန မှ သိရသည်။

ထိုသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှု မြန်ဆန်လွယ်ကူ စေရန် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု လွယ်ကူရေး ကော်မတီကို ဝန်ကြီးဌာန ကိုးခုမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့တို့ဖြင့် မေ ၄ ရက်က ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီမှ ပြည်တွင်းပြည်ပ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက် တို့၌ လွယ်ကူစွာ ဝင်ထွက်နိုင်ရေး၊ လုံခြုံရေးနှင့် စည်းကမ်း စနစ်တကျ ရှိစေရေးတို့ အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ ပင်လယ် ကမ်းခြေ သဘာဝအလှ တရားများကို ထိခိုက် မှုမရှိစေဘဲ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင် စေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ကို ပူးပေါင်း ဆောင်ရွက်ရန်၊ နိုင်ငံတော် လုံခြုံရေး အတွက် အမည်မည်း ( Black List )  စာရင်းဝင် နိုင်ငံခြားသားများ ဝင်ရောက်လာမှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကန့်သတ် နယ်မြေများသို့ ခွင့်ပြုမိန့်အရ သွားရောက်ရာ တွင် သတ်မှတ် ထားသောနေရာ၊ ဗီဇာရက်၊ သတ်မှတ်ထားသော အချိန်ထက် ကျော်လွန်မှု မရှိစေရေးတို့ကို ကြပ်မတ် ဆောင်ရွက် ပေးမည်ဖြစ်သည်။

ထို နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် စက်ဘီး၊ မော်တော်ယာဉ်၊ ဆိုင်ကယ် ခရီးစဉ်များ၊ ကမ္ဘာလှည့် အပျော်စီး သင်္ဘောခရီးစဉ်များ၊ စက်တပ်ရွက်လှေ ခရီးစဉ်များ၊ ပြည်တွင်း မြစ်ကြောင်း ခရီးစဉ်များ၊ စင်းလုံးငှား လေယာဉ် ခရီးစဉ်များ ဝင်ရောက်မှု၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် အသီးသီးမှ ခရီးသည်များ ဝင်ရောက် ထွက်ခွာရာတွင် တွေ့ကြုံနေရသော အားသာချက်၊ အားနည်းချက် များကို လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

ဆေးလိပ်ကင်းစင် လူငယ်ဝန်းကျင် ဖန်တီးရေး


ဆေးလိပ်ကင်းစင် လူငယ်ဝန်းကျင် ဖန်တီးရေး

အင်းဝခေတ် ဒုတိယမင်းခေါင် လက်ထက် ရဟန်းပညာရှိ ရှင်မဟာ သီလဝံသ ဆရာတော် သည် တပည့်ကျောင်းသား သူငယ်တို့ မှတ်သားနာယူ ကြရန် ရေးသား စီရင်သော ဆုံးမစာ လင်္ကာ၌ မြန်မာတို့ ယဉ်ကျေးမှု အရ ဧည့်ဝတ်ပြုကြ စေခြင်းငှာ ''ကွမ်းဆေးမီးလျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏ၊ တည်ပါကြ'' ဟု မှာထားသည်။

ဆေးပညာနှင့် ကျန်းမာရေး အသိ တိုးတက် ထွန်းကား လာသော မျက်မှောက် ကာလတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး တို့သည် လူတို့အတွက် ကျန်းမာရေး ပြဿနာ ဆိုးကျိုးများ ခံစားရကြောင်း သိရှိလာကြပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး တားမြစ်ရေး ဥပဒေများ ထုတ်ပြန် ကြသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) သည် ၁၉၈၇ ခုနှစ်မှစ၍ နှစ်စဉ် မေ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အဖြစ် သတ်မှတ်၍ အဖွဲ့ဝင် နိုင်ငံများ၌ အခမ်းအနား ကျင်းပပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ် ပညာပေး ဟောပြောခြင်း နှင့် လက်ကမ်း စာစောင်များ ဝေငှပေးခြင်း၊ မီဒီယာများမှ တစ်ဆင့် ပညာပေးခြင်း တို့ကို လူအများ သိရှိစေရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့နိုင်ငံများမှ ပြည်သူများ အတွင်း ဆေးလိပ် သောက်သည့် အလေ့အကျင့် ပျံ့နှံ့မှုကြောင့် နှစ်စဉ် သေဆုံးသူဦးရေ ခြောက်သန်းခန့် ရှိရာ ကိုယ်တိုင် ဆေးလိပ် သောက်သူ ငါးသန်းကျော် ရှိပြီး ပတ်ဝန်းကျင်မှ ဆေးလိပ်မီးခိုး ရှူရှိုက်ရခြင်း ကြောင့် သေဆုံးသူ ခြောက်သိန်းကျော် ပါဝင်ကြောင်း လေ့လာသိရှိ ရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဆေးလိပ် သောက်သူ သန်းတစ်ထောင်ကျော် သည် ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများနှင့် ဝင်ငွေ နိမ့်ကျသော နိုင်ငံများတွင် နေထိုင်လျက် ရှိရာ ဆေးလိပ် အန္တရာယ်နှင့် ဆက်စပ်သော ရောဂါ ကြောင့် သေဆုံးသူနှင့် ကျန်းမာရေး ချို့တဲ့သည့် ဒဏ်တို့ကို အများဆုံး ခံစားကြ ရသည်။

မြန်မာနိုင်ငံသည် အမျိုးသားအဆင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး အစီအစဉ် ကို ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီမှ စ၍ မူဝါဒများချမှတ်၍ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာန တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့ကြသည်။

အကောင်အထည် ဖော်ကြသည့် လုပ်ငန်းစဉ်များမှာ ၂ဝဝ၃ ခုနှစ်တွင် ဆေးလိပ် ကင်းစင်သော ကျောင်းပတ်ဝန်းကျင် ဖန်တီးရေးကို စတင်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ဆေးလိပ်ကင်းစင် လူငယ်ဝန်းကျင် ဆောင်ပုဒ်နှင့် အညီ ကျောင်းများနှင့် တခြားနေရာ များတွင်ပါ လူငယ် ပညာပေး အစီအစဉ်များ ချမှတ် ဆောင်ရွက်ခဲ့ ကြသည်။

ဆေးလိပ် သောက်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်နိုင်မည့် ရောဂါများမှာ အဆုတ်ကင်ဆာ၊ နှလုံးရောဂါနှင့် အသက်ရှူ ကျပ်ခြင်းတို့ကို ခံစားရနိုင်သည့် အပြင် တခြား မကူးစက် နိုင်သော ရောဂါများ ကိုလည်း ပိုမိုဆိုးရွား စေသည်။ ဆေးလိပ်မီးခိုး တွင် ဓာတုပစ္စည်း အမျိုးပေါင်း ၄ဝဝဝ ကျော် ပါဝင်လျက်ရှိသည့် အနက် ကျန်းမာရေးကို ထိခိုက်စေသော အမျိုးအစား ၂၅ဝ ကျော်နှင့် အထူးသဖြင့် ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဓာတုပစ္စည်း အမျိုးအစား ၅ဝ ကျော် ပါဝင်ကြောင်း ပညာရှင်များ လေ့လာတွေ့ရှိ ထားကြသည်။

သို့ဖြစ်၍ ဆေးလိပ်ကင်းစင် လူငယ်ဝန်းကျင် ကောင်းများ ရေရှည် တည်ရှိနေကြ စေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန တို့ ကမကထ ပြု၍ အမျိုးသား အဆင့်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် အဆင့်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် တို့တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

ပန်းခြံငှားရမ်းခများ ကာလပေါက်ဈေးနှင့် မညီညွတ်၍ ပြင်ဆင်သတ်မှတ်


ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်

ရန်ကုန် ၊ ၃၁-၅-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနသည် ပန်းခြံပေါင်း ၆၃ ခြံအား ကြီးကြပ် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး ၄င်းပန်းခြံ များအနက် ဝင်ငွေရလုပ်ငန်း အဖြစ် ပန်းခြံ ၁၂ ခြံအား ငှားရမ်းဆောင်ရွက် ထားသည်။ ငှားရမ်းခ များမှာ ခေတ်ကာလ ပေါက်ဈေးနှင့် ညီညွတ်မှု မရှိ၍ ငှားရမ်းခ ဈေးနှုန်းများ ပြင်ဆင် သတ်မှတ် ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သည် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်း သဘာဝဥယျာဉ် ကမ္ဘာကုမ္ပဏီ သို့ ၂ဝဝ၉ ခုနှစ် တွင် လည်းကောင်း၊ မြကျွန်းသာ အပန်းဖြေ ဥယျာဉ် အတွင်းရှိ ကုမ္ပဏီ ရှစ်ခုအား ၂ဝ၁ဝ ပြည့်နှစ်တွင် လည်းကောင်း၊ ကန်တော်ကြီး သဘာဝ ဥယျာဉ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီသို့ ကရဝိက်  ဥယျာဉ်မြေ နေရာအား ၂ဝ၁ဝ ပြည့်နှစ် တွင်လည်းကောင်း အသီးသီး ငှားရမ်းခဲ့သည်။ ၄င်းအပြင် သာကေတ မြို့နယ် ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား Media One Co.,Ltd. နှင့် မြောက်ဥက္ကလာပ မြို့နယ် ကန်သာယာ ပန်းခြံအား ဖူးပွင့်စံ ကုမ္ပဏီတို့ထံ သတ်မှတ် စာချုပ် စည်းမျဉ်း စည်းကမ်း များနှင့် ငှားရမ်း ထားသည်။

ငှားရမ်းမှု များအား စာချုပ်ပါ စည်းကမ်းအရ နှစ်စဉ်တိုးမြှင့် ကောက်ခံလျက် ရှိပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ပြည်သူ့ရင်ပြင် နှင့်ပြည်သူ့ ဥယျာဉ်အား ကျပ်သိန်း ၂၅ဝဝ၊ မြကျွန်းသာ အတွင်းမှ ကုမ္ပဏီ ရှစ်ခုအား မူလငှားရမ်းခ ၏ ၁ဝ ရာခိုင်နှုန်း တိုးမြှင့်၍ လည်းကောင်း၊ ကရဝိက် ဥယျာဉ် နယ်မြေအား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ ကျပ်သိန်း ၆ဝဝ တိုးမြှင့် ကောက်ခံ၍ လည်းကောင်း၊ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား နှစ်စဉ် မြေငှားရမ်းခ ၆၇ဝ၆၈ သိန်းဖြင့် လည်းကောင်း ကောက်ခံ ဆောင်ရွက်လျက် ရှိသည်။

ကန်သာယာ ပန်းခြံသည် တည်ဆောက်ဆဲ ကာလဖြစ်၍ မြေငှားရမ်းခ ပရီမီယံကြေး ကျပ် ၂၄၅ သိန်းရရှိခဲ့ပြီး တစ်နှစ် မြေငှားရမ်းခ ငွေကျပ် သိန်း ၃ဝဝ အား ၂ဝ၁၇ တွင် ပေးသွင်း စေမည်ဖြစ်ကာ ဦးဥတ္တမ ပန်းခြံတွင် ကော်မတီ ဝင်ငွေရ ဆိုင်ခန်း ခြောက်ခန်း ငှားရမ်းထား ရှိပြီး နှစ်စဉ် ၁ဝ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံလျက် ရှိသည်။

ကော်မတီ ဝင်ငွေရ ဆိုင်ခန်းငယ်များ အနေဖြင့် ပဒုမ္မာပန်းခြံတွင် ၅၂ ဆိုင်၊ ပိုစတာ ပန်းခြံတွင် ၂ဝ ဆိုင်၊ ဒဂုံပန်းခြံတွင် ၁ဝ ဆိုင်၊ ဆရာစံ ပန်းခြံတွင် ငါးဆိုင်၊ ဒဂုံတောင် ပန်းခြံတွင် နှစ်ဆိုင်၊ မြိုင်ဟေဝန် ပန်းခြံတွင် ငါးဆိုင်၊ အင်းစိန် ပန်းခြံတွင် ခုနစ်ဆိုင် စုစုပေါင်း ၁ဝ၁ ဆိုင်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ရည်ရွယ် ငှားရမ်းထား ရှိသော ဆိုင်ခန်းဖြစ်သည့် အတွက် ဝင်ငွေတိုးမြှင့်ခြင်း မရှိဘဲ ငှားရမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၆)

မြ၀တီနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၃၁-၅-၂၀၁၆)

Download Links


Monday, May 30, 2016

အိုဘားမား ၏ ခရီးစဉ်အပြီး အရှေ့အာရှ၌ ထွက်ပေါ်လာနိုင်သည့် လက်နက်အပြိုင် တပ်ဆင်မှု



Vietnamese female commissioned officers of the signal force march during a parade marking their 70th National Day at Ba Dinh square in Hanoi, Vietnam September 2, 2015. 

( သင်းအောင် )

ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသည့် လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးကို အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ဖယ်ရှားပစ် လိုက်ခြင်းသည် အရှေ့အာရှ ၌ လက်နက် အပြိုင်တပ်ဆင်မှု ကို မြင့်တက်လာ စေနိုင်သည့်အပြင် လုံခြုံရေး ဆိုင်ရာ တင်းမာမှုများ ပိုမိုဖြစ်ပေါ် လာစေ နိုင်ဖွယ်ရှိသည်။

ဗီယက်နမ် နိုင်ငံသို့ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက သွားရောက် ခဲ့သည့် အိုဘားမား ၏ ခရီးစဉ်သည် တာဝန် ထမ်းဆောင်ဆဲ အမေရိကန် သမ္မတ တစ်ဦး၏ ပထမ ဆုံးသော ခရီးစဉ်ဖြစ်သည့် အပြင် အမေရိကန် အစိုးရ၏ အာရှဗဟိုပြုရေး မူဝါဒကို ဖော်ဆောင်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စု က ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသည့် လက်နက် တင်ပို့မှု ပိတ်ပင်ရေးကို ဖြေလျှော့ပေး လိုက်ခြင်းသည် အာရှဒေသ ၌ အမေရိကန် အစိုးရ၏ အင်အား ချိန်ခွင်လျှာ ညီမျှရေး လုပ်ဆောင်ချက်၏ ရှုထောင့် တစ်ခုပင်ဖြစ်သည်။ အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု ဖယ်ရှားလိုက်ခြင်း အကျိုးဆက် အနေဖြင့် ဗီယက်နမ် အစိုးရသည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးကို တိုးမြှင့်နိုင်မည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက ဗီယက်နမ် အပေါ် ချမှတ်ထားသည့် လက်နက် ရောင်းဝယ်မှု ပိတ်ပင်ရေးကို ဖယ်ရှားပစ် လိုက်ခြင်းသည် အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် မည်သို့မျှ ဆက်နွှယ်မှု မရှိကြောင်းနှင့် အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက် ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အကြား အပျက်သဘော ဆောင်သည့် အကျိုး သက်ရောက်မှု မရှိစေ လိုကြောင်း အိုဘားမား က ပြောကြား ခဲ့သည်။

သို့ရာတွင် အမေရိကန် အစိုးရ၏ လုပ်ဆောင်မှု နောက်ကွယ်တွင် အလျှော့ပေးမှု များရှိနေသည်။ အိုဘားမား သည် ၄င်း၏ သုံးရက်ကြာ ဗီယက်နမ် ခရီးစဉ်တွင် ယင်းနိုင်ငံသို့ လေယာဉ်အစင်း ၁ဝဝ ရောင်းချရန် ကမ်းလှမ်းရာ ရောင်းဝယ်ရေး နှင့်စပ်လျဉ်း၍ သဘော တူညီချက် တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့သည်။ အဆိုပါ လေယာဉ်များမှာ Boeing ကုမ္ပဏီထုတ် လေယာဉ်များ ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံ ရှိသည်။ အိုဘားမား၏ ခရီးစဉ်နှင့် စပ်လျဉ်း၍ အနောက်အုပ်စု နိုင်ငံ မီဒီယာများက အကျယ်တဝင့် ရေးသား ဖော်ပြခဲ့ကြပြီး ယင်းခရီးစဉ်၏ အဓိက ရည်မှန်းချက်မှာ အမေရိကန် အစိုးရက တောင်တရုတ် ပင်လယ်အတွင်း ရှိ ရေပိုင်နက် အငြင်းပွား မှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေစဉ် ကြီးထွားလာသည့် တရုတ်နိုင်ငံ၏ အင်အားကို တန်ပြန်ရန် ဗီယက်နမ် အစိုးရကို ကျားကန် ပေးလိုက်ခြင်း ပင်ဖြစ်သည် ဟု တချို့က ယူဆနေကြသည်။ အမေရိကန် ပြည်ထောင်စုသည် ဗီယက်နမ်နှင့် သံတမန် ဆက်ဆံရေး ကို ၁၉၉၅ ခုနှစ်တွင် တရားဝင် ပြန်လည် ထူထောင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ နိုင်ငံ ပါဝင်သော ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး ပူးပေါင်းမှု အဖွဲ့ (TPP) သို့ ဗီယက်နမ် နိုင်ငံအား ဝင်ရောက်နိုင်ရေး အတွက်လည်း အလျှော့ပေးမှု များကို လုပ်ဆောင်ခဲ့သည်။ ယင်း လုပ်ဆောင်ချက်မှာ အမေရိကန် အစိုးရ၏ အာရှဗဟိုပြု ရေး မဟာဗျူဟာ အတွက် ပြင်ဆင်ခြင်း တစ်ရပ် ဖြစ်သည်ဟု ၀ုဒရိုးဝီလ်ဆင် စင်တာ မှ အဆင့်မြင့် အာရှရေးရာ ကျွမ်းကျင်သူ ရှီဟိုကိုဂိုတို က ပြောကြား ခဲ့သည်။

ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသည့် လက်နက် ရောင်းဝယ်ရေး ပိတ်ဆို့မှုကို အမေရိကန် အစိုးရက ဖယ်ရှား လိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုမှ ကနဦး သတိပေးရေး စနစ်များ၊ ရေဒါစနစ်များ အပြင် တောင်တရုတ် ပင်လယ် ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေး အင်အားကို တိုးမြှင့်ပေး နိုင်မည့် လက်နက်များကို ဝယ်ယူရန်စဉ်းစားသုံးသပ် နေသည့် အနေအထားတွင် ရှိနေပြီး ယင်းနိုင်ငံကို လက်နက် ထောက်ပံ့ရေး အရင်းအမြစ် နိုင်ငံတစ်နိုင်ငံ အဖြစ် အသုံးပြုရန် အလားအလာများ ထွက်ပေါ်လျက် ရှိသည်။

သို့ရာတွင် အိုဘားမား ၏ ခရီးစဉ်သည် ဗီယက်နမ်စစ်ပွဲ ကာလအတွင်း အမေရိကန် တပ်များ၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူများ အပေါ် အမေရိကန် ပြည်ထောင်စု က ပြန်လည်ကုစား ပေးခြင်းသာ ဖြစ်သည်ဟု လေ့လာသူ တချို့က ဆိုသည်။ ဗီယက်နမ်စစ်ပွဲ အတွင်း အရပ်သား ခုနစ်သိန်းနီးပါး အပါအဝင် လူပေါင်း ၁ ဒသမ ၃၅ သန်းခန့် သေဆုံးခဲ့ရသည်။ မည်သို့ပင် ဆိုစေကာမူ ဗီယက်နမ်အပေါ် လက်နက် ရောင်းဝယ်မှု ပိတ်ပင် ထားခြင်းအား ဖြေလျှော့ ပေးလိုက်ခြင်းသည် အမေရိကန် အစိုးရအတွက် ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ကိန်းဆိုက်သည့် အခြေအနေပင် ဖြစ်သည်။

ပထမအချက် အနေဖြင့် ပြိုင်ဘက် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အင်အားကြီးထွား လာခြင်းနှင့် ရေပိုင်နက် အငြင်းပွားနေသည့် ကျွန်းများ၌ တရုတ် အစိုးရက ကျွန်းတုများ တည်ဆောက်၍ စစ်ဘက်တွင် အသုံးချမည့် အစီအစဉ်ကို ယခင်က ထက် ဟန့်တား လာနိုင်ဖွယ် ရှိသည်။ ဒုတိယ အချက် အနေဖြင့် ရန်သူဟောင်း ဗီယက်နမ် နိုင်ငံသို့ လက်နက်များ ရောင်းချခြင်းဖြင့် လက်နက် ဈေးကွက်သစ် တစ်ခုကို အရေးပါသည့် အာရှ-ပစိဖိတ် ဒေသ၌ တည်ဆောက် နိုင်မည် ဖြစ်သည်။ ထို့ပြင် အမေရိကန် အစိုးရ အတွက် ပို၍ အရေးပါသည့် အချက်တစ်ချက် ရှိနေသေးသည်။ ယင်းအချက်မှာ တခြား မဟုတ်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံ ရေးကို ထိန်းသိမ်းထား နိုင်မည်ဆိုပါက လိုအပ်သည့် အချိန်တွင် ယင်းနိုင်ငံ အတွင်းရှိ ဆိပ်ကမ်းတချို့ကို စစ်ဆင်ရေးများ လုပ်ဆောင်ရာ၌ အသုံးပြုမည့် အခွင့်အရေးကို ရရှိလာမည် ဖြစ်သည်။ တခြား တစ်ဖက်၌ ပြန်ကြည့်မည် ဆိုပါက တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွား ရေပိုင်နက် အတွင်း တရုတ်နိုင်ငံက လုပ်ဆောင် နေသည့် နယ်မြေချဲ့ထွင်ရေး လုပ်ဆောင်ချက်များ နှင့်စပ်လျဉ်း၍  ဗီယက်နမ် အစိုးရအဖွဲ့မှ အရာရှိ အများအပြားက သင်္ကာမကင်း ဖြစ်နေပြီး တရုတ်အစိုးရ၏ ရည်ရွယ်ချက် အပေါ် စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။ ထို့ကြောင့် ၄င်းတို့အနက်မှ အများအပြားမှာ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်လာစေရန ဆန္ဒရှိ နေကြသည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ် အတွင်းရှိ ရေနံ၊ သဘာဝဓာတ်ငွေ့ နှင့် ငါးဖမ်းလုပ်ကွက် အမြောက်အမြား ရှိသည့် ရေပိုင်နက် အများစုကို ၄င်းတို့ပိုင် အဖြစ် ကြေညာထားပြီး ယင်း ရေပိုင်နက် တချို့၌ ကျွန်းတုများ တည်ဆောက်၍ အခြေခံ အဆောက်အအုံ များကို အမေရိကန် အပါအဝင် နိုင်ငံအများအပြား က ဝေဖန်နေသည့် ကြားမှ ဆက်လက် ဆောက်လုပ် နေခြင်းကြောင့် ၄င်းနိုင်ငံနှင့် ရေပိုင်နက် အငြင်းပွား နေသည့်နိုင်ငံများ အကြား ဆက်ဆံရေးမှာ တင်းမာလျက် ရှိသည်။

အချုပ်အားဖြင့် ဆိုရပါမူ အမေရိကန် အစိုးရက ဗီယက်နမ်နိုင်ငံ အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုကို ဖယ်ရှား လိုက်ခြင်းကြောင့် ဗီယက်နမ် အစိုးရသည် ၄င်း၏ လက်နက်ကိုင် တပ်များအား အဆင့်မြှင့်တင် နိုင်ရေးအတွက် ပိုမိုလုပ်ဆောင် နိုင်မည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက် လာစေရန် ထပ်မံ လုပ်ဆောင်မည် ဖြစ်သောကြောင့် အရှေ့အာရှ၌ လက်နက် အပြိုင် တပ်ဆင်မှုတစ်ရပ် ပေါ်ထွက်လာမည့် အခြေအနေ တွင် ရှိနေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

စာနာတတ်သော နှလုံးသားနှင့် သည်းခံမှုတရား


( မဒါလေး )

ယခုရက်ပိုင်း စာရေးသူမှာ အပြင်သွား ရသည်က များနေပြီး မိတ်ဆွေ သူငယ်ချင်း၊ ဆရာသမားဟောင်း များနှင့်လည်း တွေ့ဖြစ်သည်။ စာရေးသူ၏ အသက်မွေး ဝမ်းကျောင်း အလုပ်သည် စာသင်ခြင်း ဖြစ်သဖြင့် အပြင်ထွက် ရချိန်က အလွန်နည်းသည်။ ထွက်ဖြစ်သည် ဆိုလျှင် စာရေးသူ သွားချင်သည့် နေရာ၊ စားချင်သည့် အစားအစာ၊ ဝယ်ချင်သည့် စာအုပ်ဆိုင်၊ တွေ့ချင်သည့် ဆရာသမား များနှင့် မိတ်ဆွေများ အားလုံးကို အချိန်ဇယား ချကာ မိုးလင်းမှ မိုးချုပ် သွားတတ်သည်။ ထိုသို့သော နေ့မျိုးတွင် အပြင်မှ ပြန်လာသော စာရေးသူကို အမေက ''နင့်ကို အိမ်စောင့်နတ် လက်မခံတော့ဘူး ပြန်ထွက်'' ဟု အမြဲပြော တတ်သည်။ တကယ်တော့ စာရေးသည့် အလုပ်ကလည်း လူအများနှင့် ထိတွေ့မှသာ ပိုမို ထက်မြက်သော ကလောင်ကို ရရှိနိုင်မည် ဖြစ်သောကြောင့် အိမ်ပြင်ထွက် လေ့လာဆည်းပူး နေရခြင်း ဖြစ်သည်။

တစ်နေ့ အပြင်သွားရင်း စာရေးသူ ကိုးတန်၊ ဆယ်တန်း က စာသင်ပေးခဲ့သော ဆရာကြီး တစ်ဦးနှင့် အမှတ်မထင် ဆုံမိသည်။ ဝမ်းပန်းတသာ ဆရာကြီးကို နှုတ်ဆက်ကာ ကော်ဖီဆိုင် တစ်ဆိုင်သို့ ဂါရဝပြုရန် ဖိတ်လိုက်သည်။ 

ဆရာကြီးသည် ကိုးတန်း ၊ ဆယ်တန်း ကကဲ့သို့ ယခုအချိန်ထိ သွန်သင်ဆုံးမ ပေးနေသည်။ တစ်ခါတစ်ရံ ကိုယ်တိုင် မသိမြင်နိုင်သော၊ မတွေ့ကြုံခဲ့သော အကြောင်းအရာ များကို ဆရာကြီးထံတွင် မေးကာ ပညာယူရသည်။ ကိုယ်တွေ့ များနှင့် ရှင်းပြတတ် သကဲ့သို့ စာအုပ်စာပေ မှတ်တမ်းများ ဖြင့်လည်း ရှင်းပြ ပေးတတ်သေးသည်။ စာရေးသူ အပေါ်လည်း လမ်းညွှန်မှု များစွာ ပေးခဲ့သူ ဖြစ်သည်။ ဆရာကြီးနှင့် စကားပြောရင်း အကြောင်းအရာ တစ်ခု နှင့် ဆက်စပ်ကာ လူတို့၏ စိတ်ဓာတ် အကြောင်း ရောက်သွားသည်။ ''လူတစ်ဦး၏ စိတ်ဓာတ် အရည်အချင်းမှာ ထိုလူ ပြုမူလိုက်သော လုပ်ရပ်ပေါ်တွင် မူတည်သည်'' ဟု ဆရာကြီးက ပြောပြသည်။

လူတစ်ဦးတွင် အရည်အချင်း များစွာ ရှိနိုင်သည်။ ပညာ အရည်အချင်း၊ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ အလုပ်အကိုင် တိုးတက် အောင်မြင်မှု၊ လူအများအပေါ် လွှမ်းမိုးနိုင်မှု၊ လူအများ၏ အကြည် ညိုခံရမှု စသည်ဖြင့် အရည်အချင်း များစွာရှိသည်။ ထိုအရည် အချင်း များစွာထက် အရေးကြီးသည်မှာ စိတ်ဓာတ် အရည်အချင်း ဖြစ်သည်ဟု ဆရာကြီး က ပြောသွားသည်။ စိတ်ဓာတ် အရည်အချင်း သည် အသက်အရွယ် ပေါ်လိုက်ကာ အတက်အကျ မြန်စွာ ဖြစ်ပျက် တတ်သည်။ ထိုအရည်အချင်းကို ကောင်းစွာ တည်ဆောက် နိုင်ပါမှ တကယ့် အောင်မြင်သောသူ ဖြစ်မည်ဟု ထပ်မံပြောကြား သွားသည်။

စာရေးသူ အနေဖြင့်လည်း ထိုအချက်ကို အပြည့်အဝ ထောက်ခံမိသည်။ ဆရာကြီး ပြောသကဲ့သို့ပင် အခြားသော အရည်အချင်း များသည် လုပ်ယူလျှင် ရသည်။ ကြိုးစားလျှင် ဖြစ်နိုင်သည်။ စိတ်ဓာတ် အရည်အချင်း ပြည့်ဝရန် ကြိုးစားတိုင်း မဖြစ်နိုင်၊ လုပ်ယူလျှင် ပိုပြီး မဖြစ်နိုင်ပေ။ အမှန်တကယ် စိတ်ဓာတ် အရည်အချင်း ပြည့်ဝသူ များသည် ပင်ကိုယ်ဗီဇ ကပင် သည်းခံနိုင်မှု စွမ်းအား ကောင်းကြသူများ ဖြစ်သည်။ ပင်ကိုယ် ဗီဇကြောင့် မဟုတ်လျှင် ကောင်းသော ပတ်ဝန်းကျင် တစ်ခုမှ ကောင်းသော အရာများကို အတုယူ လေ့လာမိသူ တစ်ဦး ဖြစ်နိုင်သည်။

မည်သူမည်သို့ပင် ပြောပြော မိမိ၏ ပင်ကိုယ် အခံစိတ်အတိုင်း သည်းခံစိတ်ဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်ခြင်း ကို ဆိုလိုသည်။ ထိုသို့နေထိုင် ရာတွင်လည်း သည်းခံစိတ်များ သူများသည် လူတစ်ဖက်သား အပေါ်တွင် ကိုယ်ချင်းစာ တရား လက်ကိုင်ထားကာ ပြုမူဆက်ဆံ တတ်ကြသည် က များသည်။ ''ကိုယ်သာ သူတို့လို ဖြစ်လျှင်ဟု စဉ်းစားလျှင် အရာရာတိုင်း အဆင်ပြေသည်'' ဟု ဆရာကြီးပြောသော စကားကို နားထဲကြား ယောင် မိသည်။ 

လူတစ်ဦးကို အပြစ်တင် နေမည့်အစား ကိုယ်တိုင် ထိုနေရာတွင် ခံစားကြည့်ပါ။ ကိုယ်တိုင် လုပ်နိုင်ပါ့မလား သုံးသပ် ကြည့်ပါ။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲ လုပ်ရသော အလုပ်ထက် လွယ်လွယ် လုပ်ရသော အလုပ်က ပိုခက်ခဲ နေတတ်သည်။ သို့အတွက် ကိုယ်ချင်းစာ တရားထားကာ လူတစ်ဖက်သား ကို နားလည်ပေး နိုင်သော သူ၏ စိတ်ဓာတ် အရည်အချင်း သည် လေးစားစရာ ကောင်းသည်။

တစ်ခါတုန်းက စာရေးသူ ကြုံဖူးသည့် အဖြစ်အပျက် တစ်ခုကို သာဓကပြ ပြောပြလိုသည်။ စာရေးသူတို့ ရပ်ကွက်မှာ လူတန်းစား စုံသော ရပ်ကွက်ဟု ပြောလျှင်ရသည်။ သူဌေးသူကြွယ်၊ ပညာတတ်မှ အစ အောက်ဆုံးအဆင့် အလုပ်သမားထိ ရှိသည်။ တစ်ရက် ကုန်စုံဆိုင် ပိုင်ရှင်၏သမီး မိန်းကလေးကို အိမ်ငှားနေ ရသည့် စက်ရုံ အလုပ်သမား ကောင်လေး တစ်ဦးက ကြိုက်သည်။ ကုန်စုံဆိုင် ပိုင်ရှင် သိသွားသော အခါ ထိုကောင်လေးကို နားဝင်မဆံ့သော စကားလုံးများဖြင့် ပြောဆိုသည်။ မတူမတန် သည်မှအစ သည်လို အဆင့်အတန်းနှင့် သူတို့သမီးကို မှန်းရသလား အဆုံး လူတစ်ဦး၏ နှလုံးကို ညှိုးနွမ်း စေနိုင်သော စကားလုံး များဖြင့် ကောင်လေး၏ တစ်မိသားစု လုံးကို ရစရာ မရှိအောင် ပြောသည်။ သာမန် လူတစ်ဦး ဆိုလျှင် ထိုကုန်စုံဆိုင် ပိုင်ရှင် ထိုနေရာတွင် အသက်ပျောက် သွားနိုင် သော်လည်း ကောင်လေး၏ မိဘများရော မောင်နှမ များနှင့် ကောင်လေး ကိုယ်တိုင် မည်သို့မျှ မတုံ့ပြန့်ခဲ့ဘဲ သည်းခံ နေကြသည်။ နောက်ဆုံးတွင် ကောင်လေးဖခင် ကိုယ်တိုင်က သားဖြစ်သူကို ဆုံးမပါ့မည် ဟုဆိုကာ တောင်းပန်မှ တစ်ဖက်မှာ ကျေနပ်သွား သည်။ တကယ်တမ်း ဆိုလျှင် လူငယ်ချင်း ချစ်ကြိုက်သည့် အဆင့်ပင် မရောက်သေး သူတို့ဘက်က ပြန်ပြော လျှင်လည်း ပြောစရာများ အများကြီး ရှိသည်။ သို့သော် ဘာမျှ ပြန်မပြော သည့်အပြင် တောင်းပန် လိုက်သော သည်းခံမှု စွမ်းအား ကြီးသည့် ထိုမိသားစုကို စာရေးသူ အံ့သြမိသည်။ ငွေကြေး မပြည့်စုံသူများ ဖြစ်၍ ဘာမျှ ပြန်မပြောသည် ဟု ထင်မိသည်။ နောက်မှ မိခင်ဖြစ်သူက ''ကျွန်မသားလဲ ကျွန်မတို့ အိမ်မှာတော့ မင်းသားပါပဲ ဆရာမရယ်။ မိဘချင်း စာနာလို့ ဘာမျှ ပြန်မပြောလိုက် တာပါ။ ကိုယ်က သည်းခံလိုက်တော့ သူတို့လဲ စိတ်အေးလက်အေး ဖြစ်သွားတာပေါ့'' ဟု ပြောရှာသည်။ ငွေကြေးအရ မပြည့်စုံပေမယ့် စိတ်ဓာတ် အရည်အချင်း ပြည့်စုံသော ထို မိသားစုကို စာရေးသူ ချီးကျူးမိသည်။

ထိုကောင်လေး၏ ဖခင်သည် အခြား အလုပ်အကိုင် ၀င်ငွေမရှိ သော်လည်း ရပ်ကွက်ထဲတွင် အားကိုးယုံကြည်သူ များသည်။ မိုးရွာ၍ ရပ်ကွက်မြောင်းများ ပြည့်လျှင် အများသူငါ ဟိုလူ့အပြစ်တင်၊ သည်လူ့ အလိုမကျ ဖြစ်နေချိန် ထိုဦးလေးသည် တူရွင်း၊ ပေါက်ပြားများ ကိုင်လျက် ပိတ်နေသော မြောင်းများကို လိုက်ဆယ်၊ လိုက်တူးကာ ရေစီးရေလာ ကောင်းအောင် လိုက်လုပ်သည်။ မည်သူ့အိမ်၊ မည်ဝါအိမ် မခွဲခြား တစ်ရပ်ကွက်လုံး သူနိုင်သလောက် လိုက်လံ လုပ်ဆောင် ပေးသည်။ တစ်ခါတစ်ရံ စာရေးသူတို့က ငွေကြေး အနည်းငယ်ကို လုပ်အားခ အဖြစ် ပေးသည်ကိုပင် မယူပေ။ ထိုသို့ ပေးတိုင်းလည်း ''ဦးလေးက လုပ်အားခ ရချင်လို့ မဟုတ်ပါဘူးကွယ်။ ကိုယ့် ရပ်ကွက်လေး သန့်ရှင်း သပ်ရပ် စေချင်လို့ပါ'' ဟု ပြောတတ်သည်။ 

စာရေးသူတို့ တိုက်သည့် အအေးနှင့်ရေကို တစ်ခါတစ်ရံ သောက်တတ်သည်။ အအေးတိုက်ရင်း သူနှင့် စကားစမြည် ပြောကြည့်မှ သူ၏ စိတ်ဓာတ်အခံ ကို ပိုမို သိမြင်လာသည်။ စာရေးသူတို့ နေ့စဉ်တွေ့မြင်နေကျ ရပ်ကွက်သူ၊ ရပ်ကွက်သား များသည် ဟိုဟာ လုပ်ပေးပါ။ သည်ဟာ ပြင်ပေးပါ။ သည်လိုလုပ်သည် က မကောင်းပါ။ ဟိုလိုပြောင်းပါ စသည်ဖြင့် ပြောဆို နေကြသူ များကို မြင်ယောင်မိသည်။ ထိုသို့ပြောဆို နေကြ သူများ၏ စိတ်ဓာတ် အရည်အချင်း များသည် ထိုဦးလေး စိတ်ဓာတ်၏ တစ်ဝက်လောက် သာရှိလျှင် စာရေးသူတို့ နိုင်ငံကြီးလည်း မည်မျှ တိုးတက် နေမည်နည်းဟု အတွေး ရောက်မိသည်။ ယခုဖြင့် ဘေးထိုင် အပြစ်ပြောရုံ သာမက မိမိအိမ်ရှေ့ ရေဝပ်သည် ကိုပင် အပြစ်တင်ကာ ထိုင်ကြည့် နေကြသော လူအချို့၏ စိတ်ဓာတ် အရည်အချင်း ကိုစာရေးသူ မှတ်တမ်းတင် မိသည်။ စာရေးသူ ကိုယ်တိုင်လည်း စိတ်ဓာတ် အရည်အချင်း ပြည့်ဝစေရန် စာနာတတ်သော နှလုံးသားနှင့် သည်းခံမှု တရား လက်ကိုင် ထားကာ မျှမျှတတ စဉ်းစား တတ်သော အကျင့်ကို ယနေ့မှစ၍ ကြိုးစား တည်ဆောက် နေပါကြောင်း စာနာတတ်သော နှလုံးသားနှင့် တင်ပြလိုက်ရ ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

ကလောမြို့နယ်ရှိ မြင်းမထိတောင် နှင့် ဥဏ္ဏလုံထီးတော်သုံးဆင့် ဘုရားသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်



ကလော ၊ ၃၀-၅-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် ရှိ မြင်းမထိတောင်၊ မြင်းမထိ လိုဏ်ဂူတော် နှင့် ဂူအတွင်းရှိ ဥဏ္ဏလုံ ထီးတော်သုံးဆင့် သမိုင်းဝင် မွေတော်ဘုရား ထံသို့ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာ ဖူးမြော်မှုမှာ ယခင်နှစ် ကထက် ငါးဆခန့် ပိုမို များပြားသည် ဟု ဘုရား ဂေါပက အဖွဲ့ထံမှ သိရသည်။

အဆိုပါ တောင်နှင့် ဘုရားမှာ ကလောမြို့နယ် ကလောနှင့် အောင်ပန်းကြား ကလောမြို့မှ လေးမိုင်အကွာ အောင်ပန်းမှ နှစ်မိုင် အကွာအဝေး၊ ပင်လောင်း- ဖယ်ခုံ- လွိုင်ကော်သို့ သွားသည့် ကားလမ်း အတိုင်း ပင်လောင်းသို့ အသွား လေးမိုင်ခန့် အကွာအဝေး မြင်းမထိရွာ အရှေ့တောင် ဘက်ကပ်လျက် နှစ်ဖာလုံ အကွာ၌ တည်ရှိသည်။

မြင်းမထိဂူ ဘုရားအစ သီရိဓမ္မာ သောကမင်း က ဟူသည့် အဆိုအရ သီရိဓမ္မာ သောကမင်း သက္ကရာဇ် ၂၁၈ ခုနှစ် မဇ္ဈိမဒေသ၊ ပါဋလိပုတ်ပြည် မှ တည်ထား ကိုးကွယ်ခဲ့သည့် ဥဏ္ဏလုံ မွေတော်ဘုရား တစ်ဆူ ဖြစ်ကြောင်း ၊ မြန်မာ သက္ကရာဇ် ၁၂၆၇ ခုနှစ်၌ ရေးသား မှတ်တမ်းတင် ခဲ့သည့် ရှစ်ကြောင်းရေး ခြောက်ရွက်ပါ ပေစာတစ်ခု တွင် ရေးသားဖော်ပြ ထားသည်။

မူလ ဘုရားရှင်၏ မျက်မှောင်တော် ၌ ပေါက်ရောက် သော ဥဏ္ဏလုံ မွေတော်ဓာတ် ကို ဌာပနာ ထည့်သွင်းပူဇော် ခဲ့သဖြင့် ဥဏ္ဏလုံ မွေရှင်တော် ဘုရား ဟု လည်းကောင်း၊ သီရိဓမ္မာ သောကမင်းကြီး နောက် ပုဂံပြည့်ရှင် အနော်ရထာ နှင့် ပုဂံမင်းဆက် အလောင်းစည်သူ မင်းကြီးတို့က ၄င်းတို့ လက်ထက်တွင် ပြန်လည် မွမ်းမံ၍ ထီးတော် များကို လည်းကောင်း ဆက်ကပ် လှူဒါန်း ခဲ့သဖြင့် ထီးတော် သုံးဆင့် ဘုရားဟု အထူးကျော်ကြား နေခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ တောင်တက် သမားများ အထူး စိတ်ဝင်စား စွာဖြင့် တက်ရောက်လေ့ ရှိပြီး ကလောမြို့ ပင်လယ် ရေမျက်နှာပြင် ၄၃၁၅ ပေထက် ၁ဝ၇၅ ပေ ပိုမိုမြင့်မား သည့် ရာဇဝင် လာ ကျန်စစ်သား မင်းကြီး၏ မြင်းမထိ တောင်ကြီး သည်လည်း ဒေသဂုဏ်ကို ဖော်ကျူးလျက် ရှိသည်။

လိုဏ်ဂူ၏ အရှည်မှာ ဂူဝမှ ဂူအဆုံးထိ အရှည် ၁ဝ၂၈ ပေရှိကာ ရှေးနှစ်ပေါင်း ၂၃ဝဝ ကျော် သီရိဓမ္မာ သောကမင်း တည်ထား ကိုးကွယ် ခဲ့သည့် ရှေးဟောင်း ရုပ်ပွားတော် ၂၈ ဆူနှင့် စေတီများ အပြင် စုလစ်မွန်းချွန်း ပါ အေဒီ ၁ ရာစုမှ ၁၇ ရာစုကြားရှိ ရုပ်ပွားတော်များ၊ ပုဂံညောင်ဦး ရှေးဟောင်း သုတေသန ဌာန၏ အတည်ပြုချက် အရ မြင်းမထိဂူ ဘုရားနှင့် ရှေးဟောင်း စေတီများမှာ နှစ်ပေါင်း ၉ဝဝ ကျော်က အနော်ရထာ မင်း၏ ကောင်းမှုတော် များ ဖြစ်ကြောင်း သိရသည်။

ဂူအတွင်းရှိ ဓာတ်တော်ရှင် လာဘမုနိ ဘုရား၊ နတ်သမီး ကျောက်ပျဉ်၊ နတ်သားရေတွင်း၊ နတ်သမီး ရေစင်၊ ကျောက်ဗောဓိ၊ေ ကျာက်ဆင်၊ ဂူအောင်း ရသေ့ပလ္လင်၊ ရွှေဟင်္သာ၊ ဆင်ချည်တိုင်၊ ကျောက်ခရုသင်း၊ ကျောက်ကလပ်၊ အောင်မြေ၊ နဂါးရုံဘုရား၊ ရသေ့ဖိုလ်ဝင်ဂူ နှင့် ကျောက်ဖား အစရှိသည် တို့နှင့် အေဒီ ၁ ရာစု မှ သမိုင်းဝင် ရုပ်ပွားတော် များက ခရီးသွား များကို ဆွဲဆောင်လျက် ရှိပြီး နှစ်စဉ် တန်ခူးလဆန်း ၈ ရက်နှင့် သီတင်းကျွတ် လပြည့်ကျော် ၈ ရက်တွင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြောင်း သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

ဗိုလ်မှူးကြီး ဗထူး နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပမည်



အောင်ပန်း ၊ ၃၀-၅-၂၀၁၆

ဗိုလ်မှူးကြီး ဗထူး နှစ် ၁ဝဝ ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ ကို ဗိုလ်မှူးကြီး ဗထူး ကျဆုံးခဲ့ရာ ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့မှ ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့သို့ သွားရာလမ်း၊ မိုင်တိုင် ၇၉ နှင့် ၈ဝ ကြား၊ လမ်းအနောက်ဘက် ၁၂ မိုင်အကွာရှိ ဗိုလ်မှူးကြီး ဗထူး ၏ အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ တဲလု (တယ်လူး) ကျေးရွာတွင် ဇူလိုင် ၁ဝ ရက်နှင့် ၁၁ ရက်တို့၌ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး ဗထူး သည် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် လေသွန်းခံရွာ ဇာတိဖြစ်ပြီး ဘီအိုင်အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော်က ဂျပန်တပ်များနှင့် အတူ နိုင်ငံအတွင်းသို့ တနင်္သာရီတိုင်း ဒေသကြီးမှ တစ်ဆင့် ဝင်ရောက်လာသည့် အချိန်မှစ၍  မျိုးချစ် စိတ်ဓာတ်ဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့ရာ သာမန် တပ်ကြပ် ကလေးအဆင့်မှ လုပ်ရည် ကိုင်ရည်ကြောင့် ဗိုလ်မှူး ရာထူးထိ အဆင့်ဆင့် တိုးမြှင့်ပေးခြင်း ခံရသည်။

အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ပြီး မကြာမီ ဇာတိရုပ် ပေါ်လာသည့် ဖက်ဆစ်ဂျပန် တို့ကို တိုက်ခိုက် မောင်းထုတ်ရန် အချိန်တန်သည့် ၁၉၄၅ ခုနှစ် မတ် ၈ ရက်တွင် ဗိုလ်မှူး ဗထူး က ဂျပန်တို့ကို စတင်တော်လှန် ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူး ဗထူး ကို မဟာမိတ် တပ်များ မရောက်လာမီ ဂျပန်တပ်များကို ထူးချွန်စွာ တိုက်ထုတ် နိုင်မှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း တိုင်းမှူး ဗိုလ်မှူးကြီး အဆင့်သို့ ရာထူးနှစ်ဆင့် တိုးပေး ခဲ့သည်။ ထိုသို့ ဖက်ဆစ်ဂျပန် တို့ကို လိုက်လံ တိုက်ခိုက်စဉ် နဂိုရှိနေသော ငှက်ဖျား ရောဂါဖြင့် ၁၉၄၅ ခုနှစ်ဇွန် ၂ရက် ည ၈ နာရီ မိနစ် ၂ဝ တွင် ရွာငံမြို့နယ် တယ်လူးစခန်း (တဲလု) ကျေးရွာ၌ ကွယ်လွန်ခဲ့ရာ အဆိုပါ ရွာ၌ပင် ဗိုလ်မှူးကြီး၏ အထိမ်းအမှတ် ကျောက်တိုင် ကို စိုက်ထူခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ ကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာပြည့်ပွဲ ကျင်းပရေး အတွက် ဗိုလ်မှူးကြီး ဗထူး အား ချစ်ခင်လေးစား ကြသော ရဟန်းရှင် လူပုဂ္ဂိုလ် မည်သူမဆို သဒ္ဓါတတ်အား သရွေ့ အလှူငွေများ ထည့်ဝင်နိုင်ရန် ပင်းတယမြို့ ဆေးရုံအုပ်ကြီး  ဒေါက်တာ သန်းမင်းထွဋ် ဖုန်း ဝ၉- ၇၈၈၂ ဝ၂၆ဝ၂၊ ဝ၉- ၄၉၂၅ ဝ၈၈၇၊ ဦးကျော်စွာထွန်း (မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန) ရွာငံမြို့၊ ဖုန်း ဝ၉- ၂ဝ၃၂၈၂၉၊ ကမ္ဘောဇဘဏ် (အောင်ပန်း) ဝ၃၅ ဝ၂ဝဝ ဝ၆၃၊ ဦးကိုကိုကြီး ဖုန်း ၀၉- ၂၅၄၃၀ ၆၆၀၅ တို့သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ များထံမှ သိရသည်။ (၁၇၅)

ရတနာပုံနေ့စဉ် ၊ စာ(၁၉)

မြန်မာ့ရိုးရာမြေထည်လုပ်ငန်း ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်လေ့လာလျက်ရှိ



ရေစကြို ၊ ၃၀-၅-၂၀၁၆

ရေစကြိုမြို့နယ် သက်ရွာကျေးရွာ မှ မြန်မာ့ရိုးရာ မြေထည် လုပ်ငန်းများကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက် လေ့လာလျက် ရှိကြောင်း သိရသည်။

ရေစကြို-ပခုက္ကူ ကားလမ်းဘေးရှိ အဆိုပါ ကျေးရွာသည် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လွယ်လင့်တကူ ဝင်ရောက် လေ့လာနိုင်သော နေရာဖြစ်သော ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ မကြာခဏ လာရောက်ကြည့်ရှု လေ့လာကြောင်း ဒေသခံများက ပြောပြ၍ သိရသည်။

ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသား ကိုးဦးတို့သည် မေ ၂၈ ရက် နံနက်တွင် Myanmar Tourex ခရီးသွားလုပ်ငန်း အစီအစဉ်ဖြင့် မုံရွာမြို့မှ ပုဂံမြို့သို့ အသွား ရေစကြိုမြို့နယ် သက်ရွာကျေးရွာ မြန်မာ့ရိုးရာ မြေထည်လက်မှု ပညာ အိုးလုပ်ငန်းခွင် သို့ ရောက်ရှိလာပြီး အုပ်လုပ်ရန် ခြေနင်း မောင်းဆုံဖြင့် မြေထောင်းနေပုံ၊ အိုးလုပ်နေပုံ များကို စိတ်ဝင်တစား လေ့လာ ကြသည်။ ထို့ပြင် အသက် ၈၆ နှစ်ရှိ အဘွားဒေါ်ချစ်အုံ နှင့် အမှတ်တရ ဓာတ်ပုံများရိုက်ပြီး သိလိုသည် များကိုလည်း မေးမြန်းကာ လက်ဆောင် ပစ္စည်းများ ကိုလည်း ပေးကြသည်။

ရေစကြိုမြို့နယ် အတွင်းမှ သက်ရွာကျေးရွာ သည် တစ်ရွာလုံး နီးပါး မြန်မာ့ရိုးရာ မြေထည် လက်မှုပညာ အိုးလုပ်ငန်းကို လုပ်ကိုင်ကြသော ကျေးရွာတစ်ရွာ ဖြစ်သည်။

သက်ရွာကျေးရွာ သည် သောက်ရေအိုး အမျိုးမျိုး၊ ပန်းအိုး အမျိုးမျိုး၊ ဟင်းချက်အိုး အမျိုးမျိုး ၊ အင်တုံ အမျိုးမျိုးနှင့် မြူအိုးများကို ပြုလုပ်ကြပြီး လွန်ခဲ့သော နှစ်တစ်ရာကျော် ကတည်းက မြန်မာ့ရိုးရာ မြေထည်လက်မှု လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (၁၄၈)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

ငါးမျက်စိအကြောင်း သိကောင်းစရာ


ငါးမျက်စိအကြောင်း သိကောင်းစရာ

ဒေါက်တာ အေးမင်းထူး

ငါးမျက်စိ အကြောင်း နည်းနည်း ရေးပါရစေ။ ငါးမျက်စိ ဆိုတာ Molluscum Contagiosum ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်စေတယ်။ ပုံစံက အရည်အိတ် ဆန်ဆန် သေးငယ် ဖုဖောင်းနေပြီး ငါးမျက်စိနဲ့ တူလို့ ငါးမျက်စိ ခေါ်ကြတာပါ။ အများစုဟာ အပေါ်ယံ အရေပြားမှာသာ ဖြစ်ပြီး ပုံမှန်အားဖြင့် သူ့ဘာသာ ပျောက်ကင်း သွားကြတယ်။ ပျောက်ကင်းချိန် တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါ။ ယေဘုယျ အားဖြင့် နှစ်လအတွင်း ပျောက်ကင်း နိုင်တယ်။ နှစ်ချီပြီး ကြာတာမျိုးလဲ ရှိတယ်။ ငါးမျက်စိဟာ အသက် ၁၅ နှစ်အောက် ကလေးတွေ မှာသာ အဖြစ်များတယ်။ ၈ဝ ရာခိုင်နှုန်းက လေးနှစ်အောက် ကလေးငယ် တွေမှာဖြစ်ပြီး ပူပြီးစိုစွတ်တဲ့ ရာသီမျိုး တွေမှာ အဖြစ်များတယ်။

ကူးစက်ပုံ

ဗိုင်းရပ်စ်ပိုးဟာ ရောဂါရှိတဲ့ သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု ကနေ ကူးစက်နိုင်တယ်။ ဒါမှမဟုတ် အသုံးအဆောင် ပစ္စည်း တစ်ခုခုကို မျှဝေသုံးစွဲ တာကနေလဲ ကူးစက်စေတယ်။ ဥပမာ- မျက်နှာ သုတ်ပဝါ မျှဝေ သုံးစွဲတာမျိုး။ အင်္ဂါဇာတ်မှာ ဖြစ်တဲ့ ငါးမျက်စိ အဖုတွေဟာ ကုသဖို့ လိုတယ်။ ဒီလိုလူတွေဟာ လိင်ဆက်ဆံမှု ကနေ ကူးစက်တာ များတယ်။ ဖြစ်နေသူကနေ တခြားသူ မကူးစက် အောင်သာ သတိထားရမယ်။ ယေဘုယျ အားဖြင့် ဗိုင်းရပ်စ် ဝင်ရောက်ဖို့ အချိန် ရက်သတ္တ နှစ်ပတ်နဲ့ ခုနစ်ပတ်ကြား ကြာတယ်။

လက္ခဏာရပ်များ

အရင်ဆုံး အရေပြားမှာ အဖုသေးလေးကို စတင် သတိထားမိလေ့ ရှိတယ်။ နာကျင်မှု မရှိပါ။ အဖုပုံစံက အဖြူရောင်၊ ပန်းရောင် တစ်ခုခု ဖြစ်နိုင်တယ်။ အလယ်မှာ ချိုင့်နေတတ်ပြီး အထဲမှာ ခပ်ပျစ်ပျစ်၊ ခဲနေတဲ့ အရည်တွေ အောင်းနေ တတ်တယ်။ အဖုတစ်လုံးဟာ ယေဘုယျ နှစ်မီလီမီတာ ကနေ ငါးမီလီမီတာ လောက်သာ ရှိမယ်။ အရွယ်အစား က ပင်အပ်ဆိုဒ် ကနေ ခဲတံခဲဖျက်ခေါင်း အရွယ်ထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ အဖုလုံး လေးတွေက တစ်လုံးစ၊ နှစ်လုံးစ ကနေ အလုံး နှစ်ဆယ်လောက် စုပြီး ဖြစ်တာလဲရှိတယ်။ ခြေဖဝါး၊ လက်ဖဝါး ကလွဲရင် ကျန်တဲ့နေရာ အကုန် ဖြစ်နိုင်တယ်။ မျက်နှာ၊ ရင်ဘတ်၊ ဗိုက်၊ ခြေ၊ လက်၊ ပေါင်ခြံ၊ ချိုင်း စတဲ့နေရာမှာ ဖြစ်ကြတယ်။ မျက်နှာနေရာ ကတော့ အဖြစ် အများဆုံးပဲ။ Facial mollusca ခေါ်တယ်။ မျက်နှာမှာဖြစ်ရင် ကုရပိုခက် သွားတယ်။ ရောဂါ လက္ခဏာ က ခုခံအားနည်းလေ ပိုသိသာလေပဲ။

HIV/AIDS ရောဂါသည် တွေမှာလဲ ငါးမျက်စိ အဖြစ်များတယ်။ ဒီလို ရောဂါသည်တွေ ဖြစ်ရင် စနစ်တကျ ကုသရပါတယ်။ ခုခံအား CD4 Cell Counts နည်းလာတာမို့ ဗိုင်းရပ်စ်ပိုးက ဝင်ရောက် လွယ်တယ်။ ပျံ့နှံ့လွယ်တယ်။ သမားရိုးကျ နည်းတွေနဲ့ အလုပ်မဖြစ် တတ်ပါ။ တစ်ခါတစ်ရံ အနာဖု ထဲကို Interferon ထိုးထည့်ရတာ မျိုးထိ ရှိတယ်။ ဘေးထွက် ဆိုးကျိုးလဲ များပါတယ်။ တုပ်ကွေး ဆန်ဆန် လက္ခဏာတွေ ဖြစ်တဲ့ ကိုယ်လက် နာကျင် ကိုက်ခဲတာ၊ အားယုတ်တာ၊ မအီမသာ ဖြစ်တာ ရှိနိုင်တယ်။ ဓာတ်ကင်နည်း လဲ ရှိသေးတယ်။ အကောင်းထက် ဆိုးကျိုးသာ များလို့ မသုံးကြပါ။

ကုသနည်း

ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ ကုသဖို့ မလိုအပ်ဘဲ သူ့ဘာသာ ပျောက်ကင်း နိုင်တယ်။ နှစ်လနဲ့ တစ်နှစ် အတွင်း ကြာနိုင်တယ်။ ခပ်မြန်မြန် ပျောက်ကင်းအောင် လုပ်တဲ့နည်းတွေ ရှိတယ်။ ဒီနည်း တွေထဲမှာ သောက်ဆေး၊ လိမ်းဆေး အမျိုးမျိုး ရှိတယ်။ သောက်ဆေး ထဲမှာ Cimetidine က အသုံးများတယ်။ တခြားနည်း တွေထက် ပျောက်ကင်းချိန် နည်းနည်း ပိုကြာတယ်။ ငယ်ရွယ်တဲ့ ကလေးတွေမှာ တော့ သောက်ဆေးကိုသာ အဓိက သုံးတယ်။ 

သောက်ဆေးရဲ့ အားနည်းချက်က မျက်နှာမှာ ဖြစ်တဲ့ ငါးမျက်စိ (Facial Mollusca) အတွက် သိပ်အသုံးမဝင်ပါ။ ကောင်းတာက ခုခံအား ကျဆင်းတဲ့ ရောဂါသည် တွေမှာ ဒီနည်းလမ်းသာ ရွေးတာများတယ်။ ဆေးပေးတဲ့ အခါ Cimetidine 400-800mg ထိသုံးရပါတယ်။ အများစုက တစ်လကျော်မှာ သက်သာ လာတယ်။ တချို့စောပြီး ပျောက်တာလဲ ကြုံဖူးတယ်။

လိမ်းဆေးထဲမှာ Podophyllotoxin Cream (0.5%) ကို လိမ်းကြတယ်။ ဒီဆေးကို မျက်နှာမှာ သုံးရင် သတိပြုပါ။ အရေပြား စားသွားနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေ မသုံးသင့်ပါ။ ကလေးကိုပါ ထိခိုက်နိုင်တယ်။ အဲဒီအတွက် Iodine နဲ့ Salicylic Acid ကို ရောလိမ်းလို့ ရတယ်။ တခြားနည်း တွေထဲမှာ Potassium Hydroxide, Tretinoin စတဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ Cantharidin ဆိုတာ ကြွက်နို့၊အရည်ကြည်ဖု မှာ သုံးတဲ့ လိမ်းဆေး တစ်မျိုး ဖြစ်တယ်။ ဆရာဝန်ညွှန်မှ သုံးပါ။ Imiquimod (T Cell Modifier) ကိုလဲ သုံးကြတယ်။ သတိတော့ ထားရတယ်။

သောက်ဆေး လိမ်းဆေး မရသူတွေ အတွက် Curettage ခြစ်ထုတ်တဲ့ နည်းကို သုံးကြတယ်။ ငါးမျက်စိ နေရာကို ထုံဆေး (လိမ်းဆေး) ပေးပြီး အထဲက ခပ်ပျစ်ပျစ် အရည်ကို ခြစ်ထုတ်တဲ့ နည်းပါ။ ပျောက်ကင်းတာ သိသာတယ်။ ပြန်လဲ ဖြစ်နိုင်တယ်။ အရေပြား ဆေးခန်း တွေမှာတော့ လေဆာနည်းနဲ့ လုပ်ကြတယ်။ နိုက်ထရိုဂျင် အရည်သုံးပြီး Cryotherapy နည်းနဲ့ အေးခဲစေတဲ့ နည်းလဲ ရှိသေးတယ်။ ဒါပေမဲ့ အဲဒီနည်းတွေ အားလုံးက အမာရွတ်တော့ ထင်ကျန် နိုင်ပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသအသစ် ဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၃၀-၅-၂၀၁၆

ခရီးသွား လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism- CBT) ဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ လက်ရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ် မြှင့်တင်ရေး စသည့် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

CBT တွင် ကနဦး အနေဖြင့် ကချင်ပြည်နယ် အင်းတော်ကြီးကန် ပတ်ဝန်းကျင် ကျေးရွာများ၊ ကယားပြည်နယ် လွိုင်ကော်မြို့ (ပန်ပက်၊ တနှီးလာလဲ၊ ဟွေအော၊ စွပ်ပိုင်) ဒေသ၊ ကရင်ပြည်နယ် ၌ သံတောင်ကြီး ဒေသ၊ ရှမ်းပြည်နယ် ၌ ပအိုဝ်းဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့နှင့် ကက္ကူ ကျေးရွာများ၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ၌ရှိသည့် ကန်ကြီးတော (အရှေ့)၊ ကန်ကြီးတော (အနောက်) ကျေးရွာ၊ ဆူးလူးပန်း ကျေးရွာ၊ အင်းရောင်း ကျေးရွာ၊ မန္တလေးတိုင်း ဒေသကြီး၌ မင်းကွန်းနှင့် ကျောက်မြောင်း အကြား၌ ရှိသည့် ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်းကျွန်း၊ မြစ်ကမ်းကြီး နှင့် ဆည်သည် ကျေးရွာ ခြောက်ရွာ စသည့် စီမံကိန်း ခြောက်ခုကို အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။

လက်ရှိတွင် မြိုင်မြို့နယ်ရှိ ကျေးရွာ လေးရွာ၌ CBT ကို ယမန်နှစ် နှစ်ကုန်ပိုင်းမှ စတင် လုပ်ဆောင်ခဲ့ရာ ပြည်ပ ခရီးသွား ၅ဝဝ ကျော် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ၁ဝဝဝ ကျော် လာရောက်ရန် လျာထားသည်။

အနီးအနား ရွာများကလည်း ယင်း ကျေးရွာ လေးရွာ၏ အောင်မြင်မှု တို့ကို အားကျ၍ CBT လုပ်ဆောင် လိုကြကြောင်း တင်ပြ လာသဖြင့် ကျေးရွာ ၁ဝ ရွာ၌ ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

ထို့ပြင် အခြေခံ သင်တန်းများ၏ သင်ရိုး ညွှန်းတမ်းကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းပြီး အာဆီယံ အပြန်အလှန် အသိအမှတ် ပြုရေး စံနှုန်းများနှင့် အညီ ဖြစ်စေရန် ပြင်ဆင်ရေးဆွဲ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကာ ညောင်ဦးမြို့၌ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း တည်ဆောက် နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဓိက ခရီးစဉ် ဒေသများ အပေါ် အခြေခံ၍ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ကာ လက်တွေ့ ဈေးကွက် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထု ထံမှ ပူးပေါင်း ဆောင်ရွက်မှု ရယူခြင်း၊ အလားအလာ ရှိသည့် ခရီးစဉ်ဒေသ အသစ်များကို လာမည့် ခရီးသွားရာသီ များဖြစ်သည့် အောက်တိုဘာလ မှ ဖေဖော်ဝါရီလ အထိ ဈေးကွက် တိုးချဲ့နိုင်ရေး ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

အားသာချက်များဖြင့် ပြောင်းလဲသွားသော KG ပညာရေးစနစ်




မိုးဖွဲဖွဲကျတဲ့တစ်နေ့ . . . 

မေလ ၂၅ ရက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ပထမဆုံးရက် သားငယ်အား ကျောင်းအပ်နှံရန် ကျွန်တော်ကျောင်းသို့ သွားခဲ့သည်။ ယခင်နှစ် သားကြီး ကျောင်းအပ်တုန်း ကနှင့်မတူဘဲ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် KG တန်းကလေးများကို KG သင်ရိုးသစ်ဖြင့် သင်ကြား ပေးမည်ဖြစ်ပြီး KG တန်းတက်မည့်သူ တစ်ဦးချင်းစီအား ကျောင်းဝတ်စုံ တစ်စုံစီ ကိုလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အား ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ ကိုလည်းကောင်း၊ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် တစ်စုံစီကို လည်းကောင်း အခမဲ့ဖြန့်ဝေ ပေးရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်ပေး ထားကြောင်း၊ ဒ့ါအပြင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ နှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် ခေါင်းစဉ်နှင့်မျှ ငွေကြေး ကောက်ခံခြင်း မပြုရန် ပညာရေး ဝန်ကြီးဌာနက တားမြစ် ထားကြောင်း ကျောင်းအပ် လက်ခံနေရာမှ မသိ နားမလည်သော မိဘများအား ဆရာတစ်ဦးက ရှင်းလင်း ပြောပြနေခဲ့ရာ ကျွန်တော် စိတ်ဝင်တစား ဖြစ်၍ ပညာသင် စနစ်သစ်ပုံစံ KG ( KINDERGARTEN ) သူငယ်တန်း ပညာရေး စနစ်ဟောင်း၏ အားနည်းချက် နှင့် စနစ်သစ် အားသာချက် များအား မေးမြန်းကြည့် ခဲ့ရာ ကျောင်းသား မိဘတစ်ဦး အနေဖြင့် ကြိုက်နှစ်သက် မိသည်။

စနစ်ဟောင်း ပညာရေးအရ မူကြိုအခြေခံ မရှိသည့် ကလေးများအတွက် ပညာသင်ယူရာ၌ အခက်အခဲတွေ ရင်ဆိုင် နေရခြင်း၊ မပြည့်စုံသော ကလေးများအတွက် ပတ်ဝန်းကျင် အသစ်တွင် ရင်းနှီးကျွမ်းဝင်မှု မရှိဘဲ မိမိကိုယ်တိုင် ပါဝင် သင်ယူရာ၌ အများနှင့် တန်းတူ မဖြစ်ပါက သဘာဝ အလျောက် သိမ်ငယ်မှု၊ နားမလည်မှု များဖြင့် ပညာရေးကို အမီမလိုက်နိုင်၍ မိဘများ၏ တွန်းအားပေးမှု၊ ပတ်ဝန်းကျင် ၏ ဖိအားများကြောင့် ရှုပ်ထွေးနိုင်သည်။ မူကြို အခြေခံ ရှိပြီးသော ကလေးများ အတွက် ပညာသင်ကြား ရာ၌ လွယ်ကူ နိုင်ခြင်း ရှိသော်လည်း မိဘရင်ခွင်မှ ကျောင်းပတ်ဝန်းကျင် သို့ ကူးပြောင်းသော အချိန်မှစ၍ အချိန်ပြည့် စာသင်ကြား နေရခြင်းကြောင့် အရွယ်နှင့် မမျှသော စိတ်ပင်ပန်းမှုများ ကြုံတွေ့နိုင်သည်။ ယခင်က ဖတ်စာသင်ရိုးများ ကုန်အောင် သင်ကြားရခြင်း ကြောင့် ဆရာ၊ ဆရာမ များနှင့် ကလေးများ အပေါ်တွင် ဝန်ပိခြင်း၊ ငြီးငွေ့ခြင်းများ ခံစား ရတတ်သည်။

စနစ်သစ် ပညာရေးအရ ကလေးများကို ကစားနည်းဖြင့် သင်ကြားရခြင်း ကြောင့် ပျော်ရွှင်ခြင်း၊ စိတ်ဝင် စားခြင်းများ ဖြစ်နိုင်သလို ကလေးများသည် အသိသညာသစ် များတည် ဆောက်ရာ၌ တက်ကြွစွာ ပါဝင်ရသောအခါ အကောင်းဆုံး သင်ယူကြမည် ဖြစ်သည်။ ကလေးများ၏ အသိသညာ၊ ကျွမ်းကျင်မှုနှင့် စိတ်နေ သဘောထား များသည်လည်း မူလရှိပြီး အပေါ်မူတည်၍ စဉ်းစားခြင်းနှင့် ကျိုးကြောင်း ဆက်စပ်တွေးခေါ် ခြင်းများ ပြောင်းလဲလာ နိုင်သည်။ ကလေးများ နေထိုင် ကြီးပြင်းရသည့် မတူညီသော ယဉ်ကျေးမှုနှင့် လူမှုပတ်ဝန်းကျင် အခြေအနေများက ကလေးတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးကြသည်။ အချို့သော မိသားစုများက လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ခြင်း၏ အရေးပါမှုကို အလေးထား ကြပေသည်။ အချို့သော မိသားစုများမှ လူ့အဖွဲ့အစည်း၏ လိုအပ်ချက် များနှင့် ကလေးများက မိသားစု၊ ရပ်ရွာနှင့် လူ့အဖွဲ့အစည်း ကို မည်သို့ဖြည့်ဆည်း ပေးမည်ဆိုသည့် အပေါ်တွင် အလေးထား ကြသည်။ ထိုကဲ့သို့ ယဉ်ကျေးမှု ကွဲပြားခြားနား ခြင်းသည် ကလေးများ၏ အမူအကျင့်များ၊ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပုံများ၊ ပတ်ဝန်းကျင် ၏ လှုံ့ဆော်မှုကို တုံ့ပြန်ပုံ၊ တုံ့ပြန်နည်းများ အပေါ် သက်ရောက်မှုများ ဖြစ်စေသည်။ ကလေးများသည် ဘေးကင်း လုံခြုံမှုရှိပြီး မိမိတို့အား တန်ဖိုး ထားသည်ဟု ခံစားရသည့် အခါတွင် အကောင်းဆုံး သင်ယူဖွံ့ဖြိုး ကြပေသည်။

ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ရာတွင် သူငယ်တန်း ပညာရေးကို အဓိပ္ပာယ်ဖွင့်ဆို ရာ၌ ပထမတန်းသို့ ကူးပြောင်းမှု လွယ်ကူစေရန် အသက်ငါးနှစ် ပြည့်ပြီး ကလေးများ အတွက် ဘက်စုံ ဖွံ့ဖြိုးမှုနှင့် သင့်လျော်သော နည်းလမ်းများကိုအသုံးပြုပြီး ညီညွတ်မှု သုံးမျိုးဖြင့် ဖွံ့ဖြိုးမှု အဆင့်နှင့် လိုက်လျော ညီထွေမှု၊ ပတ်ဝန်းကျင် နှင့် လိုက်လျော ညီထွေမှု၊ ပညာရေးအရ လိုက်လျောညီထွေ မှုတို့ကို အခြေခံ၍ သင်ယူဖွံ့ဖြိုးမှု နယ်ပယ် ခြောက်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းတို့မှာ
  • (၁) ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်း။
  • (၂) စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း။
  • (၃) အပြန်အလှန်ပြောဆိုဆက်ဆံခြင်း။
  • (၄) သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း။
  • (၅) အနုပညာရသခံစားခြင်းနှင့် ဖန်တီးခြင်း။
  • (၆) ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း

တို့ကြောင့် မိမိတို့ သားငယ်/ သမီးငယ်များ အနေဖြင့် ကျောင်းသည် ပျော်ရွှင်စရာ ဖြစ်နေမည်။

အကူးအပြောင်း ပညာရေးစနစ် ကာလတွင် လွတ်လပ်စွာ စူးစမ်းလေ့လာရန်၊ ကစားရန်၊ အသိသစ်နှင့် စိတ်ဝင်စားဖွယ် အရာများကို သင်ယူလေ့လာ နိုင်ရန် အချိန်များများ ရှိရမည်ဖြစ် သလို ဆရာနှင့် ကျောင်းသား၊ ကျောင်းသား အချင်းချင်း လွတ်လပ်စွာ အပြန်အလှန် ဆက်ဆံမှု ရှိရမည်ဖြစ်သည်။ စိတ်ဝင်စားမှု၊ စွမ်းဆောင်ရည်၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည်တို့ မည်မျှပင် ကွဲပြားစေကာမူ ကလေးအားလုံး ပါဝင် ဆောင်ရွက်ခြင်းကို အားပေး နိုင်ရမည် ဖြစ်သည်။

မိဘများ အနေဖြင့်လည်း အိမ်တွင် ကလေးကို ပုံပြောပြခြင်း၊ စာဖတ်ပြခြင်း၊ ကျောင်းတွင် သင်ခဲ့သည့် တေးကဗျာများကို အိမ်တွင်ရွတ်ဆို ခိုင်းခြင်း၊ ကိုယ်လက် လှုပ်ရှားကစားနည်း များကို ပြန်လည် လုပ်ပြ ခိုင်းခြင်းဖြင့် ကလေးများ သင်ယူခဲ့သမျှကို ပိုမိုစွဲမြဲ နိုင်အောင် အင်အားဖြည့်ပေး ရမည် ဖြစ်သည်။ သို့မှသာလျှင် ကလေး အနေဖြင့်လည်း မိမိကိုယ်ကို ယုံကြည်မှု၊ တန်ဖိုးထားမှုများ ရင့်သန် လာစေမည် ဖြစ်သည်။

စနစ်ဟောင်း ပညာသင်စနစ်မှ စနစ်သစ် ပညာသင်စနစ် KG အသက်ငါးနှစ် အရွယ် သူငယ်တန်း ကလေးများ အတွက် ရည်မှန်းချက် ဖြစ်သည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည် အားကိုး တတ်သူများ၊ အာဟာရ ပြည့်ဝ၍ ကျန်းမာ ပျော်ရွှင်သူများ၊ စာရေး စာဖတ်ခြင်းနှင့် သင်္ချာ အပါအဝင် အသိပညာ များကို စိတ်အား ထက်သန်စွာ လေ့လာ သင်ယူသူများ၊ မိမိ ပတ်ဝန်းကျင် အကျိုးကို ဆောင်ရွက် တတ်သူများ ဖြစ်လာကြ ပေမည်။

ကျော်သန့်ဇင် (၄ဝ၃)

မြ၀တီနေ့စဉ် ၊ စာ(၁)

မြ၀တီနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၃၀-၅-၂၀၁၆)

Download Links


Sunday, May 29, 2016

မြ၀တီနေ့စဉ်သတင်းစာ (၂၉-၅-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၂၉-၅-၂၀၁၆)

Download Links


Friday, May 27, 2016

မြန်မာနိုင်ငံတွင် အကြီးစား ကြေးသွန်းခေါင်းလောင်းကြီးများ သွန်းလောင်းနိုင်သော ကြေးသွန်းပညာရှင် ငါးဦးခန့်သာ ကျန်ရှိ



မန္တလေး ၊ ၂၇-၅-၂၀၁၆

မြန်မာနိုင်ငံတွင် အသေးစား ကြေးသွန်း ခေါင်းလောင်းများ သွန်းလောင်း ရာတွင် ပညာရှင်များစွာ ရှိသော်လည်း အကြီးစား ကြေးသွန်း ခေါင်းလောင်းကြီး များ သွန်းလောင်းရန် ကြေးသွန်း ပညာရှင်များမှာ ငါးဦးခန့်သာ ရှိပြီး ပညာရှင် ပျောက်ကွယ်လု နီးပါး ဖြစ်နေကြောင်း မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ထံမှ သိရသည်။

မြန်မာနိုင်ငံ မန္တလေးမြို့တွင် ယနေ့ အချိန်ထိ အကြီးစား ခေါင်းလောင်းကြီး စုစုပေါင်း ခြောက်ခုထိ သွန်းလောင်း နိုင်ခဲ့ကြောင်း သမိုင်း အထောက်အထား များအရ သိရသည်။ ပထမဆုံး ခေါင်းလောင်း တော်ကြီးမှာ စဥ့်ကူးမင်း လက်ထက်တွင် သွန်းလောင်း ခဲ့သော ရန်ကုန်မြို့ ရွှေတိဂုံ စေတီဝင်း အတွင်း ရာဟုထောင့်ရှိ ခေါင်းလောင်း တော်ကြီး၊ ဒုတိယ ခေါင်းလောင်း တော်ကြီးမှာ ဘိုးတော်ဘုရား လက်ထက်တွင် သွန်းလောင်း ခဲ့သော မင်းကွန်း ခေါင်းလောင်း တော်ကြီး၊ တတိယ ခေါင်းလောင်း တော်ကြီးမှာ ဘကြီးတော် မင်းတရားကြီး လက်ထက်တွင် သွန်းလောင်း ခဲ့သော ပုထိုးတော်ကြီး ခေါင်းလောင်း၊ စတုတ္ထ ခေါင်းလောင်း တော်ကြီးမှာ သာယာဝတီ ရွှေဘိုမင်း လက်ထက်တွင် သွန်းလောင်း ခဲ့သော ရန်ကုန်မြို့ ရွှေတိဂုံ စေတီဝင်း အတွင်း တနင်္ဂနွေထောင့် ရှိ ခေါင်းလောင်း တော်ကြီး၊ ပဉ္စမ ခေါင်းလောင်း တော်ကြီးမှာ ဆရာကြီး ဂိုအင်ကာ လှူဒါန်းခဲ့သော အိန္ဒိယရှိ ခေါင်းလောင်း တော်ကြီးနှင့် ဆဋ္ဌမ ခေါင်းလောင်း တော်ကြီးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး၍ လှူဒါန်းခဲ့သော ထားဝယ်မြို့ရှိ ခေါင်းလောင်း တော်ကြီး တို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ခေါင်းလောင်း တော်ကြီးများ သွန်းလောင်း ရာတွင် ကြေးသွန်း ပညာရှင်များ အနေဖြင့် အတွေ့အကြုံ ကောင်းများ လိုအပ်ခြင်း၊ ကြေးသွန်းရန် လက်ခံရာတွင်လည်း အရှုံးအမြတ် ကို အဓိက မထားဘဲ နောင်တွင် နာမည်ကျန် စေရန်အတွက် အဓိက ထားသည့် ခံယူချက်ရှိခြင်း၊ ခေါင်းလောင်း တော်ကြီး သွန်းလောင်း ရာတွင် အောင်ရာ အောင်ကြောင်း အတွက် လာရောက် ကြည့်ရှုသူ၊ ဝိုင်းဝန်း ကူညီသူများကို ပေးကမ်းရခြင်း စသည့် အခက်အခဲ များနှင့်လည်း ရင်ဆိုင်ရသည်။

ယနေ့အချိန် မြန်မာ တစ်နိုင်ငံလုံးတွင် ခေါင်းလောင်း တော်ကြီးများ သွန်းလောင်းသည့် ကြေးသွန်း ပညာရှင်များမှာ ငါးဦးခန့်သာ ရှိပြီး ၄င်းတို့မှာလည်း အသက် ၅ဝ ခန့်ရှိပြီး မျိုးဆက်သစ် လက်ဆင့်ကမ်းရန် ခက်ခဲကြောင်း၊ နောင်တွင် ကြေးသွန်း ပညာရှင်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်မိကြောင်း မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃၂)

ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင်ကမ်းခြေ ရှိ မြေကွက်များ မြို့ပြဧရိယာထက် ဈေးမြင့်တက်



ကျောက်ဖြူ ၊ ၂၇-၅-၂၀၁၆

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင် ကမ်းခြေရှိ မြေကွက်များ မြို့တွင်း မြေဈေးနှုန်းထား များထက် မြင့်တက် လာကြောင်း ကျောက်ဖြူမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

အဆိုပါ ကမ်းခြေရှိ မြေကွက်များမှာ ၂ဝ၁၄ ခုနှစ် မတိုင်မီက ပေ (၄ဝ x ၆ဝ) တစ်ကွက်လျှင် ငွေကျပ် သိန်း ၃ဝ မှ သိန်း ၅ဝ ခန့်သာရှိခဲ့ပြီး လက်ရှိတွင် တစ်ကွက်လျှင် ငွေကျပ်သိန်း ၃ဝဝ မှ သိန်း ၆ဝဝ ခန့်ထိ မြင့်တက် လာသည်။

''ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း စီမံကိန်းကို မျှော်မှန်းပြီး ဆက်တိုက် ဝယ်ယူ ခြံခတ်နေကြ ပါတယ်။ လောင်းကျိုး၊ ဝမျှောင် အပိုင်းဆို ပိုပြီး အရောင်းအဝယ် ဖြစ်နေပါတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးမောင်ကြီး က ပြောပြသည်။

ကျောက်ဖြူမြို့ပြ ဧရိယာများရှိ အိမ်ခြံမြေ ဈေးများမှာ လက်ရှိ နေရာဒေသ အလိုက် ပေ (၄ဝx၆ဝ) တစ်ကွက်လျှင် ငွေကျပ်သိန်း ၂ဝဝ မှ သိန်း ၃ဝဝ ခန့် သာရှိပြီး ဈေးငြိမ်လျက် ရှိသည်။

''မြို့တွင်း အိမ်ခြံမြေေ ဈးကွက် ကတော့ ငြိမ်နေပါတယ်။ လက်ရှိ အရောင်းအဝယ် မရှိတော့ ဈေးကလဲ တက်ဖို့ မရှိသေးပါဘူး။ မြို့ပြင်ဘက် တွေက ဈေးပိုတက် နေပါတယ်'' ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်သန္တာလင်း က ပြောပြသည်။

၁၅ မိုင်ခန့် ရှည်လျားပြီး အနောက်ဘက်တွင် ဘင်္ဂလား ပင်လယ်အော် တည်ရှိနေသည့် မင်းပြင် ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို မျှော်မှန်းပြီး လုပ်ငန်းရှင် အချို့မှာ ပြန်လည် ရောင်းချရန် မြေကွက်များ ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

ဦးပိန်တံတား အကြီးစားပြုပြင်မှုလုပ်ငန်း ၄၅ ရာခိုင်နှုန်းပြီးစီး တိုင်လုံးများအားလုံး လဲလှယ်ပြီးပါက နှစ်ပေါင်း ၄၀ ကျော် အသုံးပြုနိုင်မည်



မန္တလေး ၊ ၂၇-၅-၂၀၁၆

ဦးပိန်တံတား အကြီးစား ပြုပြင်မှုလုပ်ငန်း လက်ရှိ အချိန်တွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး တိုင်လုံးများ အားလုံး လဲလှယ် ပြီးပါက နောင်နှစ်ပေါင်း ၄ဝ ကျော်ထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း တံတားပြုပြင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်း ထံမှ သိရသည်။

အဆိုပါ တောင်သမန် တံတားရှိ ပျက်စီးယိုယွင်း နေသည့် တိုင်လုံးများနှင့် ထုပ်၊ လျောက်တန်း များကို ဧပြီလ မတိုင်မီက စတင်၍ ပြုပြင်ခဲ့ရာ ယခုလက်ရှိ အချိန်တွင် တံတား အနောက်ဘက် ထိပ်မှ ဒုတိယဇရပ်ထိ အခန်းပေါင်း ၄ဝ တွင် တိုင်လုံးပေါင်း ၁ဝဝ ကျော် နှင့် ထုပ်၊ လျောက်တန်း များကို လဲလှယ်ပြီးစီး နေပြီဖြစ်ပြီး လက်ရှိတွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ၄င်းက ပြောပြသည်။

''ဒီတံတားဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၆ဝ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း တံတားပါ။ ဒီလို သက်တမ်းကြာ လာတဲ့ တံတားဟာ အကြီးစား မပြုပြင်ခင် တုန်းက တိုင်လုံးတွေ ခြစားတာ၊ အောက်ခြေ ပြတ်တာတွေကို တွေ့ရတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အတွက်လဲ အန္တရာယ် များတယ်။ အခုလက်ရှိ အချိန်မှာ တံတားတိုင်လုံး တွေကို လဲလှယ်ပြီး ကျန် အရေးကြီးတဲ့ အစိတ်အပိုင်း တွေကိုလဲ ပြန်ပြီးတော့  ပြုပြင်နေလို့ ဒီ တံတားဟာ နောက် နှစ်ပေါင်း ၄ဝ ကျော်လောက် ထိ ခိုင်ခံ့နိုင်တယ်။ ခရီးသွားတွေ အတွက်လဲ အန္တရာယ် မရှိနိုင် တော့ဘူး။ အခါကြီး ရက်ကြီး တွေမှာဆို ခရီးသွား ဧည့်သည်တွေ အများကြီး လာကြတဲ့ အခါမှာလဲ စိုးရိမ်စရာ မရှိပါဘူး'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ထို့ပြင် လက်ရှိတွင် ဦးပိန်တံတား အရှေ့ဘက်ခြမ်းကို ဆက်လက် ပြုပြင်လျက် ရှိရာ တိုင်လုံးပေါင်း ၈ဝ ကျော်ကို အစားထိုး ပြုပြင်လျက် ရှိကြောင်း၊ အဆိုပါ တံတား ပြုပြင်ရန် ပိတ်ထားသည့် အနောက်ဘက် ခြမ်းကိုလည်း ပြန်လည်ဖွင့်လှစ် ပေးသွားမည် ဖြစ်ပြီး ခရီးသွား ဧည့်သည်များ တံတားပေါ်မှ သွားလာ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ (၁၈၄)

ရတနာပုံနေ့စဉ် ၊ စာ(၅)

ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်းဇုန်ဒေသတွင် Water Saving System များ ကျင့်သုံးရန်လိုအပ်



မန္တလေး ၊ ၂၇-၅-၂၀၁၆

ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသတွင် စိန်ခေါ် ခြိမ်းခြောက်မှု များပြားလာပြီး Water Saving System များ ဆောင်ရွက် ကျင့်သုံးရန် အရေးတကြီး လိုအပ်လာကြောင်း မန္တလေးတိုင်း ဒေသကြီး မုတ်သုံ ဖိုရမ် ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေးချက်များ အရ သိရသည်။

အပူပိုင်းဇုန်ဒေသ အတွင်း မိုးခေါင်ရေရှား မှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ များစွာ အခက်အခဲ ဖြစ်ပေါ်လာကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရေချိန်သည် ပုံမှန်ထက် လျော့နည်းလာပြီး မြေဆီ၊ မြေနှစ် ခန်းခြောက်မှုများ၊ မြေဆီလွှာ တိုက်စားမှုများ နှင့်လည်း ကြုံတွေ့လျက် ရှိကြောင်း စိုက်ပျိုးရေး သုတေသန ပညာရှင်များ၏ လေ့လာချက်များ အရ သိရသည်။

'' Dry Zone ဒေသမှာ Water Saving System ကို မဖြစ်မနေ ဆောင်ရွက်ရပါမယ်။ စိုက်ပျိုးရေး လုပ်ငန်းမှာ ရေမရှိလို့ မဖြစ်ပါဘူး။ ရေကိုမဖြစ် ဖြစ်တဲ့နည်းလမ်း တွေနဲ့ ရှာဖွေစုဆောင်းရေး လုပ်ရပါမယ်။ နောက်ပြီး သီးနှံမျိုးပြောင်း ရမယ်။ သက်တမ်းတိုတဲ့ သီးနှံတွေလဲ စိုက်ပျိုးရေး ကနေ ထုတ်လုပ်နေပါပြီ။ ရေချွေတာရေး စနစ်တွေ ဆောင်ရွက်ရပါမယ်။ ရာသီဥတု ဖောက်ပြန်မှုကို နည်းပညာနဲ့ ဖြေရှင်းတွန်းလှန် ရမှာ ဖြစ်ပါတယ်'' ဟု မန္တလေးမုတ်သုံ ဖိုရမ်တွင် စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ဆွေးနွေး ပြောကြားသည်။

မိုးရွာသည့်ရေကို ရေစုကန်များ တည်ဆောက်၍ စုဆောင်းခြင်း၊ သီးနှံသစ်ပင်များ အပင်ခြေတွင် အစိုဓာတ် ထိန်းသိမ်းစေရေး နည်းလမ်းများ ဆောင်ရွက်ခြင်း၊ သီးနှံပြောင်းလဲ စိုက်ပျိုးခြင်း၊ အပူဒဏ်ခံသည့် မျိုးစေ့များ အသုံးပြုခြင်း တို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့ပြင် သီးနှံသစ်တော ရောနှောစိုက်ပျိုးသည့် စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လယ်ယာမြေ အတွက် သရက်၊ ပိန္နဲ၊ မာလကာ၊ သြဇာစသည့် နှစ်ရှည်ပင်များ စိုက်ပျိုးရန် လိုအပ်ပြီး ၄င်း နှစ်ရှည်ပင် စိုက်ပျိုးခြင်းကြောင့် သစ်တောများ စိုက်ပျိုးခြင်းမျိုး ဖြစ်ပြီး မိုးရွာသွန်းမှုကို များစွာ အထောက်အကူ ပြုကြောင်း သိရသည်။

စိုက်ပျိုးရေး အတွက် အပူပိုင်းဇုန် ဒေသများတွင် ရေထိန်းသိမ်း စုဆောင်းခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေး ပညာရှင်များ၏ ဆွေးနွေးချက် များအရ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၂)

ပြည်ပသို့တင်ပို့ရန် ကန့်သတ်ထားသော ပို့ကုန် ၁၂ မျိုးအနက် တချို့ကိုဖြေလျှော့တင်ပို့ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၂၇-၅-၂၀၁၆

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရာတွင် ကန့်သတ်ထားသော ပို့ကုန် ၁၂ မျိုးအနက် တချို့ကို ဖြေလျှော့ တင်ပို့ခွင့်ပြု နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြည်ပပို့ကုန် အဖြစ် တင်ပို့ခွင့် မပြုထားသည့် ကုန်ပစ္စည်း ၁၂ မျိုးအနက် ပန်းနှမ်းဆီ၊ နေကြာ နှင့် နေကြာဆီ စသည့်သုံးမျိုးကို ကနဦး အနေဖြင့် ပြည်ပသို့ တင်ပို့နိုင်ရန် ဖြေလျှော့ ပေးသွားမည် ဖြစ်ပြီး ကျန်ရှိ နေသေးသော ကုန်ပစ္စည်းများ ထဲမှ တချို့သော ပို့ကုန်များ ကိုလည်း ထပ်မံ ဖြေလျှော့ ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ဆက်လက်ညှိနှိုင်း သွားမည် ဖြစ်ကြောင်း၊ အလားတူ ရက် ၁ဝဝ စီမံချက်အတွင်း ပို့ကုန်သွင်းကုန် များနှင့် ပတ်သက်၍ အွန်လိုင်းစနစ် အပြည့်အဝ သုံးစွဲနိုင်ရေးကို ထောက်ခံချက် ရယူရန် မလိုအပ်သည့် ကုန်ပစ္စည်းများနှင့် လက်ခစား အထည်ချုပ် လုပ်ငန်းများ အတွက် လျှောက်ထားမှုများ ကိုလည်း ဦးစွာ ဆောင်ရွက် သွားရန်စီစဉ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများတွင် ခေတ်နှင့် လျော်ညီစွာ ရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနမှ ဖြေလျှော့ပေးခြင်း များကို ဆက်တိုက် ဆောင်ရွက် ပေးလျက်ရှိပြီး ပို့ကုန်ကဏ္ဍ တိုးတက်ရေး အတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် ကတ်များ ထုတ်ပေးကာ ပို့ကုန်ကဏ္ဍအား မြှင့်တင်ပေး ခဲ့ကြောင်း၊ အလားတူ ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်း H.S Code Line ၁ဝဝဝ ကျော်အတွင်းမှ ထောက်ခံချက် ရယူရန် မလိုအပ်သော တချို့လိုင်း များကို ထပ်မံဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း၊ လိုင်စင်များ လျှောက်ထား ရာတွင် နေပြည်တော် နည်းတူ ရန်ကုန် ပို့ကုန်သွင်းကုန် ရုံး၌ ပြင်ဆင် ဖြေလျှော့ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် ပြည်ပ ပို့ကုန်တင်ပို့မှု သုံးဆ တိုးတက်လာရန် ကဏ္ဍအလိုက်၊ နှစ်အလိုက် တိုးမြှင့် တင်ပို့မည့် ပို့ကုန်များနှင့် ပတ်သက်၍ စတင် ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ အခြေအနေတွင် ပြည်ပပို့ကုန် တင်ပို့မှုထက် ပြည်ပမှ တင်သွင်းမှုသာ များပြားနေပြီး ပို့ကုန်ကဏ္ဍ အတွက် ဖြေလျှော့ ပေးခြင်းများကို မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ထုံးကျောက်ဂူများကို သုတေသနပြု လေ့လာပြီး ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့ရှိ နေရာရှစ်ခုကို ထိန်းသိမ်းမည်



ဘားအံ ၊ ၂၇-၅-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ထုံးကျောက်ဂူ များကို နိုင်ငံတကာ တောရိုင်း တိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေး အဖွဲ့(FFI) က သုတေသနပြု လေ့လာပြီးနောက် စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးလာသည့် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့ရှိ အရေးကြီး ထုံးကျောက် ဂေဟစနစ် နေရာရှစ်ခုကို ထိန်းသိမ်းမှုများ စတင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ထုံးကျောက် ဂေဟစနစ်များကို မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့၌ တွေ့ရှိနိုင် သော်လည်း ထိန်းသိမ်း စောင့်ရှောက်မှု အားနည်း သောကြောင့် နေရာဒေသ အများစု၌ ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် အတွင်းရှိ ထုံးကျောက်ဂူများ ရှိသည့်နေရာ များအနီး၌ ထုံးကျောက်တောင် များကို အမှီပြု ထုတ်လုပ်နေသော ဘိလပ်မြေ စက်ရုံများ ရှိနေခြင်းက သဘာဝ ထုံးကျောက်ဂူများ ရေရှည် တည်တံ့ရေး အတွက် ခြိမ်းခြောက်ခံ နေရသည်။

ထုံးကျောက် ဂေဟစနစ်များ ဖောက်ခွဲ အသုံးပြုခြင်း များကြောင့် အနီး ပတ်ဝန်းကျင် ရှိ ဗီဇမျိုးစိတ် များနှင့် ယင်းနေရာ များ၌သာ တွေ့ရှိနိုင်သည့် ဇီဝမျိုးစုံ မျိုးကွဲများ မှာလည်း မျိုးသုဉ်း ပျောက်ကွယ်မှု အန္တရာယ်ဖြင့် ရင်ဆိုင်နေရပြီး ထုံးကျောက်ဂူ များတွင် လင်းနို့များ၊ အင်းဆက်ပိုးမွှား များနှင့် ရှားပါးစာရင်း ဝင် မျိုးစိတ်တချို့ နေထိုင် ကျက်စားသည့် အတွက် ဂေဟစနစ် ရေရှည် တည်တံ့ရန် နှင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း ပညာရှင် များက သုံးသပ် ပြောသည်။

မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာသည့်နည်းတူ တည်ဆောက်ရေး အတွက် အခြေခံ အဆောက်အအုံ လုပ်ငန်းများတွင် မရှိမဖြစ် လိုအပ်သော ထုံး၊ လမ်းခင်းကျောက်၊ ဂေါဒန်ကျောက် နှင့် ဘိလပ်မြေ တို့မှာ လိုအပ် ချက် မြင့်တက်လာပြီး ထုံးကျောက် ထုတ်လုပ်ခြင်း လုပ်ငန်းများပြား လာကြောင်း၊ လက်ရှိတွင် ထုံးကျောက် ဂေဟစနစ်များမှ ထုံးကျောက် ထုတ်ယူမှုကို သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ခွင့်ပြုထားပြီး လက်ရှိ အချိန်ထိ အကြီးစား လုပ်ကွက် ၃၄ ကွက်၊ အသေးစား လုပ်ကွက် ၁၆ ကွက် လုပ်ကိုင်ခွင့်ပြု ထားကြောင်း သိရသည်။

ထို့ပြင် သစ်တောဦးစီး ဌာနကလည်း ထုံးကျောက်တောင် နှင့် လိုဏ်ဂူရှိသည့် နေရာများကို အဓိက ဇီဝမျိုးစုံမျိုးကွဲ ကျက်စားရာ နေရာအဖြစ် သတ်မှတ် လုပ်ဆောင်မည် ဖြစ်ပြီး ထုံးကျောက် ထုတ်ယူမှု များကို စနစ်တကျ ရေရှည် ထုတ်လုပ် နိုင်ရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးတို့ အတွက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chan-o-Cha အားဂါရ၀ပြု တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chan-o-Cha အားဂါရ၀ပြု တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chan-o-Cha တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၂၆ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်အစိုးရ ရုံးသို့ သွားရောက်ပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ် General Prayuth Chan-o-Cha အား ဂါရ၀ပြု တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်  ချစ်ဆွေတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် အတူ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့် ထိုင်းဘုရင့် တပ်မတော် မှ အရာရှိကြီးများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က အဆွေတော်အား ထိုင်းနိုင်ငံ အစိုးရ အနေဖြင့် လည်းကောင်း၊ ထိုင်းပြည်သူ ပြည်သားများ အနေဖြင့် လည်းကောင်း၊ ထိုင်းတပ်မတော် သားဟောင်းများ ကိုယ်စား လည်းကောင်း လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်မှုကို ပြသခြင်းပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ပြောင်းလဲမှု များတွင် ထိုင်းနိုင်ငံ အနေဖြင့် ကူညီပေး ခဲ့ကြောင်း၊ အစိုးရ ပြောင်းလဲသလို တပ်မတော် အနေဖြင့်လည်း လိုအပ်သည်များ ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်မှုထမ်းဟောင်း များကို နေရာ ချထားရန် အတွက် အစီအစဉ်များ ပါရှိကြောင်း၊ ထို့ကြောင့် ထိုင်းဘုရင့် တပ်မတော်မှ ဆောင်ရွက်လျက် ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု လေ့လာသွားရန် စီစဉ်ထားကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ကြောင့် ထိုင်းနိုင်ငံတွင် လာရောက် လုပ်ကိုင်သည့် တရားမဝင် နှင့် တရားဝင် အလုပ်သမား များကို ထိုင်းနိုင်ငံ အစိုးရအနေ ဖြင့် ဥပဒေနှင့် အညီ စောင့်ရှောက် ပေးထား သည်ကို တွေ့ရှိရ၍ ကျေးဇူးတင်ရှိ ကြောင်း၊ ရှေ့ဆက်ပြီး ဆောင်ရွက် ပေးသွားမည် ဟုလည်း ယုံကြည်ပါကြောင်း ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် မှ ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် သွားမည် မဟုတ်ကြောင်း၊ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားမဝင် မှောင်ခို လုပ်ငန်းများ၊ လက်နက် မှောင်ခိုမှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စရပ်များ၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွား လာရေး လုပ်ငန်းများ တွင်လည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းပြည်မှ သယံဇာတ ပစ္စည်းများ ခိုးထုတ် ရောင်းချခြင်းသည် မိမိတို့ နိုင်ငံကို အဓိကထိခိုက် စေသော်လည်း တရားမဝင် မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းသည် ဒေသတွင်း နိုင်ငံများကိုပါ ထိခိုက် စေသောကြောင့် ယင်းကို အမှီပြု ဆောင်ရွက် နေသော လက်နက်ကိုင် အဖွဲ့အစည်းများ ရပ်တည် နေနိုင်မှု မရှိရေးနှင့် လုံးဝ ပပျောက်စေရေး အတွက် ပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်မှ ဆေးဘက်ဆိုင်ရာ ကိစ္စရပ် များတွင် လည်းကောင်း၊ နယ်မြေ တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းများ တွင်လည်းကောင်း ပူးပေါင်း ဆောင်ရွက် သွားလိုကြောင်း၊ မြန်မာနိုင်ငံမှ အလုပ်သမား များနှင့် စပ်လျဉ်း၍ ဥပဒေနှင့် အညီဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ လိပ်ကျွန်းဖြစ်စဉ် တွင်ပါဝင်သော မြန်မာနိုင်ငံသား ၂ ဦးနှင့် စပ်လျဉ်း၍ တတိယနိုင်ငံ ပါဝင်နေသဖြင့် အခြေအနေ မှန်အား လေ့လာသုံးသပ် ဆောင်ရွက်စေလျက် ရှိကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် တို့သည် လက်ဆောင် ပစ္စည်းများအပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

Senior General Min Aung Hlaing calls on Thai PM General Prayuth Chan-o-Cha


Senior General Min Aung Hlaing holds talks with Thai Prime Minister General Prayuth Chan-o-Cha at the Thai government office.

The Senior General and the Thai Prime Minister pose for documentary photo together with officials from the two countries.

Nay Pyi Taw May 27

Commander-in-Chief of Defence Services Senior General Min Aung Hlaing, currently in Thailand on a goodwill visit, went to the Thai government office at 2 pm local standard time today and met Thai Prime Minister General Prayuth Chan-o-Cha.

The Senior General was accompanied by the Myanmar delegation members, Myanmar Ambassador to Thailand U Win Maung and Myanmar Military Attaché (Army Navy and Air) Brig-Gen Chit Swe. Present at the meeting together with the Thai Prime Minister were Chief of Defence Forces of the Royal Thai Armed Forces General Sommai Kaotira and senior military officers. 

The Thai Prime Minister said he heartily welcomed the Senior General on behalf of the Thai government, the Thai people and the former Thai military personnel. The Senior General said their cordial talks were indicative of the amicable friendship between the two countries. Thailand rendered assistance to Myanmar in its political transition. As the government has changed, the Tatmadaw is also conducting necessary reforms. In doing so, it has plans to provide accommodation for war veterans. Therefore, the Senior General said, he has planned to study  the development tasks being carried out by the Royal Thai Armed Forces. The Senior General expressed thanks to the Thai government for protecting both documented and undocumented Myanmar migrant workers within the framework of law, adding that he believes the government would continue protection of them.

The Thai Prime Minister said his country will cooperate with Myanmar in economic and social affairs. The Thai government will not intervene in Myanmar’s internal affairs. However, it will collaborate in the issues of internal peace, elimination of illegal trade, arms smuggling and narcotic drugs, investment, culture and tourism.

In his discussion, the Senior General said when it comes to the peace issue, Myanmar is trying to end internal armed conflicts. Smuggling out a country’s natural resources affects that country only, but illicit drug trafficking can affect all the regional countries. So, cooperation is necessary to ensure that the armed groups relying on such drug trafficking do not exist and wipe out the armed conflicts, said the Senior General.

The Thai Prime Minister expressed his willingness to cooperate in medical services and regional peace and stability. The issue of Myanmar workers will be dealt with in accord with the law. 

Regarding the two Myanmar citizens involved in the Koh Tao murder case, he said as it is concerned with the third country, (concerned authorities) have been let to studyand review the real situation.

After the discussion, the Senior General and the Thai Prime Minister exchanged souvenirs and posed for documentary photo together with the dignitaries in presence.

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda အား ဂါရ၀ပြု တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda အား ဂါရ၀ပြု တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda တို့ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်စဉ်

နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၂၆ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ၏ နေအိမ်သို့ သွားရောက်ပြီး ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda အား ဂါရဝပြု တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဥက္ကဋ္ဌ တို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင် များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger